မန်ယူအသင်းရဲ့ ဂန္တဝင် တောင်ပံကစားသမားတစ်ဦးဖြစ်သူ ရိုင်ယန်ဂစ်က အသင်းဟာ ဝေးလ်တောင်ပံကစားသမား ဒန်နီရယ်လ်ဂျိမ်းစ်ကို ခပ်ပေါပေါဈေးနဲ့ သက်သက်သာသာ ခေါ်ယူနိုင်ခဲ့တာပါလို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ ဒန်နီရယ်လ်ဂျိမ်းစ်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်။ ဒါဟာ ဒန်နီရယ်လ်ဂျိမ်းစ်လို ကစားသမားတစ်ယောက်အတွက် တကယ်တန်တဲ့ဈေးပဲလို့ ရိုင်ယန်ဂစ်က ဆိုပါတယ်။ ဝေးလ်တောင်ပံကစားသမားလေးဟာ ဂစ်ကိုင်တွယ်တဲ့ ဝေလ်းအသင်းမှာလည်း အဓိက ကစားခွင့် ရနေသူဖြစ်တယ်။

ဂစ်ကပဲ “ ဆိုးရှားက ကျနော်ကို ဂျိမ်းစ်အကြောင်း လာမေးခဲ့တယ်။ ကျနော်ကလည်း ဒီကောင်လေးဟာ တကယ်အလားအလာရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။ သိပ်မြန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကြိုးစားလိုစိတ် အပြည့်ရှိတယ်။ အသင်းဖော်တွေနဲ့လည်း ဆက်ဆံရေးကောင်း တည်ဆောက်နိုင်သူပါ။

သူဟာ ကလပ်အသင်းတွေမှာ ပိုင်ဆိုင်သင့်တဲ့ ကစားသမားတစ်ယောက်ပါပဲ။ သူ့အနေနဲ့ သင်ယူစရာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အခြားသော တိုက်စစ်ကစားသမားတွေလိုပဲ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ၊ လျင်မြန်တဲ့တိုက်စစ်ဆင်ပုံတွေနဲ့ ယူနိုက်တက်မှာ အောင်မြင်မှုတွေရယူဦးမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။

ချန်ပီယံရှစ်မှာ ခံစစ်သမားတွေကို ဒုက္ခပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ သူဘယ်လောက်လုပ်ပြနိုင်မလဲ စောင့်ကြည့်ရပါမယ်။ သူ့လိုကစားသမားတစ်ယောက်ကို ဒီဈေးလောက်နဲ့ခေါ်ယူနိုင်ခဲ့တာ တကယ်ကိုကံကောင်းပါတယ် ” လို့ ရိုင်ယန်ဂစ်က ပြောကြားခဲ့ပါတယ်။