လစ်ဗာပူးလ်အသင်းဟာ ဘန်လေခံစစ်မှူး ဂျိမ်းစ်တာကောစကီးကို အငှားနဲ့ ခေါ်ယူဖို့ ချဉ်းကပ်မှု ပြုလုပ်ခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ လက်ရှိအချိန်မှာ ခံစစ်ကြောင်းမှာ ဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရတာဖြစ်ပြီး ဝုဗ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း လောဗရန် ထပ်မံ ဒဏ်ရာရသွားတာကြောင့် အသက် (၁၆) နှစ်အရွယ် လူငယ်ခံစစ်မှူးလေး ကီဂျန်နာဟိုးဗားကို ထည့်သွင်း ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘန်လေကတော့ ၄င်းတို့ရဲ့ ခံစစ်ကြယ်ပွင့်ကို မထွက်ခွာစေလိုတာကြောင့် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၅၀) အထိသတ်မှတ်သွားမယ်လို့ သိရပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ၄င်းတို့ရဲ့ ဆယ်ကျော်သက်ကစားသမားလေး ဟက်ဆန်အိုဒိုအီကို ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အနေနဲ့ မသမာတဲ့နည်းလမ်းနဲ့ ခေါ်ယူဖို့ ချဉ်းကပ်လာပါက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကို တိုင်ကြားသွားမယ်လို့ သိရပါတယ်။ ဘိုင်ယန်ဟာ အဆိုပါ လူငယ်တိုက်စစ်မှူးလေးအတွက် ကမ်းလှမ်းမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့်လည်း ချဲလ်ဆီးအနေနဲ့ကလည်း အိုဒိုအီကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာပဲ ဆက်လက်ထိန်းသိမ်းသွားလိုတာကြောင့် အကြိမ်ကြိမ်ပယ်ချခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တာ အသင်းဟာ လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခံစစ်ကြောင်း အင်အားကို တိုးမြှင့်ဖို့အတွက် နာပိုလီခံစစ်မှူး ကူလီဘာလီအပြင် အင်တာမီလန် ခံစစ်မှူး မီလန်စကရင်နီယာ တို့ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ESPN FC ကဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကနဦးမှာ ဖီအိုရင်တီးနား ခံစစ်မှူး နီကိုလာ မီလင်ကိုဗစ်ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့သော်လည်း မော်ရင်ဟို ထွက်ခွာသွားမှုနဲ့အတူ အဆိုပါ အသက် (၂၁)နှစ်အရွယ် ဆားဘီးယားသားကို စိတ်ဝင်စားမှု လျော့ကျသွားခဲ့ပြီလို့သိရပါတယ်။

ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ်မှူး ကာဗာနီဟာ တရုတ်ကလပ် ဒါလီယန် ရီဖန်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ပြင်သစ်အခြေစိုက် Le10Sport ကဖော်ပြသွားခဲ့ပါတယ်။ ဒါလီယန်ရီဖန်းဟာ မိုနာကို နည်းပြဟောင်း လီယိုနာဒိုဂျာဒင်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ နီးစပ်နေတယ်လို့ သိရပြီး ဈေးကွက်ထဲမှာ ငွေအမြောက်အမြားသုံးစွဲသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းကာဗာနီကတော့ တရုတ်စူပါလိဂ်ကို ပြောင်းဖို့လောလောဆယ် စိတ်မဝင်စားသေးတာဖြစ်ပါတယ်။ အသက် (၃၁) နှစ်အရွယ်ကာဗာနီကို လတ်တလောမှာ အက်သလက်တီကို၊ ချဲလ်ဆီးနဲ့ နာပိုလီတို့က စိတ်ဝင်စားနေပါတယ်။

မန်ယူကွင်းလယ်လူ အန်ဒါဟာရဲရားဟာ စပိန်ကလပ် ဘီဘာအိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်းလက်ရှိအသင်းမှာပဲ ဆက်နေသွားလိုတာကြောင့် စာချုပ်သစ်ကိစ္စဆွေးနွေးနေတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဟာရဲရားဟာ လက်ရှိအချိန်မှာ ယာယီနည်းပြဆိုးရှားရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်တွေနဲ့အတူ ပျော်ရွှင်နေပြီး ခြေစွမ်းကောင်းတွေလည်း ပြသထားပါတယ်။ ဒါပေမယ့် လက်ရှိရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်မယ့် ဟာရဲရားအနေနဲ့ အခြားအသင်းတွေနဲ့ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့် ရှိနေပါတယ်။

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်သလက်တီကိုအသင်းဟာ ချဲလ်ဆီးမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ စပိန်သား တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲက တစ်သင်းအပါအဝင်ဖြစ်လာခဲ့ပြီလို့သိရပါတယ်။ အက်သလက်တီကို နည်းပြဆီမြွန်နီအနေနဲ့ကလည်း မိုရာတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့မတင်မကျသာ ဖြေကြားထားပါတယ်။ “ကျွန်တော်တို့နဲ့ အတူမရှိတဲ့ ကစားသမားအကြောင်းကို မပြောချင်ပါဘူး၊ လက်ရှိအသင်းမှာရှိနေတဲ့ ကစားသမားအကြောင်းပဲ ပြောချင်ပါတယ်” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ၄င်းတို့ရဲ့ တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၅၀) ကနေ ယူရို သန်း (၃၀) အထိ ဈေးချလိုက်တယ်လို့ TuttoSport ကဖော်ပြသွားခဲ့ပါတယ်။ မန်ယူရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ အဆိုပါ အသက် (၂၉) နှစ်အရွယ် ခရိုအေးရှားသားဟာ ဇန်နဝါရီအပြောင်းအရွှေ့မပိတ်သိမ်းခင် အသင်းပြောင်းရွှေ့သွားနိုင်တယ်လို့ သိရပါတယ်။ ပါရီဆစ်ဟာ လက်ရှိရာသီမှာ အင်တာအတွက် (၁၇) ပွဲကစားထားရာမှာ သွင်းဂိုး (၃) ဂိုးရရှိထားပြီး ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားပါတယ်။

မာလာဂါခံစစ်မှူး ဟိုဆေး မာတီနက်စ်လိုးပက်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ Marca သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ချီချူး လို့အများကသိထားကြတဲ့ အဆိုပါ အသက် (၁၇) နှစ်အရွယ် ခံစစ်ကစားသမားလေးဟာစပိန် ယူ-၁၇ အသင်းနဲ့ သုံးပွဲကစားခွင့်ရရှိထားပြီး ဥရောပရဲ့ အလားအလာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ ရီးရဲလ်ဟာ မန်စီးတီးဆီက ဘရာဟင်ဒိုင်းယက်စ်ကို ရရှိပြီးတဲ့နောက် ဒုတိယမြောက်လူငယ်ကစားသမားတစ်ဦးကို ထပ်ခေါ်သွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

ဂျီနိုအာ အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ခရစ်ရှန် ကူဝါမီဟာ နာပိုလီအသင်းကို ပြောင်းရွှေ့ဖို့ နှစ်ဖက်အသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။ Calciomercato သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ဂျူဗင်တပ်စ်အသင်းဟာလည်း အဆိုပါ (၂၁) နှစ်အရွယ် ကစားသမားလေးကို အပြိုင်စိတ်ဝင်စားနေပြီး နာပိုလီနဲ့အပြိုင်ကမ်းလှမ်းခဲ့သေးတယ်လို့ သိရပါတယ်။ကူဝါမီဟာ လက်ရှိရာသီမှာ ဂျီနိုအာအသင်းအတွက် စီးရီးအေပွဲပေါင်း (၁၉) ပွဲကစားထားရာမှာ (၃) ဂိုးသွင်းယူထားပြီး (၃) ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

အာဆင်နယ်ကွင်းလယ်လူ အာရွန်ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ဖို့ တရားဝင်သဘောတူညီမှုရရှိခဲ့ပြီလို့ The Guardian နဲ့ Sky Sports သတင်းဌာနတို့က ဖော်ပြသွားခဲ့ပါတယ်။ ရမ်ဆေးလ်ဟာ အာဆင်နယ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမှာဖြစ်ပြီး ဂျူဗင်တပ်စ်နဲ့အတူ ပေါင် (၃၆) သန်း တန်ကြေးရှိတဲ့ (၅) နှစ်စာချုပ်ကို ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ အသက် (၂၈) နှစ်အရွယ် ဝေးလ်စ်ကွင်းလယ်ကြယ်ပွင့်ဟာ အာဆင်နယ်မှာ (၁၀) နှစ်ကစားပေးခဲ့ပြီးစာချုပ်သစ်ကိစ္စအဆင်မပြေတဲ့အတွက် အသင်းကနေ ထွက်ခွာတော့မှာပဲ ဖြစ်ပါတယ်။