အေစီမီလန်နည်းပြ ဂတ်တူဆိုက ၄င်းတို့ရဲ့ တိုက်စစ်မှူး ဟီဂွာအင်ကို ချဲလ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ကစားသမားဟာ သူ့ရဲ့အနာဂတ်ကို ရွေးချယ်ခွင့်ရှိကြောင်း ပြောကြားလိုက်ပါတယ်။ အာဂျင်တီးနားသားဟီဂွာအင်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဂျူဗင်တပ်စ်ကနေ အေစီမီလန်အသင်းကို အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး ပြိုင်ပွဲစုံသွင်းဂိုး (၈) ဂိုးသွင်းယူပေးထားပါတယ်။ ဒါပေမယ့်လည်း အေစီဟာ ဟီဂွာအင်ကို လက်ရှိရာသီအကုန်မှာ အပြီးသတ်ခေါ်ယူခွင့်ရှိနေတယ်လို့ သိပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရီးရဲလ်နဲ့ နာမည်ထွက်နေတဲ့ ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ရဲ့ နေရာမှာအစားထိုးဖို့အတွက် အေဂျက်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Mirror ကဖော်ပြထားပါတယ်။အဆိုပါ အေဂျက်ကြယ်ပွင့်ကို ဘာစီလိုနာ၊ မန်စီးတီး၊ ပီအက်စ်ဂျီအစရှိတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရာသီအကုန်မှာ အသင်းပြောင်းဖို့ ရေပန်းစားနေပါတယ်။ မက်ဒရစ်အနေနဲ့ အဲရစ်ဆင်ကို လာမယ့် နွေရာသီမှာ ကမ်းလှမ်းသွားဖို့သေချာနေတာကြောင့် စပါးဟာလည်း ဒီဂျောင်ကို အပြိုင်ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဟက်ဆန်အိုဒိုအီကို ခေါ်ယူဖို့ ကြိုစားရမှာအဆင်မပြေဖြစ်နေတဲ့ အတွက် ချဲလ်ဆီးမှာနေရာမရဖြစ်နေတဲ့ စပိန်သား တိုက်စစ်မှူး မိုရာတာကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ Daily Express သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ၄င်းတို့ကိုယ်တိုင်လည်း တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီး ဟီဂွာအင်ကို ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ချဲလ်ဆီးနည်းပြ ဆာရီဟာလည်း မိုရာတာကို ထွက်ခွာခွင့်ပြုသွားနိုင်တယ်လို့ သိရပါတယ်။

မန်ယူဟာ ၄င်းတို့ရဲ့ အမြဲတမ်းနည်းပြရာထူးအတွက် အက်သလက်တီကိုနည်းပြ ဆီမြွန်နီကို ဆက်သွယ်ခဲ့သေးတယ်လို့ The Mirror ကဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိရာသီမကုန်ခင်မှာ အမြဲတမ်းနည်းပြတစ်ဦးကိုခန့်အပ်ဖို့ ရှာဖွေနေတာ ဖြစ်ပြီး စပါးနည်းပြပိုချက်တီနိုကတော့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။ ဒါပေမယ့်လည်း စပါးဟာ ၄င်းတို့ရဲ့နည်းပြကို လက်လွတ်သွားဖွယ်မရှိတဲ့အတွက် ယူနိုက်တက်အနေနဲ့ အက်သလက်တီကို နဲ့ စာချုပ် (၁၈) လသာကျန် ရှိ တော့တဲ့ နည်းပြဆီမြွန်နီကို ဆွဲဆောင်ဖို့ ဆက်သွယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ၄င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားဟောင်း နေသန်အကီ ကို ဘုန်းမောက်ကနေ ပြန်လည်ခေါ်ယူခွင့်စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Metro သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၃) နှစ်အရွယ်နေသန်အကီဟာ ချဲလ်ဆီးမှာ ပုံမှန်နေရာမရရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စတမ်းဖို့ဘရစ်ခ်ျကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးရဲ့ခံစစ်ကြောင်းမှာ ကာဟေးလ်နဲ့ ဒေးဗစ်လုဇ်တို့ဟာလည်း ထွက်ခွာနိုင်ခြေရှိနေတာကြောင့်ချဲလ်ဆီးဟာ အကီ ကိုပြန်လည်ခေါ်ယူသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂျီနိုအာကြယ်ပွင့် တိုက်စစ်မှူး ပီယာတက်ကို ခေါ်ယူဖို့ ဆက်လက်စောင့်ကြည့်နေကြပြီးတရားဝင်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ AS သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ပီယာတက်ဟာ လက်ရှိရာသီမှာ ဂျီနိုအာအတွက် (၁၉)ပွဲကစားထားရာမှာ သွင်းဂိုး (၁၃) ဂိုးအထိ ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့အတွက် ဥရောပအသင်းကြီးအချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ရီးရဲလ်ဟာ အဆိုပါတိုက်စစ်မှူးကို ယူရိုသန်း (၆၀) နဲ့ ခေါ်ယူခွင့်ရရှိသွားနိုင်တယ်လို့ ရေပန်းစားနေပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ပင်တိုင်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ရဲ့အရန်ကစားသမားအဖြစ်စပါးတိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ MundoDeportivo ကဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ မြူနီယာအယ်ဟက်ဒီကို ဆုံးရှုံးလိုက်ရတဲ့နောက်မှာတော့ ဆွာရက်ဇ်ရဲ့ အရန်တိုက်စစ်မှူးအဖြစ် အသက် (၃၃) နှစ်အရွယ် လော်ရန်တေးဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ လော်ရန်တေးရဲ့ လက်ရှိစာချုပ်ဟာ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ အသင်းကနေထွက်ခွာမယ့် ကြယ်ပွင့်ကစားသမားတွေရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့အတွက် စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ ဖီလစ်ပီကော်တင်ဟို၊နဲ့ အစ္စကို တို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ကော်တင်ဟိုဟာ နည်းပြဗယ်ဗာဒီရဲ့ လက်အောက်မှာ ပုံမှန်နေရမရတော့ပဲ အစ္စကိုဟာလည်း လက်ရှိအသင်းရဲ့ နည်းပြ ဆိုလာရီနဲ့ အဆင်မပြေမှုတွေကြောင့် ပွဲကစားချိန်တော်
တော်လေးကို နည်းပါးနေတာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဆန်းဒါးလန်း တိုက်စစ်မှူး ဂျို့ရှ်မာဂျာ ကိုခေါ်ယူစာချုပ်နိုင်ဖို့ မျှော်လင့်နေကြောင်း Express သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၀) နှစ်အရွယ်သာ ရှိသေးတဲ့ မာဂျာဟာ လက်ရှိ ၂၀၁၈-၁၉ ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ်လည်း ဆက်လက်ချုပ်ဆိုဖို့ အချိန်ဆွဲနေတဲ့အတွက် စပါးအနေနဲ့ အဆိုပါ တိုက်စစ်မှူးလေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရရှိသွားနိုင်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၄င်းတို့ရဲ့ အမြဲတမ်းနည်းပြရာထူးအတွက် ဆန်ကာတင်စာရင်းမှာ လက်ရှိအင်္ဂလန်နည်းပြ ဆောက်ဂိတ်ကိုလည်း ထည့်သွင်းထားလိုက်ပြီလို့ Telegraph ကဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက် ရဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝါ့ဒ်အနေနဲ့ စပါးနည်းပြပိုချက်တီနိုကို ခေါ်ယူခန့်အပ်ချင်ပေမယ့်လည်း အဆိုပါအာဂျင်တီးနားသားကြီးဟာ လန်ဒန်ကလပ်မှာပဲ ဆက်နေလိုတာကြောင့် အခက်တွေ့နေတာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအထိ စာချုပ်ထားတာဖြစ်တဲ့အတွက် မန်ယူနည်းပြရာထူးကို လက်ခံဖို့ အဆင်သင့်ဖြစ်ဦးမှာ မဟုတ်ဘူးလို့လည်း ပြောဆိုနေကြပါတယ်။