ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) မတိုင်ခင်မှာတော့ EFL (ကာရာဘောင်း) ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် (၂) ပွဲလည်း ကစားသွားရဖို့ ရှိနေပါတယ်။ တော့တင်ဟမ်ဟော့ စပါးအနေနဲ့ ချဲလ်ဆီးအသင်းကို ဝင်ဘလေမှာ လက်ခံကစားသွားရဖို့ ရှိနေပြီး မန်ချက်စတာစီးတီးအသင်းကတော့ ဘာတန်အသင်းကိုအယ်တီဟက်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ပိုချက်တီနိုရဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ရှုံးပွဲစတင်တွေ့ကြုံခဲ့တဲ့ နည်းပြဆာရီရဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီတစ်ပွဲမှာ စပါးကို လက်စားချေသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ သူတို့နှစ်သင်းကစားမယ့် အချိန်ကတော့ အင်္ဂါနေ့ည (ဗုဒ္ဓဟူးနံနက်) ၂း၃၀ နာရီမှာပဲ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်း

စပါးနဲ့ ချဲလ်ဆီးတို့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ (၅) ပွဲမှာတော့ စပါးအသင်းက (၃) ပွဲအနိုင်ရရှိထားပြီးချဲလ်ဆီးကတော့ (၂) ပွဲအနိုင်ရရှိထားပါတယ်။ စပါးဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅) ပွဲမှာ ဝုဗ်ကိုရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ကလွဲလို့ ကျန်တဲ့ပွဲစဉ် (၄) ပွဲစလုံးမှာ ဂိုးပြတ်အနိုင်ရလဒ်တွေကို ပုံဖော်နိုင်ခဲ့ပြီး စုစုပေါင်း သွင်းဂိုး (၂၂) ဂိုးအထိသွင်းယူထားပါတယ်။ ချဲလ်ဆီးကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅) ပွဲမှာ (၃) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံးနိမ့်ထားပြီး နော်တင်ဟမ်ကို (၂-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကလွဲလို့ ကျန်တဲ့ပွဲစဉ် (၂) ပွဲကိုကျဉ်းမြောင်းတဲ့ရလဒ်နဲ့သာ အနိုင်ရရှိခဲ့ပါတယ်။

ဒဏ်ရာရကစားသမားစာရင်း

တော့တင်ဟမ်ဟော့စပါး – အဲရစ်ဒိုင်ယာ၊ လာမယ်လာ၊ ဗာတွန်ဂန်၊ လူးကပ်စ်မော်ရာ၊ ဒမ်ဘီလီ၊ ဝမ်ယာမာ။
ချဲလ်ဆီး – ဒရင့်ဝါးတား၊ ဗန်ဂျင်ကယ်၊ ဂျီရူး၊ ပက်ဒရို၊ လို့ဖ်တပ်စ်ချိခ်၊ ဝီလီယံ၊ မူဆွန်ဒါ။

ပွဲကြိုသုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

လက်ရှိအနေအထားအရပြောရမယ်ဆိုရင်တော့ ပိုချက်တီနိုရဲ့ စပါးအသင်းဟာ ဆာရီရဲ့ ချဲလ်ဆီးထက်နှာတစ်ဖျားသာနေတာကတော့ အမှန်ပဲဖြစ်ပါတယ်။ စပါးဟာ ကစားပုံကောင်းမွန်နေတဲ့ အပြင်တိုက်စစ်ကပါ ဂိုးမြူးနေတာကြောင့် ဒီပွဲမှာတော့ ချဲလ်ဆီးရဲ့ ခံစစ်ကြောင်းဟာ တော်တော်လေးကို အလုပ်ရှုပ်သွားနိုင်ပါတယ်။ EFL ပွဲစဉ်တွေဟာ အသင်းကြီးတွေ အလေးထားတဲ့ပြိုင်ပွဲမဟုတ်ပေမယ့်လည်း စပါးအနေနဲ့ကတော့ ပိုချက်တီနိုနဲ့အတူ ဖလားတစ်လုံးကို စတင်ဆွတ်ခူးဖို့ တာဆူနေတာကြောင့် ဆီမီးဖိုင်နယ်အဆင့်အထိလည်း ရောက်ရှိနေပြီဖြစ်တဲ့ ဒီပွဲကို အလေးအနက်ထားပြီး ယှဉ်ပြိုင်သွားနိုင်ပါတယ်။

နည်းပြဆာရီရဲ့ ချဲလ်ဆီးအနေနဲ့ကလည်း ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်နည်းပါးသွားပြီဖြစ်တဲ့အတွက် ဖလားတစ်လုံးတော့ ရရှိအောင် ကြိုးစားသွားနိုင်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း စပါးနဲ့ ရှုံးပွဲစတင်ကြုံတွေ့ခဲ့ရတဲ့အတွက် လက်စားချေဖို့ အားထုတ်လာနိုင်ပါတယ်။ နှစ်သင်းစလုံး လူငယ် (သို့) အရန်ကစားသမားအချို့ကို အဓိက ကစားသမားတွေနဲ့အတူ ပွဲထုတ်လာနိုင်ပေမယ့်လည်းဒီပွဲဟာ လန်ဒန်ဒါဘီ ပွဲစစ်စစ်ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ တိုက်စစ်ချင်းယှဉ်မယ်ဆိုရင် စပါးအသင်းက အသာစီးရနေတာကြောင့် ချဲလ်ဆီးအနေနဲ့ ခံစစ်ကစားပုံကောင်းမွန်မှပဲ ဒီပွဲမှာ အခွင့်အရေးရရှိသွားနိုင်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ တော့တင်ဟမ်ဟော့စပါး ၂ – ၁ ချဲလ်ဆီး။