မန်စီးတီးအသင်းရဲ့ ပင်နယ်တီ ပြစ်ဒဏ်ကို ပင်တိုင်တာဝန်ယူရသူက အဂွယ်ရို ဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်သမားနေရာမှာ ဂျီုဆုနဲ့ လူစားလဲခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ကို တာဝန်ယူသူ မရှင်းလင်းချိန်မှာ မားရက်စ်က တာဝန်ယူ ကန်သွင်းခဲ့တာပါ။ ဒါပေမယ့်လို့ ဂိုးဘားပေါ်က အတော်များများ ထောင်တက် လွဲချော်ခဲ့ပါတယ်။

မန်စီးတီးကစားသမား စတုန်းက အန်ဖီးကွင်းမှာ ဂိုးမပေးရဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပေမယ့် အသင်းက လီဗာပူးတိုက်စစ်ကို ရပ်တန့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မန်စီးတီးဟာ ဒီလိုလုပ်နိုင်တာအတွက် ဂုဏ်ယူရမှာဖြစ်ပြီး ဒါကပဲ အပေါင်းလက္ခဏာဆောင်ပါတယ်လို့ သူကဆိုတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို မန်စီးတီး၊ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ ရမှတ်တူတွေနဲ့ ဦးဆောင်ထားပါတယ်။ အမှတ်ပေးပွဲ 8 ပွဲ ကစားပြီးချိန်ထိ ရှူံးပွဲမရှိအသင်း သုံးသင်းထိရှိလာခဲ့တာ 2011-2012 နောက်ပိုင်း ဒီနှစ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

သရေရလဒ် ထွက်ပေါ်ခဲ့မှုနဲ့ ပက်သက်ပြီး လီဗာပူးခံစစ်မှာ ဂိုးမက်စ်၊ ဗန်ဒိုက်၊ လိုဗရန်နဲ့ အယ်လီဆန်တို့ဟာ ရင်ဆိုင်ကျော်ဖြတ်ရ ခက်ခဲလှတယ်လို့ ဂွာဒီယိုလာကဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားတွေ ရှိထားတဲ့ လီဗာပူးကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ဖို့က လွယ်ကူတာမဟုတ်ဘူးလို့ ပပ်က သတိပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ အိမ်ကွင်း 10 ပွဲဆက် ဂိုးမပေးရအောင် စွမ်းဆောင်နိုင်တဲ့ အသင်း နှစ်သင်းပဲရှိပါတယ်။ 1994 ခုနှစ်က ယူနိုက်တက်အသင်းနဲ့ 2018 ခုနှစ် လီဗာပူးအသင်းတို့ပဲဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကိတ်တာဟာ ကောင်းကောင်းကစားနိုင်ပေမယ့် မီလ်နာက လက်တလောမှာ တိုက်စစ်ပိုင်းအတွက် ကြိုတင်ခန့်မှန်းရခက်တဲ့ လုပ်ရှားမှုတွေနဲ့ ကူညီနိုင်နေလို့ လူစားလဲခဲ့ရတာက ဆုံးရှူံးမှုကြီးလိုဆိုပါတယ်။ ကလော့ပ်ကပဲ တီဗီကုမ္ပဏီတွေအနေနဲ့ ပွဲတွေပြနိုင်ဖို့ထက် ကစားသမားတွေဘက်ကိုလည်း ကြည့်ပေးသင့်တယ်လို့ ပွဲကြပ်လွန်းမှုကို ထောက်ပြသွားခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ဝိုက်နယ်ဒမ်နဲ့တွဲပြီး မန်စီးတီးတိုက်စစ်ကို အကောင်းဆုံး တုန့်ပြန်ရင်ဆိုင်နိုင်ခဲ့တယ်လို့ အသင်းပရိသတ်တွေက ထောက်ခံပြောဆိုပါတယ်။ အိမ်ကွင်းမှာ ဂိုးမရတဲ့နောက် တိုက်စစ်အတွက် ကွင်းလယ်ရဲ့ထောက်ပံ့မှုကို မေးခွန်းထုတ်မှုတွေ ထွက်လာခဲ့ပေမယ့် ခံစစ်ပိုင်း ကာကွယ်မှုမှာတော့ ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ်တို့ ကောင်းမွန်ခဲ့တယ်လို့ တုန့်ပြန်နေကြတာပါ။

အူနိုင်းအမ်မရီလက်ထက် လိဂ်ပွဲ 6 ပွဲဆက်အနိုင်ကို ရရှိခဲ့တဲ့နောက် အာဆင်နယ်အသင်းကစားသမား အီဝိုဘီက အသင်းဟာ အမှတ်ပေးဇယားကို စိန်ခေါ်နိုင်စွမ်း ရှိပြီလို့ ကြုံးဝါးလိုက်ပါတယ်။ အမ်မရီဟာ မန်စီးတီးနဲ့ ချယ်ဆီးတို့ကို ဆက်တိုက် အရေးနိမ့်ခဲ့တဲ့နောက်ပိုင်း ရာနှုန်းပြည့်နိုင်ပွဲကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေက ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ တော်ရီရာရဲ့ ပုံစံကောင်းတွေကို ချီးကျူးမှုတွေ ပြုလုပ်နေပါတယ်။ အာဆင်နယ်ကွင်းလယ်မှာ ဘောလုံးလုယူမှုအပိုင်းနဲ့ ပြိုင်ဘက်တိုက်စစ် ဖြတ်တောက်မှုအပိုင်းတွေမှာ တာဝန်ယူနေတဲ့ တော်ရီရာရဲ့ အစွမ်းပြနိုင်မှုကြောင့် အာဆင်နယ်တိုက်စစ်ဟာ စိတ်ကြိုက်ကစားခွင့်တွေ ရရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်လူငယ်ကစားသမား Folarin Balogun ဟာ ယူ-18 အသင်းပွဲ 6 ပွဲမှာ သွင်းဂိုး 6 ဂိုးအတွက် (ကိုယ်တိုင် 5 ဂိုး၊ 1 ကြိမ် ဂိုးထောက်ပံ့) ပါဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ် ယူ-18 အသင်းဟာ လိဂ်ပွဲ 7 ပွဲမှာ 6 ပွဲအထိ အနိုင်ထားတာဖြစ်ပါတယ်။

တော်တင်ဟမ်၊ ပီအက်ဂျီ၊ ချဲလ်ဆီး၊ နာပိုလီအသင်းတွေကို ဆက်တိုက်ယှဉ်ပြိုင်ထားရတဲ့ လီဗာပူးဟာ မန်စီးတီးနဲ့ပွဲမှာ အင်ပြည့်အားပြည့် မကစားနိုင်ဘူးလို့ နဗီလ်းက ထောက်ပြပါတယ်။ ယာဂင်ကလော့ပ်ရဲ့ ကစားဟန်မှာ ရာနှုန်း အနည်းငယ်လောက် ပြည့်ပြည့်ဝဝ မကစားနိုင်ရင်တောင် ကွားခြားမှုကြီးရှိလို့ လီဗာပူးဟာ ရလဒ်တွေမှာ မပြတ်သားတာဖြစ်တယ်လို့ သူကဆိုတယ်။

ကီပါတစ်ယောက် ချယ်ဆီးအသင်းနဲ့ လက်မှတ်ရေးထိုးပြီးနောက်မှာ မန်ချက်စတာယူနိုက်တက် ဂိုးသမားဒီဂီယာ ဒေးဗစ်ဒီဂီယာက ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ စပိန်အသင်းဖော် ကီပါကို အကြံဥာဏ်များ ပေးခဲ့တယ်လို့ သိရပါတယ်။

ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဘာကလေ နောက်တစ်ယောက်ကို တွေ့လိုက်ရသလိုပဲ ထင်မိကြောင်း ဂရေမီဆောင်းနက်က ချီးကျူးစကားဆိုလိုက်ပါတယ်။ ဘာကလေမှာ ဘောလုံးသမား တစ်ယောက် ရှိရမယ့် အရည်အချင်းတွေ ရှိပေမယ့် ဦးနှောက်နဲ့ မကစားတတ်ဘူးလို့ ထင်ခဲ့မိကာ အဲဗာတန်မှာသာဆို မလုပ်နိုင်မယ့်အနေထားမျိုးနဲ့ ယနေ့ပွဲမှာ ချယ်ဆီးအသင်းနဲ့ ဘာကလေကစားသွားခဲ့ကြောင်း ဆောင်းနက်က ဆိုပါတယ်။

ဆာရီဟာ ပထမဆုံး ပရီးမီးယားလိဂ် ၈ပွဲ ရှုံးပွဲ မရှိတဲ့ (၆) ယောက်မြောက် မန်နေဂျာ ဖြစ်လာခဲ့ပြီး မော်ရင်ညိုနဲ့ စကိုလာရီတို့ နောက်ပိုင်း ထို မှတ်တမ်းကောင်း ယူပေးတဲ့ တတိယမြောက် ချယ်ဆီးအသင်း မန်နေဂျာလည်း ဖြစ်ပါတယ်။

ဖာဒန်နန်က ယူနိုက်တက်ခံစစ်မှူးဘိုင်လီဟာ အသင်းမှာ နေရာပြန်ရဖို့ မရှိတော့ဘူးလို့ ထင်မြင်ချက်ပေးပါတယ်။ နယူးကာဆယ်နဲ့ပွဲ ပထမပိုင်း 10 မိနစ်လောက်မှာတင် 2 ဂိုးပေးရတဲ့နောက် သိပ်မကြာခင်မှာပဲ ဘိုင်လီဟာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက် ဘယ်နောက်ခံလူ လုရှောဟာ စပိန်၊ ခရိုအေးရှားတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်အသင်းပွဲတွေကို လွဲချော်ပါမယ်။ ဒဏ်ရာပြသနာကြောင့် မပါနိုင်တော့တာဖြစ်ပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စကိုင်းစပေါ့မှ ပေါလ်မာဆန်က ယူနိုက်တက်မန်နေဂျာရာထူးအတွက် အာဆင်ဝင်းဂါးနဲ့ အစားထိုးမယ်ဆိုတာက သင့်တော်တဲ့ ရွေးချယ်မှုပါလို့ ထောက်ခံပြောဆိုပါတယ်။ ယူနိုက်တက် ဘုတ်အဖွဲ့ဝင်တွေက မော်ရင်ညိုကို ဆက်လက်ထောက်ခံမှု ပေးမှာဖြစ်ပေမယ့် မန်နေဂျာသစ်ကို ရှာဖွေနေမှုကလည်း ဆက်ရှိနေမှာပါ။