မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ဖိလစ်ပီကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ကို ဆက်သွယ်ခဲ့သေးတယ်လို့ သိရပါတယ်။ ဘရာဇီးသားကွင်းလယ်လူ ကော်တင်ဟိုဟာ နူးကမ့်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ MundoDeportivo ရဲ့ဖော်ပြချက်မှာတော့ ယူနိုက်တက်အနေနဲ့ ယခုလိုဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘာစီလိုနာဟာ ရောင်းချသွားဖို့မရှိဘူးလို့သိရပြီး လစ်ဗာပူးလ်ကြယ်ပွင့်ဟောင်း ကော်တင်ဟိုအနေနဲ့လည်း အသင်းပြောင်းဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာက စိတ်ဝင်စားနေတဲ့ ဘရာဇီးတောင်ပံကစားသမား ဝီလီယံကို လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်းမှာ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ESPN FC သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဝီလီယံအတွက် ပေါင်သန်း (၅၀) နဲ့ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ လက်ရှိရာသီအကုန်မှာ အဆင့်(၄) အတွင်းဝင်အောင် ကြိုးစားနေတာကြောင့် အသက် (၃၀) နှစ်အရွယ် အဆိုပါကစားသမားကို ဆက်လက်ထိန်းသိမ်းသွားလိုနေပါတယ်။ ဝီလီယံဟာ ချဲလ်ဆီးနဲ့ လက်ရှိစာချုပ်မှာ (၁၈) လသက်တမ်းရှိနေသေးတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ကွင်းလယ်မှာ ရုန်းကန်နေရတဲ့ အစ္စကို ကို ဂျူဗင်တပ်စ်ဆီ ရောင်းချလိုနေပေမယ့်လည်း အပြန်အလှန်အားဖြင့် ဒိုင်ဘာလာကို ခေါ်ယူသွားလိုနေတယ်လို့ Tuttosport ကဖော်ပြသွားခဲ့ပါတယ်။ အစ္စကိုဟာ အသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးနေတာကြောင့် လက်ရှိ ဇန်နဝါရီ (သို့မဟုတ်) လာမယ့် နွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာသွားလိုနေတာ ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ မက်ဒရစ်ဟာ အဆိုပါ စပိန်ကစားသမား အတွက် လည်းပြောင်းရွှေ့ကြေး အမြောက်အမြားရရှိသွားလိုနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ၄င်းတို့ရဲ့ လူငယ်ကြယ်ပွင့် ဟက်ဆန်အိုဒိုအီရဲ့ အပြောင်းအရွှေ့မှာ ပြန်လည်ဝယ်ယူခွင့် စာချုပ်မပါပဲနဲ့တော့ ရောင်းချသွားမှာ မဟုတ်ဘူးလို့ The Times သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဟာအသက် (၁၈) နှစ်အရွယ် အိုဒိုအီကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ချဲလ်ဆီးကတော့ ဘိုင်ယန်ရဲ့ ကမ်းလှမ်းချက်တွေကိုအကြိမ်ကြိမ်ပယ်ချထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ၄င်းတို့ရဲ့ကစားသမားကို ထွက်ခွာခွင့်မပြုမီ အနာဂတ်မှာ ပြန်လည်ခေါ်ယူနိုင်အောင်စီစဉ်သွားလိုနေပေမယ့်လည်း ဘိုင်ယန်အနေနဲ့ကလည်း အဆိုပါအချက်ကို သဘောမကျဖြစ်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဂျူလီယန်ဝိုင်ဂယ်ကို ခေါ်ယူဖို့ ဖိအားပေးလုပ်ဆောင်လာတယ်လို့ Sky Sport သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီနည်းပြ သောမတ်တူချယ်က ၄င်းအသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတဲ့အတွက် အသင်းဟောင်းရဲ့ လူငယ်ကြယ်ပွင့်တစ်ဦးကို ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။ ဒေါ့မွန်အနေနဲ့ကတော့ ၄င်းတို့ရဲ့အသက် (၂၃) နှစ်အရွယ် ကစားသမားလေးကို ရာသီဝက်မှာ လက်လွတ်သွားမှာ မဟုတ်ဘူးလို့ ပြောထားပေမယ့်လည်း ပီအက်စ်ဂျီဟာ အပြောင်းအရွှေ့အတွက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဂျာမန်ကလပ် ဖရန့်ဖတ် ကြယ်ပွင့် လူကာဂျိုဗစ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Mundo Deportivo ကဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ ဆားဘီးယားသား တိုက်စစ်မှူးဟာ လက်ရှိဘောလုံးရာသီမှာ ဘွန်ဒက်လီဂါသွင်းဂိုး (၁၂) ဂိုးအထိရရှိထားပြီဖြစ်ပြီး ဥရောပတစ်ခွင်က အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ဘာစီလိုနာဟာ လူကာဂျိုဗစ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ မဆုံးဖြတ်မီ လက်ကျန်ရာသီတစ်လျှောက်မှာ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

လစ်ဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ အဒမ်လယ်လာနာအနေနဲ့ အန်ဖီးလ်ကနေ ထွက်ခွာဖို့ ကြိုးစားနေတယ်ဆိုတဲ့ ကာလဟလ သတင်းတွေကို ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ အသက်(၃၀) နှစ်အရွယ် အင်္ဂလန်သား လယ်လာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့်လက်ရှိရာသီမှာလည်း ပုံမှန်ပွဲထွက်ခွင့်ရရှိထားခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ရာသီနဲ့ လက်ရှိရာသီဝက် နှစ်ခုပေါင်းမှာ လယ်လာနာဟာပရီးမီးယားလိဂ် (၆) ပွဲသာ ပွဲအစကနေ ပါဝင်ကစားခွင့်ရရှိထားပါတယ်။

နည်းပြအွန်နရီကိုင်တွယ်နေတဲ့ မိုနာကို အသင်းဟာ ဘော်ဒိုးတိုက်စစ်မှူး ဖရန်စစ် ကာမာနိုကို ကို ၄င်းတို့ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ Le10Sport ကဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၂) နှစ်အရွယ် ဂီနီယံတိုက်စစ်မှူးလေးဟာ လက်ရှိရာသီမှာ ဘော်ဒိုးအတွက်ပြိုင်ပွဲစုံမှာ (၁၁) ဂိုးအထိ သွင်းယူထားပါတယ်။ ဒါပေမယ့်လည်း ဘော်ဒိုးဟာ ၄င်းတို့ရဲ့ တိုက်စစ်မှူးကို ဈေးပေါပေါနဲ့တော့ လက်လွတ်သွားမှာ မဟုတ်ပဲ ယူရို (၂၅) သန်းတောင်းဆိုသွားမယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဇင်းနစ်အသင်းရဲ့ ကွင်းလယ်လူ လီန်ဒရိုပါရီဒက်စ်နဲ့ ကယ်ဂလီယာရီအသင်းရဲ့ ကွင်းလယ်လူ နီကိုလိုဘာရယ်လာတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေပြီလို့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပါရီဒက်စ်တစ်ဦးသာ စတမ်းဖို့ဘရစ်ခ်ျကို ရောက်ရှိလာနိုင်တယ်လို့ သိရပြီး ဘာရယ်လာကတော့ ရာသီဝက်မှာ အသင်းကနေထွက်ခွာသွားလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ချဲလ်ဆီးဟာ မိုနာကိုအသင်းကိုပြောင်းရွှေ့သွားခဲ့တဲ့ ဖာဘရီဂတ်စ်နေရာမှာ အစားထိုးခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဟိုဆေးမော်ရင်ဟိုကို ပြန်လည်ခေါ်ယူချင်ပါက မန်ယူကို ပေါင်(၁၀) သန်းပေးချေသွားရဖို့ ရှိတယ်လို့ The Sun သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ မက်ဒရစ်ဟာ လက်ရှိအချိန်မှာ ရုန်းကန်နေရဆဲဖြစ်တာကြောင့် အသင်းရဲ့ ဥက္ကဌဖြစ်သူ ဖလော်ရန်တီနို ပီရက်ဇ်က အသင်းရဲ့ နည်းပြဟောင်း မော်ရင်ဟိုကို ပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်အနေနဲ့ မော်ရင်ဟို မန်ယူကနေ မထွက်ခွာမီ သဘောတူညီထားချက်အရ အဆိုပါ ငွေကြေးပမာဏတစ်ရပ်ကိုပေးချေသွားရလိမ့်မယ်လို့ သိရပါတယ်။