ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆု ဆန်ကာတင် စာရင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ စုစုပေါင်း ကစားသမား (၇)ယောက်အထိ ပါဝင်လာခဲ့ပြီး ဒီဇင်ဘာလအတွက် ဘယ်ကစားသမားက ဆွတ်ခူးသွားမလဲဆိုတာ စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပါတယ်။

ဝက်စ်ဟမ်းကွင်းလယ်လူ ဖိလစ်ပီအန်ဒါဆန်၊ ချယ်လ်ဆီးက အီဒင်ဟာဇက်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ဖို့ဒ်၊ လီဗာပူးလ်တိုက်စစ်မှူး ဆာလာ၊ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင် နဲ့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်တို့ဟာ ဆန်ခါတင်ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

အန်ဒါဆန်ကတော့ ၀က်စ်ဟမ်းအတွက် ဒီဇင်ဘာလအတွင်းမှာ သွင်းဂိုး (၄)ဂိုးသွင်းယူပေးပေးခဲ့ပြီး အခွင့်အရေးဖန်တီးမှု (၁၃)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဟာဇက်ကလည်း ချယ်လ်ဆီးအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ သွင်းဂိုး (၁၀)ဂိုးမှာ ဟာဇက်က (၈)ဂိုးအထိ ပါဝင်ပတ်သက်နေခဲ့ကာ (၃)ဂိုးသွင်းပြီး (၅)ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင်တို့ကတော့ စပါးအသင်းရဲ့ တိုက်စစ်မှာ အထူးခြေစွမ်းပြကစားနိုင်ခဲ့ပြီး နှစ်ဦးပေါင်းသွင်းဂိုးက (၁၂)ဂိုးအထိ ရှိနေခဲ့ပါတယ်။ သူတို့နှစ်ဦးပေါင်း ဂိုးဖန်တီးမှုကလည်း (၅)ကြိမ်အထိ ရှိနေခဲ့ပါတယ်။ ဟယ်ရီကိန်းက (၆)ဂိုးသွင်းကာ (၂)ကြိမ်ဖန်တီးပေးနိုင်ခဲ့ပြီး ဆွန်ဟောင်မင်ကလည်း (၆)ဂိုးသွင်းကာ (၃)ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

မားကပ်ရက်ဖို့ဒ်ကတော့ ဆိုးလ်ရှားရဲ့ လက်အောက်မှာ သူ့ရဲ့ ခြေစွမ်းထက်မြက်မှုကို ပြသနိုင်ခဲ့ပါတယ်။ အသင်းအတွက် သွင်းဂိုး (၃)ဂိုးအထိ ရက်ဖို့ဒ်က သွင်းယူပေးခဲ့ကာ အသင်းဖော်တွေအတွက် (၅)ကြိမ်အထိ ဂိုးဖန်တီးပေးနိုင်ခဲ့ကာ ယူနိုက်တက်ကို (၄)့ပွဲဆက်တိုက် နိုင်ပွဲရရှိစေခဲ့မှုမှာ အဓိကကျတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ဆာလာ နဲ့ ဗန်ဒိုက်တို့ကလည်း လီဗာပူးလ်အသင်း ဒီရာသီမှာ ဆုဖလားမျှော်လင့်ချက်အတွက် အဓိကကစားသမားတွေဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာ ထူးရှယ်ခြေစွမ်းတွေ ပြသခဲ့ကြပါတယ်။ ဆာလာက လီဗာပူးလ်အတွက် သွင်းဂိုး (၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ (၄)ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ အသင်းနောက်တန်းမှာ အဓိကနောက်ခံလူအဖြစ် ပါဝင်နေခဲ့ပြီး စုစုပေါင်း (၇)ပွဲမှာ ပေးဂိုး (၃)ဂိုးသာ ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ပိုချက်တီနို ၊ ယာဂင်ကလော့ပ်၊ ဆာရီ၊ ပယ်လီဂရီနီ နဲ့ နူနိုဆန်းတို့စ်တို့ ပါဝင်နေခဲ့ကြပါတယ်။ လီဗာပူးလ်ဟာ ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ ပွဲအားလုံးကို အနိုင်ရခဲ့လို့ ယာဂင်ကလော့ပ်ဟာ တလတာအကောင်းဆုံးနည်းပြဆုကို ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ အကောင်းဆုံးကစားသမားဆု နဲ့ အကောင်းဆုံးနည်းပြဆုကိုတော့ ဇန်န၀ါရီလ (၁၁)ရက်နေ့မှာ ထုတ်ပြန်ကြေငြာသွားမယ်လို့ သိရပါတယ်။