အရန်ကစားသမားတွေ အများအပြား ပါဝင်ခဲ့တဲ့ လီဗာပူးအသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်မှာပဲ ဝုဗ်ကို အရေးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။ ဒါဟာ ယာဂင်ကလော့ပ်တာဝန်ယူတဲ့ ကာလအတွင်း လေးကြိမ်မြောက် ထွက်ရခြင်းဖြစ်ပြီး တစ်ကြိမ်မှ စတုတ္ထအဆင့်ကို မကျော်ဖူးပါဘူး။

PFA က ချီးမြှင့်တဲ့ ဒီဇင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဆုကို လီဗာပူး အသင်း တိုက်စစ်မှူး မိုဆာလက်က ဆွတ်ခူး ရရှိသွားခဲ့ ပါတယ်။ ဒါဟာ ဒီဘောလုံးရာသီအတွင်း မာနေး၊ ဗန်ဒိုက်တို့နောက် ဒီဆု ရတဲ့ တတိယမြောက် လီဗာပူးကစားသမား ဖြစ်လာတာပါ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ သက်ရောက်မှု အကြီးမားဆုံး ကစားသမားကို စကိုင်းစပေါ့က Voting နဲ့ ရွေးချယ်ရာ လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ရရှိသွားပါတယ်။ မဲပေးမှုပေါင်း ၈၉၀၀၀ ကျော်မှာ ဘရာဇီးသား ဂိုးသမားက ၅၂% ရဲ့ ရွေးချယ်မှု ခံခဲ့ရတာပါ။

ရိုသာဟမ်နဲ့ အက်ဖ်အေဖလားပွဲမှာ ဒီဘရိုင်းနဲ့ ကြိုတင်ပြီး မိနစ် ၇၀ လောက် ကစားဖို့ ဆွေးနွေးခဲ့တယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။ ဒီဘရိုင်းဟာ မယုံကြည်နိုင်လောက် ကောင်းမွန်တဲ့ ပုံစံ၊ ဘောလုံးအမြင်နဲ့ ကစားသွားတယ်လို့ ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။ ဒီဘရိုင်းက အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်သလို တခြားသူတွေ မမြင်တဲ့ အမြင်နဲ့လည်း ပွဲကို မြင်တတ်တယ်လို့ ၄င်းက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းသို့ တရားဝင် ရောက်ရှိသွားပြီဖြစ်တဲ့ မန်စီးတီး လူငယ်ကစားသမား ဘရာဟင်း ဒိုင်ယာ့ဇ်က ‘မန်စီးတီးကနေ ထွက်ခွာဖို့ အသင်းပြောင်းဖို့ သူ စဉ်းစားချိန်မှာ သွားစရာ ၃ ခု ပဲ သူ တွေးမိတယ်.. အဲဒါတွေက မက်ဒရစ် ပြီး မက်ဒရစ်၊ မက်ဒရစ်ပဲ’ လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စီးတီးအကယ်ဒမီမှ အသင်းဖော်တွေ ဖြစ်တဲ့ ဆန်ချိုနဲ့ ဒိုင်ယာ့ဇ်တို့ ထွက်ခွာသွားတဲ့ အပေါ် ဖိုဒန်က ၄င်းတို့ဟာ သူတို့နည်း သူတို့လမ်းကို ရွေးချယ်တာ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် အစီအစဉ်တွေနဲ့ ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေ ဖြစ်လို့ သူတို့ ရွေးတဲ့လမ်းကို ပြောစရာမ ရှိကြောင်းနဲ့ သူ့အနေနဲ့တော့ စီးတီးမှာ ဆက်နေချင်ကစားချင်ကြောင်း ဖိုဒန်က ဆိုပါတယ်။

ဒီတလော သတင်းကြီးလာပြန်တာက ယူနိုက်တက်ဟာ ဘာစီလိုနာမှာ နေရာမရ ဖြစ်နေတဲ့ လီဗာပူးကစားသမားဟောင်း ဖိလစ် ကော်တင်ညိုကို ဆွေးနွေးဖို့ စတင်လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။ အန်းဖီးကလပ်က ထွက်သွားတာ တစ်နှစ် ပြည့်တော့မှာ ဖြစ်တဲ့ ကော်တင်ညိုဟာ ဗယ်ဗာဒီရဲ့ အသင်းမှာ ပွဲကစားခွင့် ပျောက်ဆုံးနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ နိုင်ပွဲတွေ ဆက်နေပေမယ့် အသင်းအနေနဲ့ ဘာအောင်မြင်မှုမှ မရယူထားနိုင်သေးကြောင်း ယူနိုက်တက် ခံစစ်မှူး ဖီးလ်ဂျုံးစ်က အသင်းဖော်တွေကို သတိပေးစကား ဆိုလိုက်ပါတယ်။ စပါးနဲ့ပွဲဟာ အသင်းအတွက် ကောင်းမွန်တဲ့ အရည်အချင်း စမ်းသပ်မှု ဖြစ်လိမ့်မယ်လို့ ၄င်းက ဆိုပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး လူကာကူက ၄င်းရဲ့ ပုံစံကောင်းတွေ ပြန်ရလာပြီး ဂိုးတွေ ပြန်သွင်းလာနိုင်ခြင်းဟာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ၄င်း အနေအထားကို အသေးစိတ်လေ့လာပြီး အကြံပေး လမ်းညွှန်မှုတွေ ပြုလုပ်ခဲ့တာက အဓိက အချက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ချယ်ဆီးတိုက်စစ်မှူး မိုရာတာရဲ့ အေးဂျင့်ဖြစ်သူဟာ ဆီဗီလာသို့ ရောက်ရှိနေပြီး ၄င်းရဲ့ ကစားသမား အငှား လာရောက် ကစားဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုများ လုပ်နေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့က ရှုပ်ထွေးဖွယ်ရှိပြီး မိုရာတာက အငှားထွက် ကစားဖို့ လိုလားနေတာပါ။

ချယ်ဆီးလူငယ်တိုက်စစ်မှူး အိုဒွိုင်းကို ချယ်ဆီးနည်းပြ ဆာရီနဲ့ လက်ထောက် ဇိုလာတို့က အသင်းကြီးမှာ အခွင့်အရေးရဖို့ စိတ်ရှည်စွာ စောင့်သသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ အိုဒွိုင်းအနေနဲ့ စိတ်ရှည်ရှည် စောင့်ရင်း အလုပ်လုပ် လေ့ကျင့်ရင်း အသင်းကြီးမှာ ကစားဖို့ သူ့အခွင့်အရေးကို ရလာမှာ ဖြစ်ကြောင်း ချယ်ဆီး နည်းပြတွေက ဆိုခဲ့တာပါ။

ချယ်ဆီးနည်းပြ ဆာရီက အသင်းပရိသတ်တွေကို စပါးနဲ့ ကာရာဘောင်း ဆီးမီးဖိုင်နယ် ပွဲစဉ်မှာ အားပေးကြရင် ပြိုင်ဘက်တွေကို ထိခိုက်စေတဲ့ သီချင်းတွေ သံပြိုင်ဆိုအားပေးတာမျိုး မလုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။ ‘ကျနော်တို့က သူတို့ အားပေးမှုကို လိုချင်တာပါ.. ပြိုင်ဘက်တွေကို သွားဆန့်ကျင်နေတာမျိုး မလိုပါဘူး’ လို့ ဆာရီက ပြောပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီဟာ ဘာစီလိုနာမှ ဒန်းနစ်ဆွာရက်စ်ကို ခေါ်ယူပေးဖို့ အာဆင်နယ်ဘုတ်အဖွဲ့ ငွေထုတ်ပေးရန် တိုက်တွန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့မှာသာ ဒန်းနစ်ဆွာရက်စ်ကို ခေါ်လိုပါက အငှားနဲ့ စေလွှတ်ပြီး ရာသီကုန်မှာ အပြီးသတ် ၀ယ်ယူခွင့်ပြုပေးရန် ဘာစီလိုနာဘက်က ယခု ပေါင် သန်း ၂၀ ငွေချေဖို့ တောင်းဆိုထားပါတယ်။

အသက် ၃၆ နှစ် ရှိပြီ ဖြစ်တဲ့ အာဆင်နယ်ဂိုးသမားကြီး ပီတာချက်က လာမယ့်နွေအပြောင်းအရွှေ့မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာနိုင်မှာပါ။ အာဆင်နယ်အသင်းဘက်က သက်တမ်းတိုး ကမ်းလှမ်းမှု မရပေမယ့် ပီတာချက်ကတော့ အသင်းမှာ ဆက်နေချင်တယ်လို့ ထုတ်ဖော်ပြောကြားထားပြီး အေးဆေးစွာ ရှိနေပါတယ်။

အာဆင်နယ်ဟာ ဘိုင်ယန်မှာ အငှားကစားနေတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူလိုနေတယ်လို့ သတင်းထွက်လာပေမယ့် အာဆင်နယ်ရဲ့ ထိပ်သီးပိုင်းတွေက ဒီလထဲမှာ ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းလောက် ပေးရမယ့် ကိုလံဘီယာ တိုက်စစ်မှူးကို ခေါ်ယူဖွယ် မရှိကြောင်း သုံးသပ်နေကြပါတယ်။

ဒမ်ဘီလီကို ခေါ်ယူဖို့ တရုတ် စူပါလိဂ် ကလပ်တွေက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းများအပေါ် ပိုချက်တီနိုက ၄င်း မသိကြောင်းနဲ့ တစ်ခုခုဆို သူကိုယ်တိုင် ရှင်းလင်းပြောမှာ ဖြစ်လို့ ဒါတွေက ကောလဟာလသာ ဖြစ်မယ်လို့ ၄င်းက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကနဦးခြေလှမ်းအဖြစ် စပါးကွင်းလယ်တိုက်စစ်သမား အဲရစ်ဆန်ကို ဆက်သွယ်ပြောဆိုမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ လာမယ့်နွေအပြောင်းအရွှေ့အတွက် ရီးရဲလ်က စတင် ဆွေးနွေးတာ ဖြစ်ပြီး ၂၀၂၀ မှာ စာချုပ်ကုန်ဆုံးမယ့် အဲရစ်ဆန်ကို ရဖို့ ပေါင် သန်း ၁၀၀ အောက် သုံးရဖွယ် ရှိနေပါတယ်။

စပါးအသင်း မန်နေဂျာ ပိုချက်တီနိုက ဒီဇန်န၀ါရီမှာ ကစားသမားသစ် ခေါ်ယူနိုင်မှာ မဟုတ်တာကြောင့် ရှိတဲ့ ကစားသမားတွေကို မှန်ကန်တဲ့နေရာမှာ မှန်ကန်စွာ ရွေးချယ် ကစားနိုင်စေဖို့ စီမံသွားမယ်လို့ ဆိုပါတယ်။ စပါးအသင်းအနေနဲ့ ကစားသမားတွေ ခေါ်ယူဖို့အတွက် ရှိတဲ့သူတွေကို ရောင်းချကာ ငွေရှာဖို့လည်း မလိုကြောင်း ၄င်းက ဆိုပါတယ်။