မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ်တိုညာနောက်ခံလူ အီဒါမီလီတာအိုကို ခေါ်ယူနိုင်ဖို့အတွက် လစ်ဗာပူးလ်၊ရီးရဲလ်မက်ဒရစ် အစရှိတဲ့ အသင်းတွေနဲ့ အပြိုင် ကမ်းလှမ်းသွားရဖို့ ရှိနေတယ်လို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၀)နှစ်အရွယ် အဆိုပါ ဘရာဇီးသားလေးရဲ့ စာချုပ်ပါလျော်ကြေးဟာ ပေါင် (၄၂.၅) သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ မီလီတာအိုဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဆော်ပေါ်လိုအသင်းကနေ ရောက်ရှိလာသူဖြစ်ပြီး ပေါ်တူဂီကလပ် ပေါ်တိုနဲ့ ခြေစွမ်းကောင်းတွေပြသနေပါတယ်။

လစ်ဗာပူးလ်ရဲ့ ပစ်မှတ်ကစားသမားအဖြစ် နာမည်ကြီးနေတဲ့ ထရက်ဇ်ဇွန်စပေါ် ကွင်းလယ်လူ Abdulkadir Omur ကအန်ဖီးလ်ကို ပြောင်းရွှေ့ခွင့်ရမယ်ဆိုပါက ငြင်းပယ်သွားမှာ မဟုတ်ဘူးလို့ ဝန်ခံသွားပါတယ်။ သတင်းတွေအရ Omur ဟာ လစ်ဗာပူးလ်ကို ပေါင် (၂၇) သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့တော့မယ်လို့ နာမည်ထွက်နေတာပဲ ဖြစ်ပါတယ်။ CNN Turk နဲ့ အင်တာဗျူးရာမှာတော့အသက် (၁၉) နှစ်အရွယ် Omur က “လစ်ဗာပူးလ်ဟာ အရေးပါတဲ့ကလပ်ပါ၊ ဒါပေမယ့် အရေးကြီးဆုံးကတော့ လက်ရှိအသင်းပါပဲ၊တာဝန်ရှိသူတွေက ကျွန်တော်သွားနိုင်တယ်လို့ ပြောရင်ကျွန်တော်သွားမှာပါ၊ ဆက်နေလို့ပြောရင်လည်း နေရုံပါပဲ” လို့ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းပိုင် ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် မြောက်မြားတဲ့ ပမာဏတစ်ခုနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ The Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာ နှစ်နှစ်အငှားနဲ့ လာရောက်ကစားနေတဲ့ အဆိုပါ ကိုလံဘီယာသားကြယ်ပွင့်အတွက် အာဆင်နယ်အသင်းဟာ ပေါင်(၆၃) သန်းနဲ့ ကမ်းလှမ်းခဲ့သေးတယ်လို့ ပြောဆိုနေကြပါတယ်။ ဂျိမ်းစ်ကို လစ်ဗာပူးလ်ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်ဟာ ရိုးမားဗဟိုနောက်ခံလူ ကော့စတက် မာနိုလက်စ်ကို စာချုပ်ပါလျော်ကြေး ပေါင် (၃၂) သန်းနဲ့ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ The Metro ကဖော်ပြသွားခဲ့ပါတယ်။ လက်ရှိယာယီနည်းပြ ဆိုးရှားဟာ အသင်းရဲ့ ခံစစ်တန်းကိုအင်အားဖြည့်တင်းလိုနေတယ်လို့ သိရပြီး အဆိုပါ အသက် (၂၇) နှစ်အရွယ် ဗဟိုခံစစ်မှူးကို ဦးစားပေးပစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။ ကစားသမားရဲ့ စာချုပ်ပါလျော်ကြေးဟာ လာမယ့်နွေရာသီမှ အကျုံးဝင်မှာ ဖြစ်ပေမယ့်လည်း ယူနိုက်တက်ကတော့ လက်ရှိ အပြောင်းအရွှေ့မှာကတည်းက လှုပ်ရှားတော့မယ်လို့ သိရပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့လူငယ်ခြေတက်ကစားသမားလေး ဖီးလ်ဖိုဒန်ကို အငှားချသွားမှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ လက်ရှိဘောလုံးရာသီမှာ အဆိုပါအသက် (၁၈) နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားလေးကို စီနီယာအသင်းရဲ့ပွဲစဉ်တွေမှာ မကြာခဏအခွင့်အရေးပေးနေပါတယ်။ မန်စီးတီး အကယ်ဒမီထွက် ဖိုဒန်အနေနဲ့ကလည်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့အပြင် အသင်းနဲ့အတူ သူ့ရဲ့ ပထမဦးဆုံးသော စီနီယာသွင်းဂိုးကိုလည်း ရရှိပြီးခဲ့ပြီဖြစ်ပါတယ်။

The Mirror ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ၄င်းတို့ရဲ့ ကစားသမား ဒန်းနစ်ဆွာရက်ဇ်ကို အာဆင်နယ်ခေါ်ယူဖို့ ကြိုးစားနေတဲ့ အပေါ်မှာ ပိတ်ပင်တားဆီးသွားလိုနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အဆိုပါ အသက် (၂၅) နှစ်အရွယ်ကွင်းလယ်ကစားသမားအတွက် ပေါင်သန်း (၂၀) နဲ့သဘောတူညီမှုရရှိသွားလိုနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာကတော့ ကစားသမားကို လက်ရှိအချိန်မှာ မရောင်းချလိုသေးပဲ အငှားသာ ချသွားလိုနေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လိုင်လီကွင်းလယ်လူ သီယာဂိုမန်ဒက်စ် ကိုခေါ်ယူဖို့အတွက် ဝုစ်ဘတ်၊ ဆောက်သမ်တန်နဲ့ တရုတ်ကလပ်တွေဆီက အပြိုင်ကမ်းလှမ်းမှုတွေကို ရင်ဆိုင်သွားရဖွယ်ရှိနေတယ်လို့ Le10Sport ကဖော်ပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီနည်းပြသောမတ်စ် တူချယ်က အသင်းအနေနဲ့ လက်ရှိအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်လူတစ်ဦးခေါ်ယူချင်နေတယ်လို့အတည်ပြုထားပါတယ်။ အဆိုပါ အသက် (၂၆) နှစ်အရွယ် ဘရာဇီးသားဟာ ယူရိုသန်း (၃၀) ခန့်တန်ကြေးရှိတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ရမ်ဆေးကို ရာသီကုန်အထိစောင့်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှာထက် လက်ရှိဆောင်းရာသီ အပြောင်းအရွှေ့မှာပဲ ခေါ်ယူသွားလိုတယ်လို့ Calciomercato သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ရမ်ဆေးဟာ လာမယ့်နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းကို ငါးနှစ်စာချုပ်နဲ့ ရောက်ရှိဖို့ သဘောတူညီမှုရရှိခဲ့ပြီးပြီလို့ ဖော်ပြခြင်းခံထားရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ်ဟာ ပေါင်(၁၀)သန်းပေးပြီး လက်ရှိရာသီဝက်မှာကတည်းက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အနည်းဆုံး ပေါင်သန်း (၂၀) ရရှိလိုနေတယ်လို့ သိရပါတယ်။

ပေါ်တူကွင်းလယ်လူ ဟက်တာ ဟာရဲရားဟာ လာမယ့် နွေရာသီမှာ အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချသွားဖွယ်ရှိတယ်လို့ Coriere Dello Sport ကဖော်ပြထားပါတယ်။ မက္ကဆီကို ကြယ်ပွင့် ဟာရဲရားဟာ လက်ရှိဘောလုံးရာသီအကုန်မှာ ပေါ်တိုနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး သူ့ကိုအလိုရှိနေတဲ့ အသင်းတွေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။ အသက် (၂၈) နှစ်အရွယ် ဟာရဲရားကိုခေါ်ယူဖို့ အခြားသော စီးရီးအေအသင်းတွေဖြစ်တဲ့ ဂျူဗီ၊ ရိုးမားနဲ့ အေစီတို့ကလည်း ချိတ်ဆက်နေကြတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးကြယ်ပွင့် ဟက်ဆန်အိုဒိုအီကို အသင်းရဲ့ဝါရင့်ကစားသမား အာဂျန်ရော်ဘန်ရဲ့ကျောနံပါတ်ကိုပေးပြီး အသင်းဆီ ခေါ်ယူဖို့ ဆွဲဆောင်သွားမယ်လို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။ ဘိုင်ယန်ဟာ ၄င်းတို့ရဲ့ပစ်မှတ်ကစားသမား အိုဒိုအီအတွက် ချဲလ်ဆီးကို (၂) ကြိမ်တိတိကမ်းလှမ်းပြီးခဲ့ပြီ ဖြစ်ပြီး (၂) ကြိမ်စလုံးပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်ဟာ လက်ရှိရာသီအကုန်မှာထွက်ခွာမယ့် ရော်ဘန်ရဲ့ ကျောနံပါတ်(၁၀) နဲ့ဆွဲဆောင်ကာ နောက်တစ်ကြိမ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။