ရက်ဒင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဆိုးလ်ရှားလက်ထက် ဆန်းချက် ပထမဆုံး ပွဲထွက်ကစားခွင့်ရတဲ့ ပွဲ ဖြစ်ခဲ့ပေမယ့်လည်း ပွဲချိန်အတွင်း တံကောက်ကြော ဒဏ်ရာ ရသွားပြန်ကာ ၆၄ မိနစ်မှာပဲ ရက်ဖို့နဲ့ လူစားလဲခဲ့ရပါတယ်။ ပွဲအပြီးမှာ ဆိုးလ်ရှားက ဆန်းချက်ဟာ သူ့အခြေအနေကို သိတာလည်း လာပြောခဲ့ပြီး နောက်တစ်ပတ်အကုန် စပါးနဲ့ပွဲ အမှီ ပြန်ကောင်းလာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ရက်ဒင်းကို ဂိုးမပေးရဘဲ ၂ဂိုး ဂိုးမရှိ နိုင်တဲ့ပွဲမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားဆုကို ဂိုးသမား ဆာဂျီယို ရိုမီယိုက မဲပေးမှု ၄၁% နဲ့ ရရှိသွားပါတယ်။

ယူနိုက်တက်ဟာ ကူလီဘိုင်လေကို ဒီလထဲမှာ နာပိုလီက ထွက်ခွာခွင့် မပြုခဲ့ရင် လာမယ့်နွေမှာ ခေါ်ယူဖို့ ပြန်လည်ကြိုးစားဖို့ ရည်ရွယ်နေပါတယ်။ ဆီနီဂေါသား ဗဟိုခံစစ်မှူးဟာ မော်ရင်ညို ရှိစဉ်တည်းက ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမား ဖြစ်ပြီး ယခုချိန်ထိလည်း ယူနိုက်တက် အကြီးအကဲတွေက ၄င်းကို ခေါ်ယူရန် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ နော့တင်ဟမ်ဖောရက်စ်အသင်းကို ၂ဂိုး သွင်းပြီး အက်ဖ်အေဖလား နောက်တစ်ဆင့်ဆီ တက်လှမ်းသွားပါပြီ။ ချယ်ဆီးအတွက် ဂိုးတွေကို ဝေဖန်မှုများ ခံနေရတဲ့ တိုက်စစ်မှူး မိုရာတာက ပွဲချိန် ၄၉ မိနစ်နဲ့ ၅၉ မိနစ်တို့မှာ နှစ်ဂိုးလုံး သွင်းယူပေးခဲ့ပါတယ်။ ထိုပွဲစဉ်အတွက် အသင်းခေါင်းဆောင် အဖြစ် ဖာဘရီဂတ်စ်က တာဝန်ယူသွားပြီး နောက်တစ်ပတ်မှာ မိုနာကိုသို့ ပြောင်းရွှေ့မယ့် ဖာဘရီဂတ်စ်က ချယ်ဆီးနဲ့ နောက်ဆုံးပွဲ အဖြစ် နှုတ်ဆက်သွားခဲ့ပါတယ်။

ချယ်ဆီးလက်ထောက်နည်းပြ ဇိုလာက အသင်း တိုက်စစ်မှာ ရှိနေတဲ့ တိုက်စစ်မှူး မိုရာတာ အနေနဲ့ ကိုယ့်နေရာအတွက် ကိုယ် ၀န်ထုတ် ၀န်ပိုး မဖြစ်ဘဲ တာဝန်ယူမှု ရှိရမယ်လို့ ပြောကြားလိုက်ပါတယ်။ “လူတွေက ချယ်ဆီး ကျောနံပါတ် ၉ ၀တ် တိုက်စစ်မှူးဆီက အများကြီး မျှော်လင့်ကြမှာ ဖြစ်တယ်။ ဂိုးတွေ အများကြီး၊ စွမ်းဆောင်ရည်ကောင်းတွေ အများကြီး.. ဒါက ပုံမှန် အခြေအနေ ဖြစ်ပြီး မိုရာတာ အနေနဲ့ ဒီအနေအထားကို အကျွမ်းတ၀င် ဖြစ်ရမယ်။” လို့ ဇိုလာက ဆိုပါတယ်။

ချယ်ဆီးအသင်းမှာ ကစားခွင့် သိပ်မရဖြစ်နေတဲ့ ခံစစ်မှူး ဇက်ပါကော်စတာ ကို လာဇီယိုအသင်းက ဒီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ လာဇီယိုက ရာသီကုန်ထိ ဇက်ပါကော်စတာ ကို အငှားခေါ်ယူထားလိုပြီး အငှား ပြီးဆုံးချိန်မှာ ယူရို ၁၂ သန်း ၀န်းကျင်နဲ့ အပြီးသတ် ခေါ်ယူခွင့် ရဖို့ မျှော်လင့်နေတာပါ။

ဘလက်ပူးကွင်းမှာ သွားရောက်ယှဉ်ပြိုင်တဲ့ အက်ဖ်အေပွဲမှာ အာဆင်နယ်အသင်းက 3-0 နဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်အတွက် သွင်းဂိုးတွေကိုတော့ တိုက်စစ်သမား ဝဲလ်လော့ခ်က ၂ ဂိုးနဲ့ အီဝိုဘီက ၁ ဂိုး သွင်းယူပါတယ်။

အာဆင်နယ်နဲ့ ဘလက်ပူးတို့ပွဲစဉ်အကြို ပြင်ဆင်မှုမှာ အာဆင်နယ်အသင်း ဘတ်စ်ပေါ်သို့ ဘလက်ပူးပရိသတ်တစ်ယောက် တွယ်တက်ပြီး နှောင့်ယှက်ခဲ့တဲ့အတွက် နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဘလက်ပူးပရိသတ်များက ၄င်းတို့ အသင်းပိုင်ရှင်အပေါ် ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်နေတာ ဖြစ်ပြီး လူထု အာရုံစိုက်မှု ရရှိစေဖို့ ထိုသို့ ကားပေါ်တက်ပြီး နှောင့်ယှက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒန်းနစ် ဆွာရက်စ်ကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုများ စတင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားရဲ့ လက်ရှိစာချုပ်က ၂၀၂၀ ထိ ကျန်ရှိသေးတာ ဖြစ်ပြီး ၄င်းကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ခန့် အာဆင်နယ်တို့ သုံးရဖွယ် ရှိပါတယ်။

စပါးကွင်းလယ်ကစားသမား ၀မ်ယာမာ ရိုးမားသို့ ပြောင်းရွှေ့နိုင်ချေနဲ့ ပတ်သတ်ပြီး ကစားသမား အေးဂျင့်ဖြစ်သူက ဇန်န၀ါရီလထဲမှာတော့ ၀မ်ယာမာ စပါးကနေ ထွက်ခွာဖို့ မရှိကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် နွေအပြောင်းအရွှေ့တော့ တံခါးဖွင့်ထားကြောင်း ၄င်းက ဆိုပါတယ်။

အေစီမီလန်ဟာ စပါးနဲ့ ချယ်ဆီးအသင်းတို့ ပစ်မှတ်ထားနေတဲ့ အသက် ၂၂ နှစ်အရွယ် အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမား Franck Kessie ကို ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ပါက လက်ခံစဉ်းစားဖို့ ရှိနေကြာင်း အီတလီသတင်းများမှာ ပါရှိလာပါတယ်။

တရုတ်စူပါလိဂ်ကလပ် Beijing Sinobo Guoan အသင်းဟာ တော့တင်ဟမ်ရဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း စကိုင်းစပေါ့မှာ ဖော်ပြထားပါတယ်။

လီဗာပူးမှ ဘုန်းမောက်သို့ ရောက်ရှိသွားပြီ ဖြစ်တဲ့ တိုက်စစ်မှူး ဆိုလန်ကီဟာ အသင်းပြောင်းလာစဉ်တည်းက တံကောက်ကြောဒဏ်ရာ ရှိနေပြီး ဒီလကုန်ထိ ကစားနိုင်ဖွယ် မရှိကြောင်း ဘုန်းမောက်နည်းပြ ဟိုဝီက အတည်ပြု ပြောကြားလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဖေဖော်ဝါရီမှသာ ဘုန်းမောက်အတွက် ပါဝင်ကစားနိုင်မှာပါ။

လီဗာပူးအသင်းဟာ အင်္ဂလန်သား ကွင်းလယ်ကစားသမား အဒမ် လယ်လာနာကို ဒီအပြောင်းအရွှေ့မှာ အငှားနဲ့ ထွက်ခွာခွင့် ပြုမှာ မဟုတ်ကြောင်း စကိုင်းမှာ ဖော်ပြလာပါတယ်။ ဒဏ်ရာတွေကနေ ပြန်လာနိုင်ခဲ့ပြီ ဖြစ်တဲ့ လယ်လာနာကို ဖီနာဘာချီအသင်းက စိတ်ဝင်စားနေတာပါ။

လီဗာပူးအသင်းဟာ ကလော့ပ်ရောက်ရှိစဉ်တည်းက စီးတီးကို နိုင်ပွဲတွေ ရှိခဲ့သော်လည်း ယခုကဲ့သို့ မန်စီးတီးနဲ့ အဆင့်တူ ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးဘူးလို့ ကလော့ပ်က ဆိုလိုက်ပါတယ်။ ယခင်ပွဲတွေမှာ မန်စီးတီးအသင်းက ပိုကောင်းခဲ့ပြီး လီဗာပူးက ဂိုးတွေသွင်းကာ ခံစစ်ကို ထိန်းနိုင်ခဲ့လို့သာ နိုင်ပွဲတွေရခဲ့ကြောင်းနဲ့ ထိုစဉ်က ဘောလုံးပိုင်ဆိုင်မှုဟာ ၆၀-၄၀ ရှိခဲ့ပြီး နောက်ဆုံးပွဲမှာတော့ မန်စီးတီးနဲ့ မျှချေ ၅၀-၅၀ အနေအထားထိ ယှဉ်ကစားနိုင်ခဲ့ပြီဖြစ်ကြောင်း ကလော့ပ်က ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ လူငယ်ကစားသမား ဘရာဟင်ဒိုင်ယာ့ဇ်ကို ရီးရဲလ်မက်ဒရစ်သို့ ရောင်းချတဲ့ သဘောတူစာချုပ်မှာ ယူနိုက်တက်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့ အချက် ထည့်သွင်းထားတယ်လို့ သိရပါတယ်။ စီးတီးဟာ ရီးရဲလ်က ဒိုင်ယာ့ဇ်ကို အခြားကလပ်အသင်းသို့ ထပ်မံ ရောင်းချပါက ပြောင်းရွှေ့ကြေးရဲ့ ၁၅% ကို ရရှိမှာ ဖြစ်ပြီး တကယ်လို့သာ စီးတီးရဲ့ မြို့ခံ ပြိုင်ဘက် မန်ယူနိုက်တက်ဆီ ရောင်းချပါက ၄၀% ထိ ရီးရဲလ်က ပေးချေရမှာ ဖြစ်ပါတယ်။

မန်စီးတီး ခံစစ်မှူး ဂျွန်စတုန်းရဲ့ စွမ်းဆောင်ရည်ဟာ လီဗာပူးနဲ့ပွဲမှာ ထူးချွန်ပြောင်မြောက်ခဲ့ပြီး အခြားသော အားကစားသုံးသပ်သူများက ထည့်သွင်း မပြောခဲ့ကြပေမယ့် ၀က်ဖို့ တိုက်စစ်မှူး Troy Deeney ကတော့ စတုန်းကို တချိန်က ယူနိုက်တက် ခံစစ်မှူးကြီး ရီယို ဖာဒီနန်နဲ့ ခိုင်းနှိုင်းကာ ချီးကျူးစကားဆိုသွားပါတယ်။ ဒါ့အပြင် ၄င်းအတွက် ဗန်ဒိုက်အပြင် အခက်ခဲဆုံးသော ပြိုင်ဘက်က စတုန်းဖြစ်တယ်လို့ ၀န်ခံပြောဆိုသွားပါတယ်။

မန်စီးတီးအသင်းဟာ ကိုလံဘီယာသား ကွင်းလယ်ကစားသမား Juan Fernando Quintero နဲ့ ချိတ်ဆက် ပြောဆိုမှုများ ရှိထားကြောင်း ကစားသမားကိုယ်တိုင် အတည်ပြုပြောကြားလိုက်ပါတယ်။ ကွန်တီရိုဟာ လက်ရှိအချိန်မှာ ပေါ်တိုကနေ ရေးဗားပလိတ်အသင်းမှာ အငှား သွားရောက် ကစားနေပါတယ်။