ဝက်စ်ဟမ်း နဲ့ အာဆင်နယ်တို့ရဲ့ ပွဲကို ဒီနေ့ည (၇း၀၀)နာရီမှာ ကစားခဲ့ရာမှာ ၀က်စ်ဟမ်းက လူငယ်ကစားသမား ရိုက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲကို ရှုံးနိမ့်တဲ့ အာဆင်နယ်အတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် စိုးရိမ်စရာ ဖြစ်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာ အဝေးကွင်းမှာ လာကာဇက် နဲ့ အော်ဘာမီယန် တိုက်စစ်အတွဲကို ထားရှိကစားခဲ့ပြီး ရင်ဆိုင်ခဲ့ပေမယ့် မိနစ် (၉၀)လုံးလုံး ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။ ၀က်စ်ဟမ်းကတော့ အသစ်ခေါ်ယူထားခဲ့တဲ့ နာဆရီ ပါဝင်ခဲ့ပြီး အဓိကကစားသမားတွေဖြစ်တဲ့ အနော်တိုဗစ်၊ အန်ဒါဆန် နဲ့ နိုဘယ်တို့လို ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

အဝေးကွင်းမှာ ခြေစွမ်းပြနိုင်ဖို့ အာဆင်နယ်တို့ ရုန်းကန်ခဲ့ရတဲ့ ပွဲဖြစ်ပြီး ပွဲချိန်အတွင်းမှာလည်း အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ထိရောက်တဲ့ အလှည့်အပြောင်းတွေကို မဖန်တီးနိုင်ခဲ့ပါဘူး။ ၀က်စ်ဟမ်းက အိမ်ကွင်းမှာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကို စနစ်တကျနဲ့ ဆော့ကစားခဲ့ပြီးတော့ အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် (၄၈)မိနစ်မှာ ကွင်းလယ်ကစားသမား ရိုက်က ကန်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးကိုတော့ အာဆင်နယ်ကစားသမားဟောင်း နာဆရီက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ နာဆရီကတော့ အာဆင်နယ်ကို ဒုက္ခပေးသွားခဲ့ပြီး သူနဲ့ အန်ဒါဆန်ရဲ့ တွဲဖက်မှုတွေက အာဆင်နယ်အတွက် အန္တရာယ်ရှိနေခဲ့ပါတယ်။

ဒီပွဲကို အရေးနိမ့်ခဲ့လို့ အာဆင်နယ်ဟာ ချယ်လ်ဆီးကို အမီလိုက်ဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို ချယ်လ်ဆီးသာ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပိုပြတ်သွားမှာ ဖြစ်ပြီးတော့ သူ့နောက်က ကပ်လိုက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကသာ စပါးကို အနိုင်ရခဲ့မယ်ဆိုရင် ရမှတ်တူအနေအထားဖြစ်သွားမှာ ဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တော့ တော်တော်လေး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။