ချဲလ်ဆီးအသင်းဟာ အေစီမီလန်ကနေ စပိန်ကလပ် ဆီဗီလာအသင်းမှာ အငှားနဲ့ကစားနေတဲ့ တိုက်စစ်မှူး အန်ဒရီဆေးလ်ဗားကို မိုရာတာနဲ့ အလဲအထပ် ပြုလုပ်သွားလိုနေပါတယ်။ ဆီဗီလာကတော့ဆေးလ်ဗားရဲ့ နေရာမှာ အစားထိုးနိုင်တဲ့ကစားသမား မတွေ့မချင်း ကစားသမားကို လက်လွတ်ဖို့ ငြင်းဆိုထားပါတယ်။ အဲဒါကြောင့်ချဲလ်ဆီးဟာ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် လက်ရှိအသင်းမှာ ရုန်းကန်နေရတဲ့ မိုရာတာကို ဆီဗီလာဆီ အငှားနဲ့ စေလွတ်သွားချင်နေတယ်လို့ သိပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ အန်ဒါဟာရဲရားဟာ အသင်းနဲ့အတူ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ကွင်းလယ်လူ ဟာရဲရားရဲ့ စာချုပ်ဟာ လက်ရှိရာသီအကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း ယာယီနည်းပြ ဆိုးရှားလက်အောက်မှာတော့ အထူးခြေစွမ်းပြနေတာကြောင့် စာချုပ်သစ်ကမ်းလှမ်းခံသွားရဖို့ရှိနေတာပဲ ဖြစ်ပါတယ်။ အသက် (၂၉) နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဟာရဲရားဟာ အိုးထရက်ဖို့ဒ်ကို ၂၀၁၄ ခုနှစ်ကတည်းက ဘီဘာအို အသင်းကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ၄င်းတို့ရဲ့ ကွင်းလယ်လူ အဲရစ်ဆင်အတွက် ယူရိုသန်း (၂၅၀) ဈေးသတ်မှတ်လိုက်တယ်လို့ AS သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာအဲရစ်ဆင်ကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ အတိအလင်းကြေညာထားပေမယ့်လည်း စပိန်ကလပ်ရဲ့ လိုက်လံချိတ်ဆက်နေမှုကိုခံနေရတာကြောင့် ၄င်းတို့ပေးချေလိုခြင်းမရှိတဲ့ ပြောင်းရွှေ့ကြေးပမာဏတစ်ခုကို သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲရစ်ဆင်ရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၀ ခုနှစ်မှာ ကုန်ဆုံးမယ်လို့ သိရပါတယ်။

အေစီမီလန်နဲ့ ရိုးမားအသင်းတို့ဟာ ပေါ်တိုကွင်းလယ်လူ ဟက်တာဟာရဲရားကို အပြိုင်ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ La Gazett dello Sport ကဖော်ပြသွားခဲ့ပါတယ်။ ဟက်တာဟာရဲရားဟာ လက်ရှိအသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်ဘူးလို့သိရပြီး အေစီမီလန် အနေနဲ့ကလည်း ဥရောပဘဏ္ဌာရေးစည်းမျဉ်းကြောင့် ပြောင်းရွှေ့ကြေးမလိုတဲ့ ကစားသမားတွေကိုသာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အဆိုပါ မက္ကဆီကိုသား ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းကတော့ လက်လျှော့သွားပြီလို့ သိရပေမယ့်လည်း ရိုးမားကတော့ စိတ်ဝင်စားမှုပြသထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရိုးမားကြယ်ပွင့် လော်ရန်ဇို ပယ်လီဂရီနီကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ Gianluca Dimarzio က ဖော်ပြ သွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိရာသီအကုန်မှာ ၄င်းတို့ရဲ့ ကွင်းလယ်ကြယ်ပွင့် အက်ဒရီယန် ရာဘီယော့ကို ဘာစီလိုနာဆီ ဆုံးရှုံးရဖွယ်ရှိတာကြောင့် ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ လောရန်ဇိုပယ်လီဂရီနီကို လာမယ့်နွေရာသီမှာ ကစားသမားရဲ့ စာချုပ်ပါလျော်ကြေးအတိုင်း ပေးချေပြီး ခေါ်ယူသွားဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ လိစ်ယူနိုက်တက်အသင်းမှာ အငှားချထားတဲ့ ကွင်းလယ်လူ လူးဝစ်ဘိတ်ကာကို ပြန်လည်ခေါ်ယူပြီး ရက်ဒင်းအသင်းကို အငှားပြန်လည်ချသွားဖို့ရှိနေတယ်လို့ Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၃) နှစ်အရွယ် ဘိတ်ကာဟာ လိစ်မှာ (၁၄) ပွဲသာကစားခဲ့တယ်လို့ သိရပြီး လက်ရှိအချိန်မှာ ရုန်းကန်နေရတဲ့ ရက်ဒင်းအသင်းကို အကူအညီဖြစ်စေဖို့နဲ့သူကိုယ်တိုင်ပွဲချိန်အလုံအလောက်ရရှိဖို့ အသင်းပြောင်းတော့မှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဘိတ်ကာကို လိစ်ကနေ ရက်ဒင်းကိုမပြောင်းရွှေ့မီ ရှက်ဖီးလ်၊ MK Dons၊ ဗစ်တက်ဆီ၊ မစ်ဒယ်ဘရော့ အစရှိတဲ့ အသင်းတွေကို အငှားချခဲ့ပါတယ်။

Marca သတင်းရဲ့ဖော်ပြချက်အရ အေစီမှာ အငှားနဲ့ ကစားနေတဲ့ ဂျူဗင်တပ်စ်အသင်းပိုင် တိုက်စစ်မှူး ဟီဂွာအင်ဟာချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့သိရပါတယ်။ ဟီဂွာအင်ရဲ့ အပြောင်းအရွှေ့ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာဖြစ်လာလိမ့်မယ်လို့ သိရပြီး ချဲလ်ဆီးတိုက်စစ်မှူး အယ်လ်ဗာရိုမိုရာတာ အနေနဲ့လည်း ချဲလ်ဆီးကနေ ထွက်ခွာသွားတော့မယ်လို့သိရပါတယ်။ ဟီဂွာအင်ဟာ ဂျူဗင်တပ်စ်ကို မပြောင်းရွှေ့မီရာသီမှာ နာပိုလီမှာ နည်းပြဆာရီနဲ့အတူ လက်တွဲခဲ့ဖူးပြီး သွင်းဂိုး (၃၇)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ရီဖန်း အသင်းဟာ မာဆေးလ်ကြယ်ပွင့် ဒီမီထရီ ပါယက် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ France Football သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၃၁) နှစ်အရွယ် ပြင်သစ်သားအနေနဲ့ တရုတ်ပြည်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့မယ်ဆိုပါက လက်ရှိရရှိနေတဲ့ လစာရဲ့ သုံးဆအထိရရှိသွားမယ်လို့ သိရပါတယ်။ ဒါလီယန်ရီဖန်းဟာ ကစားသမားကို ယူရိုသန်း (၃၀) နဲ့ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မာဆေးလ်အနေနဲ့ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို လက်လွတ်ဖို့ရာ အချိန်ဆွဲနေသေးတယ်လို့ သိရပါတယ်။

Mirror ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်ဟာ အာဆင်နယ်အသင်းကို လက်ရှိအပြောင်းအရွှေ့ကာလမှာကတည်းက ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အဆိုပါ အသက် (၂၅) နှစ်အရွယ်ကွင်းလယ်လူကို ဇန်နဝါရီရဲ့ အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားပြီး ကနဦးမှာ အငှားနဲ့ခေါ်ယူကာ ရာသီကုန်မှာ ပေါင် (၁၅) သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာဟာ ၄င်းတို့ရဲ့ ကစားသမားကို ဇန်နဝါရီမှာ လက်မလွတ်ချင်သေးဘူးလို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လိုင်လီအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား သီယာဂိုမန်ဒက်စ်ကို ခေါ်ယူဖို့အတွက်ချိတ်ဆက်မှုတွေ ပြုလုပ်လိုက်ပြီလို့ le10Sport ကဖော်ပြသွားခဲ့ပါတယ်။ သီယာဂိုမန်ဒက်စ်ကို ပီအက်စ်ဂျီအပြင် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တော်တော်များများကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပြင်သစ်လီဂူးကလပ် လိုင်လီအသင်းဟာ ၄င်းတို့ အားထားရတဲ့ကွင်းလယ်ကစားသမား မန်ဒက်စ်အတွက် အနည်းဆုံး ယူရို သန်း (၂၀) ဝန်းကျင်ရရှိသွားလိုနေတယ်လို့ သိရပါတယ်။