ဝင်ဘာလေမှာ သွားရောက်ယှဉ်ပြိုင်တဲ့ စပါးနဲ့ပွဲမှာ ယူနိုက်တက်ဟာ ရပ်ဖိုဒ့်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ အနိုင်ရရှိသွားပါတယ်။ ဒါပေမယ့်လို့ ပွဲအတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူက ဒီဂီယာဖြစ်ပြီး သူ့အတွက် ချီးကျူးသံတွေက ပွက်ပွက်ညံနေပါပြီ။

မန်ယူနိုက်တက် ဂိုးသမားဟောင်းကြီး တင်ဟောင်းဝပ်က လက်ရှိ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ၄င်းတို့ အတူ ရှိစဉ် ဖာဂူဆန် နည်းပြစဉ်က ကဲ့သို့ ပုံစံမျိုးနဲ့ ယူနိုက်တက်ကို ပြန်လည် အသက်သွင်းတာ မြင်ရတာ အားရကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဟောင်းဝပ်ဟာ ဆိုးရှားနဲ့အတူ ယူနိုက်တက်မှာ ၄ နှစ်တာ အတူ ကစားဖူးပြီး ၂၀၀၇ မှာ အတူတူ အနားယူသွားခဲ့ကြတာပါ။

ယူနိုက်တက် အမြဲတမ်းမန်နေဂျာ ရာထူးအတွက် ဆောက်ဂိတ်ကို ချိန်ရွယ်နေတယ် သတင်းများ ထွက်လာတဲ့အပေါ် ဒီအချိန်က ဆောက်ဂိတ်ကို ကမ်းလှမ်းဖို့ သင့်တော်တဲ့ ကာလ မဟုတ်ကြောင်း စကိုင်းစပေါ့မှ သုံးသပ်သူ Dominic Fifield က မှတ်ချက်ပြုလိုက်ပါတယ်။ ဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၂၀ ထိ တာဝန်ယူဖို့ စာချုပ်သစ် ချုပ်ဆိုထားတာ မကြာသေးပါဘူး။

ယူနိုက်တက်ပွဲမှာ ဟယ်ရီိကိန်း ဒဏ်ရာရခဲ့တာက စပါးအတွက် ထိုးနှက်ချက်လို့ မန်နေဂျာ ပိုချက်တီနိုက ပြောပါတယ်။ ဒါပေမယ့်လို့ ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ သတင်းမပြန်ပါဘူး။

စပါးအသင်းဟာ အေစီမီလန်မှ ကွင်းလယ်ကစားသမား Kessie ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတလီဘက်က သတင်းများမှာ ပါရှိလာပါတယ်။ အေစီမီလန်မှာ ၉ နှစ်ကြာ ရှိပြီ ဖြစ်တဲ့ အိုင်ဗရီကို့စ်သားကို ခေါ်ယူဖို့ အေစီမီလန်ဘက်မှ ယူရို သန်း ၄၀ လောက် အထိ တောင်းဆိုဖွယ် ရှိပါတယ်။

ဝုဗ်နဲ့ပွဲစဉ်အတွက် စီးတီးတိုက်စစ်မှူး အဂွယ်ရို အဖျားမှ သက်သာပြီး ပြန်လည် ပါဝင်နိုင်မယ် မျှော်လင့်ထားရကာ ၀ါရင့်ခံစစ်မှူး ဗင်းဆင့် ကွန်ပနီရဲ့ အနေအထားကတော့ မသေချာသေးပါဘူး။ အခြားသော ဒဏ်ရာရကစားသမားများကတော့ မန်ဒီနဲ့ ဘရာဗို ရှိပါတယ်။

မန်စီးတီးဟာ ဖာနန်ဒင်ဟိုနေရာ ဆက်ခံဖို့ ကစားသမားအဖြစ် နာပိုလီ ကွင်းလယ်ကစားသမား အလန်ကို ပစ်မှတ်ထားနေပြီ ဖြစ်တယ်လို့ အီတလီဘက်က သတင်းများမှာ ဖော်ပြလာပါတယ်။ အသက် ၂၈ နှစ်အရွယ် ၀ါရင့်ကွင်းလယ်ကစားသမားကို ခေါ်ယူချင်ရင် မန်စီးတီးအနေနဲ့ ယူရို သန်း ၁၀၀ လောက် သုံးရမှာပါ။

မန်စီးတီး ပရိသတ်များဟာ ဘီဘီစီရဲ့ MOTD အစီအစဉ်မှာ ဘရိုက်တန် လီဗာပူးပွဲကို သုံးသပ်စဉ် လီဗာပူးအသင်းကို ချန်ပီယံလို့ သုံးနှုန်းသွားတဲ့အပေါ် မကျေမနပ် ဖြစ်နေကြပါတယ်။ Jonathan Pearce က ဘရိုက်တန်ဟာ ချန်ပီယံအသင်းကို ကျော်နိုင်မလား လို့ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကလော့ပ်ရဲ့ အစီအစဉ်များအပေါ် မေးခွန်းထုတ်လိုက်ပါတယ်။ အထူးသဖြင့် တည်ငြိမ်တဲ့ ခြေစွမ်း ပြသနိုင်မယ့် ကလိုင်းကို အခုလို ခံစစ်ပြဿနာများ ရင်ဆိုင်နေရချိန်မှာ အငှားချလိုက်တဲ့အပေါ် နားမလည်နိုင်ကြောင်း ၄င်းက ဆိုပါတယ်။

လီဗာပူးကွင်းလယ်ကစားသမား ဖာဘင်ညိုက လက်ရှိ ကလပ်အသင်းမှာ ပျော်ရွှင်နေပြီး လီဗာပူးကို မလာခင်က ယခင်အသင်းဟောင်း မိုနာကိုရဲ့ ပြိုင်ဘက် ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗာပူးကို ရောက်ပြီးတဲ့နောက် လပိုင်းအကြာမှာပဲ ပီအက်စ်ဂျီက ခေါ်ယူလိုတယ်ဆိုတဲ့ သတင်းတွေက ထပ်မံထွက်ပေါ်ခဲ့ပြီး ထိုအရာကတော့ မမှန်ကြောင်း ဖာဘင်ညိုက ငြင်းဆိုသွားပါတယ်။

လီဗာပူးကစားသမား ထရန့်အလက်ဇန္ဒါး အာနိုးနဲ့ ယူနိုက်တက် တိုက်စစ်မှူး ရပ်ဖို့တို့ရဲ့ ညီအစ်ကိုတွေဟာ စားသောက်ဆိုင်တစ်ခုမှာ မနက်စာ စားသောက်စဉ် သေနတ်နဲ့ ထောက်ပြီး ဓားပြတိုက်တာ ခံခဲ့ရပါတယ်။ အာနိုးရဲ့ အကိုဆီက ပိုက်ဆံအိတ်နဲ့ ကား ပါသွားပြီး ရပ်ဖို့ အကိုဆီက နာရီတစ်လုံး ပါသွားကာ ဓားပြတွေရဲ့ တိုက်ခိုက်မှုကြောင့် နှစ်ယောက်လုံး ဆေးရုံရောက်သွားကြောင်း သိရပါတယ်။

ဘုန်းမောက်အသင်းဟာ ချယ်ဆီးက ပစ်မှတ်ထားနေတဲ့ ၄င်းတို့ တိုက်စစ်မှူး ကော်လန်ဝီဆန်အတွက် တန်ကြေး ပေါင် ၇၅ သန်း သတ်မှတ်လိုက်ပါတယ်။ ထို ပမာဏဟာ ၂၀၁၄ က Coventry အသင်းကနေ ခေါ်ယူစဉ် သုံးခဲ့ရတာထက် ၂၅ ဆ ဈေးတင်လိုက်တာ ဖြစ်ပါတယ်။

နယူးကာဆယ်ကို နိုင်တဲ့ပွဲအပြီးမှာ ချယ်ဆီးတောင်ပံတိုက်စစ်သမား ၀ီလျံက အသင်းအနေနဲ့ ဒိထက် ပိုပြီး ထိထိရောက် ကစားနိုင်မှုမျိုး လိုအပ်နေသေးတယ်လို့ ၀န်ခံသွားပါတယ်။ ပရီးမီးယားလိဂ်မှာက ပွဲတိုင်း ခက်ခဲလေ့ ရှိပြီး ပြိုင်ဘက်နဲ့ ရင်ဆိုင်စဉ် ပွဲကို သတ်လိုက်ဖို့က ပိုခက်ခဲတယ်လို့ ၄င်းက ဆိုပါတယ်။

အေစီမီလန်အသင်းဟာ အသင်းမှာ တစ်ဦးတည်းသော ထူးချွန်ကစားသမား ဖြစ်တဲ့ တိုက်စစ်မှူး ဟီဂူအင်ကို လက်လွှတ်လိုက်ရင် ရူးမိုက်မှုသက်သက်ပဲလို့ အီတလီလက်ရွေးစင်ဟောင်း Antonio Cassano က သတိပေးလိုက်ပါတယ်။ ဟီဂူအင်ကို ချယ်ဆီးအသင်းက ဒီအပြောင်းအရွှေ့မှာ အရခေါ်ယူဖို့ ချိတ်ဆက်နေကာ ကစားသမားကိုယ်တိုင်ကလည်း ဆရာဟောင်း ဆာရီနဲ့ ပြန်လည် လက်တွဲလိုနေပါတယ်။

အာဆင်နယ်ဟာ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်းမှာ ကစားနေတဲ့ တောင်ပံကစားသမား ကာရက်စ်ကို ပရီးမီးယားလိဂ်မှ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ကစားသမားရဲ့ ဇနီး ဖြစ်သူက သတင်းဌာနတစ်ခုမှ ထည့်သွင်းဖြေကြားသွားပါတယ်။ မိုနာကိုနဲ့ အက်သလက်တီကို တို့မှာ ကစားခဲ့တဲ့ ဘယ်လ်ဂျီယံသားဟာ ၂၀၁၈ က မှ စူပါလိဂ်ကို ရောက်သွားပြီး မပျော်မရွှင် ဖြစ်နေပါတယ်။

ဝက်စ်ဟမ်းကို ရှုံးတဲ့ပွဲဟာ အိုဇေးလ် မပါတဲ့ အာဆင်နယ် ဘယ်လောက် ဖန်တီးနိုင်မှု ကင်းမဲ့သွားလဲဆိုတာ အထိနာအောင် သတိပေးလိုက်တဲ့ အချက်ဖြစ်တယ်လို့ Goal သတင်း မှာ သုံးသပ်သွားပါတယ်။ ထိုပွဲမှာ အာဆင်နယ်ကစားသမားဟောင်း နာဆရီက တစ်လုံးတည်းသော ၀က်စ်ဟမ်း အနိုင်ဂိုးအတွက် ဖန်တီးပံ့ပိုးပေးသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘာစီလိုနာ ကစားသမား ဒန်းနစ်ဆွာရက်ကို ဒီလထဲမှာ အငှားနဲ့ ခေါ်ယူခွင့်ရဖို့ ကစားသမားကို ဆက်သွယ် နားချနေဆဲလို့ သိရပါတယ်။ ဒီလထဲမှာ အပြီးသတ်ဝယ်ယူဖို့ ငွေကြေးမတောင့်တင်းသေးတဲ့အတွက် အမ်မရီက ဆွာရက်ကို အငှားနဲ့ဦးစွာ ခေါ်ယူပြီး ရာသီကုန်ရင် အပြီးသတ် ၀ယ်ယူခွင့် ထည့်သွင်း ကမ်းလှမ်းထားပါတယ်။