စပါးနဲ့ ချယ်ဆီးတို့ရဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ်ပွဲမှာ အိုဒွိုင်းနဲ့ ဟာဇက်တို့ ခြေစွမ်းပြခဲ့ပါတယ်။ အားကစားကလောင်ရှင် ဂျီးနက်ကတော့ ဟာဇက်က ချယ်ဆီးအတွက်ဆိုရင် ကောင်းလွန်းနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက ကာရာဘောင်း ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင်မှာပဲ ပြိုင်ဘက်နည်းပြ ပိုချက်တီနိုနဲ့ ပတ်သတ်ပြီး နည်းပြကောင်း တစ်ဦးလို့ မှတ်ချက်ပေး ချီးကျူးသွားကာ ပိုချက်တီနိုအနေနဲ့ ဆုဖလားတစ်ခုခု ရယူပြဖို့ လိုအပ်ကြောင်းနဲ့ ၄င်း အနေနဲ့လည်း ချယ်ဆီးအတွက် ဆုဖလား ယူပေးနိုင်ဖို့ လိုအပ်နေကြောင်း ၀န်ခံပြောဆိုသွားပါတယ်။

ချယ်ဆီးလူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟင် ကို ၀ုဗ်အသင်းက ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ကစားသမားကတော့ ရာသီကုန်ထိ လက်ရှိ အငှား ကစားနေတဲ့ အက်စတွန်ဗီလာမှာ ဆက်နေသွား လိုနေပါတယ်။ အသက် ၂၁ နှစ်အရွယ် ချယ်ဆီးလူငယ်လေးက ဗီလာပါ့ခ်မှာ ခြေစွမ်းပြနေပြီး ဒီရာသီ ပွဲ ၂၀ ကစားကာ ၁၆ ဂိုး သွင်းထားပါတယ်။

လီဗာပူး ကစားသမား ရှာကီရီက ၀ုဗ်ကို ရှုံးခဲ့တဲ့ ပွဲရလဒ်က ၄င်းတို့နဲ့ မထိုက်တန်ကြောင်း ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ၀ုဗ်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ၂ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ချေပဂိုး ရဖို့ အခွင့်ကောင်းအဖြစ် ပွဲပြီးခါနီး ရှာကီရီရဲ့ ဖရီးကစ် ကန်ချက် ကောင်းမွန်ခဲ့သော်လည်း ၀ုဗ်ဂိုးသမား ဂျွန်ရပ်ဘီက ကာကွယ်နိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ခံစစ်ပြဿနာကို ပိုမိုဆိုးဝါးစေတဲ့ အချက်အဖြစ် ဗဟိုခံစစ်မှူး လိုဗရန်လည်း တံကောက်ကြော ဒဏ်ရာ ရသွားခဲ့ပါတယ်။ ကလော့ပ်ကတော့ လိုဗရန်ရဲ့ ဒဏ်ရာကြောင့် ဈေးကွက်ထဲမှာ ဗဟိုခံစစ်မှူး အလောတကြီး ရှာဖွေနေတယ်ဆိုတဲ့ ကောလဟာလတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

talkSPORT မှ သုံးသပ်သူ တိုနီ ကပ်စကာရီနိုကတော့ ၀ုဗ်နဲ့ပွဲက လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်က လီဗာပူးလိုကလပ်အသင်းအတွက် လက်မခံနိုင်စရာ ဖြစ်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဘောလုံးပေးပို့မှုက အစ သာမန် ဆန်လွန်းနေပြီး အကောင်းဆုံး ဒုတိယအသင်းလောက်သာ ကျေနပ်တဲ့ပုံစံနဲ့ရှိနေခဲ့တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးက ခေါ်ယူထားတဲ့ လူငယ်ကစားသမားလေး ဘရာဟင်းဒိုင်ယာ့ဇ်အတွက် စာချုပ်ဖျက်သိမ်းကြေးကို ပေါင် ၆၇၄ သန်း (ယူရို သန်း ၇၅၀) အဖြစ် ထည့်သွင်းထားလိုက်တယ်လို့ သိရပါတယ်။

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ဒိုင်ယာ့ဇ်ကို လက်လွှတ်လိုက်ရတာနဲ့ပတ်သတ်ပြီး သူ့အနေနဲ့ အကြိမ်ပေါင်းများစွာ ပြောဖူးတဲ့အတိုင်း အသင်းမှာ မနေချင်တဲ့ ကစားသမားကို သူ့အနေနဲ့လည်း မလိုချင်ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂွာဒီယိုလာက ဒိုင်ယာ့ဇ်ကို အသင်းမှာ ထိန်းဖို့ အမျိုးမျိုးကြိုးစားခဲ့သော်လည်း ကစားသမား ဆန္ဒကို မပိတ်ပင်လိုကြောင်း ၄င်းက ဆိုပါတယ်။

မန်စီးတီးက ခေါ်ယူဖို့ သတင်းကြီးတွေ ထွက်ရှိထားတဲ့ အေးဂျက်ကွင်းလယ်လူ ဒီဂျောင်းဟာ ဘာစီလိုနာကို ပေါင် 67 သန်းနဲ့ ရောက်ဖို့ အရေးသာသွားခဲ့ပြီဖြစ်ပါတယ်။

ဆိုးလ်ရှားက ဒူဘိုင်းမှာ လေ့ကျင့်နေတဲ့ ယူနိုက်တက် အသင်း ထရိန်နင်ကနေ ခံ့စစ်မှူး ရိုဂျိုကို ပြန်ဖို့ ခွင့်ပြုလိုက်ပါတယ်။ ၄င်းရဲ့ ဒဏ်ရာ အခြေအနေ ကောင်းမွန် မနေသေးတာကြောင့် ပြန်လွှတ်လိုက်ခြင်းဖြစ်ပါတယ်။ တံကောက်ကြော ဒဏ်ရာ ရှိနေလို့ ထရိန်နင် ပြုလုပ်မယ့် ဒူဘိုင်းသို့ အသင်းနဲ့ အတူ မလာရောက်နိုင်ခဲ့တဲ့ ပေါ့ဘာကတော့ ထရိန်နင်သို့ ရောက်နေပြီ ဖြစ်ပါတယ်။

အက်သလစ် ဘီဘာအိုအသင်းက ယူနိုက်တက် ကွင်းလယ် ဟာရဲရားကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေကြာင်း ဘီဘာအို အားကစား ဒါရိုက်တာ Rafael Alkorta က အတည်ပြု ပြောကြားလိုက်ပါတယ်။ အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ ဟာရဲရားက ၂၀၁၄ ခုနှစ်က ယူနိုက်တက်သို့ ဘီဘာအိုကနေ ပြောင်းရွှေ့လာခဲ့တာပါ။

အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ အာဆင်နယ်နဲ့ တွေ့ဆုံနေတာနဲ့ ပတ်သတ်ပြီး ယူနိုက်တက် နည်းပြက ၀မ်းမြောက် ကျေနပ်နေပါတယ်။ ဆိုးလ်ရှားက သူ့အသင်းသားတွေအနေနဲ့ ထိုကဲ့သို့ ပွဲကြီး ပွဲကောင်းမျိုး စိန်ခေါ်မှုကြီးမျိုး လိုအပ်နေတယ်လို့ ဆိုပါတယ်။

စပါးနဲ့ ချယ်ဆီးတို့ရဲ့ ကာရာဘောင်းပွဲ ပထမအကျော့မှာ စပါးက VAR စနစ်ကြောင့်ရတဲ့ ဟယ်ရီကိန်းရဲ့ ပင်နယ်တီဂိုးနဲ့ အနိုင်ရခဲ့ပြီး 1-0 ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယအကျော့ကတော့ ဇန်နဝါရီ 25 ရက် ချယ်ဆီးကွင်းမှာ ပြန်ကစားပါမယ်။

ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထား ချိတ်ဆက်နေတဲ့ အဲရစ်ဆန်အတွက် စပါးအသင်း ဥက္ကဌ Daniel Levy က ဈေးနှုန်း သတ်မှတ်ပေး လိုက်ပါတယ်။ အဲရစ်ဆန်ကို အလိုရှိပါက ယူရို သန်း ၂၅၀ နဲ့ ကမ်းလှမ်းဖို့ စပါးဘက်က တောင်းဆိုလိုက်ပါတယ်။ အဲရစ်ဆန်ရဲ့ လက်ရှိစာချုပ်က ၂၀၂၀ ဇွန်လမှာ ကုန်ဆုံးမှာပါ။

အာဆင်နယ်အသင်းဟာ ရိုးမားတောင်ပံကစားသမား ဆန်ဂျစ်အန်ဒါကို ခေါ်ယူဖို့ ပိုမိုနီးစပ်လာနေတယ်လို့ သိရပါတယ်။ ရိုးမားဘက်က တူရကီလက်ရွေးစင် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းလောက် တောင်းဆိုနေလို့ ဘိုင်ယန်နဲ့ ချယ်ဆီးအသင်းတို့ကတော့ စိတ်ဝင်စားမှုကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ်တိုက်စစ်သမား အူဘာမီယန်းက ဒီဇင်ဘာလအတွက် အာဆင်နယ် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။ ဒီဇင်ဘာလဟာ လီဗာပူးကို ရှုံးတဲ့ ပွဲကလွဲလို့ ကောင်းမွန်တဲ့ ကာလပါလို့ အူဘာမီယန်းက ပွင့်ပွင့်လင်းလင်း ၀န်ခံပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလထဲမှာ အူဘာက ၈ပွဲကစား ၅ဂိုးသွင်းပြီး ၂ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာကွင်းလယ် ဒန်းနစ်ဆွာရက်စ်ဟာ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီနဲ့ စကားပြောဆို ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး နှုတ်အားဖြင့် အသင်းပြောင်းလာဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် နှစ်ဖက်အသင်းကြား ညှိနှိုင်းမှုများ ပြီးမြောက်အောင် ပြုလုပ်ဖို့ ရှိနေဆဲပါ။