ကာရာဘောင်း ဆီးမီးဖိုင်နယ်ပွဲ ပထမကျော့အဖြစ် ဘာတန်အသင်းကို လက်ခံယှဉ်ပြိုင်တဲ့ မန်စီးတီးဟာ အိမ်ကွင်းမှာ 9-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားပါတယ်။ အဆိုပါပွဲမှာ တိုက်စစ်မှူး ဂျီးဆုက 4 ဂိုး သွင်းခဲ့ပါတယ်။

မန်စီးတီးအသင်း မန်နေဂျာ ဂွာဒီယိုလာက ၄င်းအသင်းဟာ ပြိုင်ပွဲလေးရပ်လုံးမှာ ဆုဖလားရဖို့ ပြိုင်ပွဲဝင်နိုင်တဲ့ အသင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စီးတီးဟာ ပွဲကြပ်တွေနဲ့ ဖိအားကို ကိုင်တွယ်နိုင်စွမ်းရှိပြီး လီဗာပူး အနေနဲ့ အက်ဖ်အေဖလားက ထွက်လိုက်ရတာက အားသာချက်လို့ မထင်ကြောင်းပါ ၄င်းက ဆိုပါတယ်။

မန်စီးတီးဟာ ၀ါရင့်ခံစစ်မှူး ဗင်းဆင့်ကွန်ပနီနဲ့ စာချုပ်သစ် ကိစ္စရပ်များ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်း ဂွာဒီယိုလာက အတည်ပြု ပြောကြားလိုက်ပါတယ်။ အသင်းမှာ ၁၁ နှစ်ကြာ ရှိပြီ ဖြစ်တဲ့ အသင်းခေါင်းဆောင် ကွန်ပနီကို စီးတီးအတွက် ရှိစေချင်ကြောင်း ၄င်းက ဆိုပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက ဟီဂူအင်ကိုသာ စတန်းဖို့ဘရစ်ဆီ မခေါ်နိုင်ခဲ့ရင် ဘုန်းမောက် တိုက်စစ်မှူး ကော်လန် ၀ီလ်ဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ထိ ပေးကာ ကမ်းလှမ်းဖို့ ဆန္ဒရှိနေပါတယ်။ ချယ်ဆီးဘက်က ၀ီလ်ဆန်ကို အလိုရှိကြောင်းကိုလည်း လက်ထောက်နည်းပြ ဇိုလာက ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းက ချယ်ဆီးတိုက်စစ်မှူး မိုရာတာကို ဒီအပြောင်းအရွှေ့မှာ ခေါ်ယူလိုနေပြီး စတင်လှုပ်ရှားနေပြီလို့ သိရပါတယ်။ မိုရတာက ဒီရာသီ ချယ်ဆီးအတွက် ၂၄ ပွဲ ကစားထားပြီး ၉ ဂိုးသာ သွင်းယူထားကာ ၄င်းရဲ့ ဂိုးသွင်းစွမ်းရည်ပိုင်း ဝေဖန်မှုတွေ ခံနေရသူပါ။

လိဒ်အသင်းကနေ အငှားကစားရာမှ ပြန်လာတဲ့ ချယ်ဆီးလူငယ် Lewis Baker က ရက်ဒင်းအသင်းဆီ အငှားပြန်ထွက် ကစားဖို့ နီးစပ်နေကြောင်း စကိုင်းစပေါ့မှာ ဖော်ပြလာပါတယ်။ ၂၃ နှစ်အရွယ် ကွင်းလယ်လူငယ်လေးဟာ ချန်ပီယံရှစ်ကလပ် လိဒ်အသင်းအတွက် ပြိုင်ပွဲစုံ ဒီရာသီ ၁၄ ပွဲ ပါဝင်ကစားပေးထားပါတယ်။

ပေါ်တိုမှ မက္ကဆီကိုသား ကွင်းလယ်ကစားသမား ဟက်တာ ဟာရဲရားက အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ ပစ်မှတ်ကစားသမား စာရင်းထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီတဲ့ ဟာရဲရားက ၂၀၁၃ ပေါ်တိုသို့ ရောက်ရှိလာတည်းကစလို့ ပေါ်တူဂီ ချန်ပီယံအသင်းအတွက် ၁၄၉ ပွဲ ကစားပေးထားပါတယ်။

အာဆင်နယ်အသင်းမှ ဒဏ်ရာရကစားသမား အများအပြား အသင်းထရိန်နင်မှာ ပြန်လည် ပါဝင်လာနိုင်ပြီ ဖြစ်လို့ အမ်မရီအတွက် စိတ်အေးစရာပါ။ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာတဲ့ ကစားသမား ၆ ယောက်ကတော့ ဘယ်လာရင်၊ ကိုစီရယ်နီ၊ မာဗရို ပါနိုစ့်၊ မူစတာဖီ၊ မွန်ရီရယ်နဲ့ အိုဇေးလ်တို့ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ခံစစ်မှူး မွန်ရီရယ်ကို စာချုပ်သစ် ကမ်းလှမ်းမှု အတွက် ဆွေးနွေးမှုများ ကြံ့ကြာနေတာကြောင့် လက်ရှိ စာချုပ်ထဲမှာ ပါဝင်တဲ့ နောက်ဆက်တွဲ သက်တမ်းတိုးခွင့် ကို အသုံးပြုကာ တစ်နှစ် သက်တမ်းတိုးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒူဘိုင်းက ယူနိုက်တက်လေ့ကျင့်ရေးမှာ နောက်ကျမှ နောက်ထပ်လိုက်ပါလာခဲ့တဲ့ ပေါ့ဘာကိုလည်း ထရိန်နင်မှာ ပြုံးရွှင်စွာ ပါဝင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ ဖြစ်တဲ့ စမောလင်းလဲ ပါဝင်ခဲ့ပါတယ်။ စမောလင်းက လေ့ကျင့်ရေးဆီ ပြန်လာနိုင်ပြီး ပြေးလွှားလေ့ကျင့်ရတာ ပျော်ရွှင်နေကြောင်း တွစ်တာက တဆင့် ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေကို တောက်လျောက် ချိတ်ဆက်နေစဉ်မှာပဲ အီတလီဘက်က သတင်းများအရ ရီးရဲလ်မက်ဒရစ်ကလည်း ပါဝင်လာပြီလို့ သိရပါတယ်။ ရီးရဲလ်က ကူလီဘိုင်လေအတွက် ပေါင် သန်း ၉၀ တန် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။

ယူနိုက်တက် ပစ်မှတ်ဖြစ်တဲ့ လာဇီယိုကစားသမား မီလင်ကိုဗစ် ဆာဗစ်အတွက် အမည်မဖော်ပြလိုတဲ့ ကလပ်အသင်းတစ်သင်းက ယူရို သန်း ၁၆၀ နဲ့ ကမ်းလှမ်းခဲ့ပြီး အသင်းဘက်က ပယ်ချထားကြောင်း လာဇီယို ဥက္ကထ Claudio Lotito က အတည်ပြု ပြောကြားလိုက်ပါတယ်။

လာမယ့် နွေမှာ စပါးကစားသမား အန်ဒါဝီရယ်ရဲ့ လက်ရှိစာချုပ်က ထွက်ခွာခွင့်မှာ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ အသက်ဝင်တော့မှာ ဖြစ်ပြီး ကစားသမားကတော့ အသင်းကနေ ထွက်ခွာနိုင်ခြေ သတင်းများကို လျှော့ချလိုနေပါတယ်။ အန်ဒါဝီရယ်က ကွင်းထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးတွေ ပြသနိုင်ဖို့သာ အာရုံစိုက်ထားတယ်လို့ ပြောကြားထားပါတယ်။

တော့တင်ဟမ်စပါး ဥက္ကဌ Daniel Levy က ကွင်းသစ်ကြီး ဖွင့်လှစ် အသုံးပြုဖို့ လုပ်ငန်းစဉ်များ မပြီးဆုံးနိုင်ဘဲ နှောင့်နှေးနေမှုအပေါ် ကြေငြာချက် စာ တစ်စောင် ထုတ်ပြန်ပြီး ပရိသတ်တွေကို တောင်းပန်စကား ဆိုသွားပါတယ်။ ၀ှိုက်ဟက်လိန်း ကွင်းသစ်ကြီးဟာ အစောဆုံးအဖြစ် မတ်လထဲမှာမှသာ ပွဲများ လက်ခံကျင်းပနိုင်မှာပါ။

လီဗာပူး ဗဟိုခံစစ်မှူး ဒီဂျန်လိုဗရန်ဟာ ဒီတစ်ပတ် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ဦးမှာ မဟုတ်တဲ့ အတွက် ကလော့ပ် ခေါင်းစားစရာ အခက်တွေ့နေပါတယ်။ လိုဗရန်က ၀ုဗ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့တာပါ။

စပို့တင်းလစ္စဘွန်းအသင်းက လီဗာပူး ကွင်းလယ်လူငယ် ကမာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ကြာပြီ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်လေးဟာ ပြီးခဲ့တဲ့ အပတ် ၀ုဗ်နဲ့ အက်ဖ်အေပွဲမှာ ပါဝင်ကစားခွင့်ရခဲ့သူပါ။ လီဗာပူးအနေနဲ့ အပြီးသတ် မရောင်းချတောင် ကမာချိုကို ရာသီကုန်ထိ အငှားချဖွယ် ရှိနေပါတယ်။

လီဗာပူးကွင်းလယ် အဒမ် လယ်လာနာဟာ ဒီလထဲမှာ ဖီနာဘာချီသို့ ပြောင်းဖို့ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် လီဗာပူးမှာ အခွင့်အရေးရဖို့ ဆက် ကြိုးစားလိုနေပါတယ်။ အသက် ၃၀ အရွယ် အင်္ဂလန်လက်ရွေးစင်ရဲ့ စာချုပ်ကလည်း ရာသီကုန်ရင် ကုန်ဆုံးတော့မှာပါ။