အီသီးဟတ်မှာ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးက အဂွယ်ရို၊ ဆာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ လီဗာပူးကို အနိုင်ရခဲ့ပါတယ်။ 2018 ဇန်နဝါရီမှာတုန်းက လီဗာပူးဟာ မန်စီးတီးရဲ့ ရှူံးပွဲမရှိ စံချိန်ကို ချိုးဖျက်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ချန်ပီယံတွေ လက်စားပြန်ချေခဲ့ပါပြီ။

အမှတ်ပေးပွဲ 21 ပွဲ ကစားခဲ့ပြီးချိန်မှာ မန်စီးတီးနဲ့ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးကြားမှာ ရမှတ်အားဖြင့် 4 မှတ်ပဲ ကွာဟတော့ပြီး တတိယနေရာမှ စပါးနဲ့ 6 မှတ်ပဲ ကွာဟပါတော့တယ်။ ဒီရာသီ ချန်ပီယံပြိုင်ပွဲကတော့ အမြင့်ဆုံးအနေအထားကို ရောက်လာခဲ့ပါပြီ။

မန်စီးတီးအသင်းဟာ ၀ါရင့် ကွင်းလယ်သမား ဖာနန်ဒင်ဟိုနေရာ ဆက်ခံမယ့် ကစားသမား လိုအပ်နေသော်လည်း ဒီဇန်န၀ါရီမှာတော့ ထိုနေရာအတွက် ကစားသမားခေါ်ယူမှု အလောတကြီး ပြုလုပ်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ မန်စီးတီးဟာ အေဂျက်မှာ ဒီဂျောင်၊ လိုင်ယွန်မှ Houssem Aouar နဲ့ Tanguy Ndombele တို့ကို စိတ်ဝင်စားမှု ရှိပေမယ့် ဒီလထဲ ကမ်းလှမ်းမှု ပြုလုပ်မှာ မဟုတ်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာန MEN က သုံးသပ်ထားပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ပထမဆုံးရှူံးပွဲအဖြစ် မန်စီးတီးကို အဝေးကွင်းမှာ 2-1 နဲ့ အရေးနိမ့်ခဲ့ပါတယ်။ လီဗာပူးအတွက် ခြေပဂိုးကို ဖာမင်နိုက သွင်းယူပေးခဲ့တာပါ။ လီဗာပူးဟာ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ခံစစ်က 2 ဂိုး ပေးခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ မန်စီးတီးနဲ့ပွဲမှာ ဘောလုံးထိချက် 32 ကြိမ်ပဲ ရခဲ့ပါတယ်။ အဆိုပါပွဲအတွက် ပွဲထွက်လာတဲ့ ကစားသမားတွေထဲမှာ အနည်းဆုံးဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ပွဲထွက်ကစားခွင့် နည်းပါးနေတဲ့ ခံစစ်မှူး ကလိုင်းကို ကားဒစ်ဖ်အသင်းက ချိန်ရွယ်နေတဲ့ အချိန်မှာ ပြိုင်ဘက် ဘုန်းမောက်အသင်းကလည်း ကလိုင်းကို ခေါ်ဖို့ ကြားဖြတ် ကြိုးစားလာပါတယ်။ လက်ရှိ ကားဒစ်ဖ်အသင်း မန်နေဂျာ ၀ါးနော့ကတော့ ကလိုင်းနဲ့ ပဲလေ့စ်မှာ ဆုံဖူးတဲ့ ဆရာဟောင်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူနစ်အသင်းဟာ ချယ်ဆီးအသင်း တောင်ပံကစားသမား အိုဒွိုင်းအတွက် ပေါင် သန်း ၃၀ နဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်း ခဲ့ပါတယ်။ ချယ်ဆီးအသင်းဘက်ကတော့ သူတို့ရဲ့ အလားအလာရှိ လူငယ်ကစားသမား အိုဒွိုင်းအတွက် ပေါင် သန်း ၄၀ ထိ အလိုရှိနေတာပါ။

အစွယ်မဲ့နေတဲ့ ချယ်ဆီးအသင်းတိုက်စစ်အတွက် ဆာရီက တိုက်စစ်မှူးသစ် အသည်းအသန် အလို ရှိနေသ်ာလည်း သတင်းထွက်နေတဲ့ ဆာရီရဲ့ တပည့်ဟောင်း ဟီဂူအင်ကို ခေါ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ ဟီဂူအင်ဟာ အငှားကစားနေတဲ့ အေစီမီလန်အသင်းမှာပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း ၄င်းရဲ့ မိခင်ကလပ် ဂျူဗင်တပ်အသင်း အားကစားဒါရိုက်တာက အတည်ပြု ပြောကြားလိုက်ပါတယ်။

ချယ်ဆီးကွင်းလယ်ကစားသမား လော့ဖ်တပ်ချိက ချယ်ဆီးအသင်းအနေနဲ့ ခံစစ်ပိတ်ဆို့ ကစားတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့ အသားတကျ ရှိနေရတော့မယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ‘ဒီကိုလာတဲ့ အသင်းတွေက နောက်မှာပဲ ထိုင်ပြီး ပိတ်ဆို့ကစားတယ်.. သူတို့ ပိတ်ကစားလွန်းလို့ ဖြိုခွဲရတာ အလွန်ခက်ခဲပါတယ်။’ လို့ ၄င်းက ငြီးတွားလိုက်ပါတယ်။

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ် ဂိုးသမား နာဗက်ကို ကမ်းလှမ်းမှု ပြုလုပ်ထားတယ်ဆိုတဲ့ သတင်းများကို အာဆင်နယ်နည်းပြ အမ်မရီက ပယ်ချလိုက်ပြီး ၄င်းဟာ အသင်းမှာ ရှိတဲ့ ဂိုးသမားတွေ အခြေအနေကို ကျေနပ် ပျော်ရွှင်နေပါတယ်လို့ ပြောကြားလိုက်ပါတယ်။ အစောပိုင်း သတင်းများမှာ အာဆင်နယ်က နာဗက်အတွက် ပေါင် ၁၄ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ တွေ့ခဲ့ရတာပါ။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ လူငယ်တိုက်စစ်သမား မယ်လ်ကွန်အတွက် ပရီးမီးယားလိဂ် ကလပ် အဲဗာတန်မှ ၀င်ရောက်ချိတ်ဆက်မှုတွေ ရှိနေတဲ့အပြင် တရုတ်ဘက်မှ ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်ဟာ အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးကို တစ်နှစ် ယူရို ၆သန်းခွဲ တန်ကြေးရှိ ၅နှစ်သက်တမ်းရှိ စာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ ကစားသမားနဲ့ ဆွေးနွေးမှုများ အပြီးမှာ ကောင်းမွန်တဲ့ အလားအလာရှိပြီး ရမ်ဆေးကို ခေါ်ယူနိုင်မယ်လို့ ဂျူဗင်တပ်ဘက်က ယုံကြည်မှု ရှိနေပါတယ်။

နယူးကာဆယ်နဲ့ပွဲ မတိုင်ခင်မှာ နည်းပြဆိုးလ်ရှားက အသင့် ပြင်ထားဖို့ ကြိုတင်မှာကြားခဲ့ကြောင်း တိုက်စစ်မှူး လူကာကူက ပြန်လည် ပြောပြခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် လူကာကူဟာ ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ နယူးကာဆယ်ပွဲမှာ ပေါ့ဘာကို ရှေဗီရဲ့ ဖြတ်ထုတ်မှုအပေါ် အက်ဖ်အေက နောက်ဆက်တွဲ အပြစ်ပေးမှုများ ပြုလုပ်မှာ မဟုတ်ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်ရပ်ပြီးတည်းက ဒိုင်လူကြီးက ပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့တာ ဖြစ်လို့ နောက်ထပ် စိစစ်တော့မှာ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်း နည်းပြအပြောင်းအလဲ ပြုလုပ်ပြီးနောက် နိုင်ပွဲတွေ ဆက်နေခဲ့ပေမယ့် ယူနိုက်တက် ဂိုးသမား ဒီဂီယာက ဂိုးတွေ ပေးနေရပြီး clean sheet မယူနိုင်တဲ့အတွက် စိတ်ပျက် ဒေါသထွက်နေခဲ့တယ်လို့ အသင်းဖော် ဟာရဲရားက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ ပွဲမှာတော့ ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ယူနိုင်ခဲ့ပြီး ယူနိုက်တက်လိုအပ်နေတဲ့ ပေးဂိုးမရှိ နိုင်ပွဲ ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

စပါးအသင်း မန်နေဂျာ ပိုချက်တီနိုက က အဲရစ်ဆန်ကို အသင်းနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ တိုက်တွန်းသွားပါတယ်။ ‘ခရစ္စတီယန် (အဲရစ်ဆန်)က အသင်းအတွက် အရေးကြီးပါတယ်.. သူသာ အသင်းမှာ ဆက်နေဖို့ သဘောတူမယ်ဆိုရင် သိပ်ကောင်းမှာပါ။’ လို့ ပိုချက်တီနိုက ဆိုပါတယ်။

ခြေသလုံး ဒဏ်ရာ ရှိနေခဲ့တဲ့ စပါးကစားသမား လာမီလာက အသင်း လေ့ကျင့်ရေးမှာ မနေ့က ပါဝင်နေခဲ့ပေမယ့်လည်း အဖျား ရှိနေတဲ့အတွက် ဒီအပတ် ထရမ်းမီးယား ရိုဗာနဲ့ ပွဲစဉ် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

အခြားသော ဒဏ်ရာရ စပါး ကစားသမားတွေထဲမှာ အူအတက် ခွဲစိတ်မှုခံယူထားရတဲ့ အဲရစ် ဒိုင်ယာနဲ့ ဒူးဒဏ်ရာ ရှိထားခဲ့တဲ့ ၀မ်ယာမာတို့လည်း ပြန်လည် ထူထောင်ရေးအတွက် လေ့ကျင့်ရေးများ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။