လီဗာပူးအသင်းဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ဒန်နီရယ် စတားရစ်ခ်ျကို သက်တမ်းတိုး စာချုပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ကစားသမားဘက်ကလည်း လီဗာပူးအသင်းမှာသာ ဆက်နေလိုနေပါတယ်။

စပိန်ဘက်က သတင်းများမှာ အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ် နဲ့ ကော်စတာရီကာ ဂိုးသမား နာဗက်ကို ယူရို ၁၆ သန်း ( ပေါင် ၁၄ သန်း)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ ဖော်ပြနေကြပါတယ်။

တော့တင်ဟမ်စပါးအသင်းဟာ အဲရစ်ဆန်ကို အသင်းမှာ ဆက်ရှိနေစေဖို့ လက်ရှိ လစာ တစ်ပတ် လုပ်ခ ပေါင် ၇ သောင်းရဲ့ နှစ်ဆနဲ့ ကမ်းလှမ်းခဲ့သော်လည်း ကစားသမားဘက်က တုန့်ပြန်မှု မရသေးဘဲ ရှိနေပါတယ်။

အွန်နရီရဲ့ မိုနာကို အသင်းဘက်က စိတ်ဝင်စားနေသော်လည်း ခရစ္စတယ်ပဲလေ့စ်ကတော့ အသင်းခံစစ်မှူး မာမာဒူ ဆာခိုကို ထွက်ခွာခွင့်ပေးဖို့ ဆန္ဒ ရှိမနေပါဘူး။

အဲဗာတန်ကတော့ ဘာစီလိုနာရဲ့ တောက်ပတဲ့ လူငယ် တိုက်စစ်သမားသမား မဲလ်ကွန်ကို သွေးတိုးစမ်းတဲ့အနေနဲ့ ကမ်းလှမ်းဖို့ရာ စပိန်ကလပ်အသင်းဆီ စုံစမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တော့တင်ဟမ်က ဒီဇန်န၀ါရီမှာ ဟားလ်စီးတီးမှ အသက် ၂၂ အရွယ် လူငယ်တိုက်စစ်သမား ဂျာရော့ ဘိုဝမ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ စပါးက အင်္ဂလန်ဖွား/ ငယ်မွေးခြံပေါက် ကစားသမား တစ်ဦး ခေါ်ယူဖို့ အစီအစဉ်ရှိနေတဲ့အပြင် ဘိုဝမ်က ကိန်းနေရာ အရန်အဖြစ် ကစားနိုင်မယ့် လူငယ်တိုက်စစ်သမားလည်း ဖြစ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီဇန်န၀ါရီမှာ ကစားသမားသစ်ခေါ်ယူရန် လှုပ်ရှားမှု ပြုလုပ်ဖို့ အစီအစဉ် မရှိဘဲ ထိပ်သီး ဗဟိုခံစစ်မှူး တစ်ယောက်ကို ခေါ်ယူဖို့ အခွင့်အရေး ရရင်သာ ၀ယ်ယူဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

အာဆင်နယ်ကစားသမား အိုဇေးလ်ရဲ့ အေးဂျင့်က ၄င်းကစားသမားဟာ အသင်းပြောင်းဖို့ အစီအစဉ်မရှိဘဲ စာချုပ်ကုန်ဆုံးသည်အထိ အာဆင်နယ်မှာ ဆက်နေသွားဖို့သာ လိုလားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အိုဇေးလ်ကို ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်တို့က ခေါ်ယူလိုနေတယ်လို့ ဒီတလောမှာ သတင်းတွေ ထွက်ထားပါတယ်။

ချယ်ဆီးအသင်းက ဘုန်းမောက်တိုက်စစ်မှူး ကော်လန် ၀ီလ်ဆင်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်ပြီး ဇန်န၀ါရီမှာ ခံစစ်မှူး တစ်ယောက်လည်း ခေါ်ယူလိုနေပါတယ်။

ဘန်လေနဲ့ ကားဒစ်အသင်းတို့ဟာ ချန်ပီယံရှစ်ကလပ် ၀က်စ်ဘရွန်းမှ ကွင်းလယ်လူ မတ် ဖီးလစ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးစားနေကြပါတယ်။

လီဗာပူး လူငယ်တိုက်စစ်မှူး ဆိုလန်ကီကို အငှားခေါ်ယူမယ့် ကိစ္စက ပျက်ပြယ်ခဲ့ပြီ ဖြစ်ကြောင်း ပဲလေ့စ် မန်နေဂျာ ဟော့ဆန်က အတည်ပြု သွားပါတယ်။ ကစားသမားလေးဟာ ကြွက်သားဒဏ်ရာ ရှိနေတာကြောင့် ၄င်းရဲ့ ကြံ့ခိုင်မှုအခြေအနေအရ ပဲလေ့စ်ဘက်က နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဘုန်းမောက်က အင်္ဂလန်သား တိုက်စစ်မှူး ဒီဖိုးကို ဇန်န၀ါရီလထဲမှာ အသင်းကနေ ထွက်ခွာခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ၀ါရင့်တိုက်စစ်မှူးက ဒီရာသီမှာ ပရီးမီးယားလိဂ် လေးပွဲသာ လူစားဝင်ကစားခွင့် ရထားတာပါ။