စပါး-မန်ယူပွဲစဉ်မှာတော့ မန်ယူအသင်းက ရက်ရှ်ဖို့ဒ်ရဲ့ တစ်လုံးထဲသော အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နည်းပြဖြစ်သူ ဆိုးလ်ရှားဟာလည်း သမိုင်းစံချိန် အသစ်တစ်ခုကို ရရှိခဲ့ပါတယ်။

မန်ယူအသင်းရဲ့ သမိုင်းတစ်လျှောက် ဘယ်နည်းပြမှ သူတို့စတင်ကိုင်တွယ်တဲ့ ၆ပွဲလုံးကို အနိုင်ယူ ထားခဲ့ဖူးခြင်း မရှိခဲ့ပါဘူး။ ဆိုးလ်ရှားကတော့ သူကိုင်တွယ်တဲ့ ပထမဆုံး ၆ပွဲလုံးကို အနိုင်ယူခဲ့ပြီး စံချိန်သစ် တစ်ခုရယူခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၅ပွဲနိုင်ခဲ့တာ ဖြစ်ပြီး FA ဖလားတစ်ပွဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။

အရင်က ဆာမက်ဘက်စ်ဘီက ပွဲဦးထွက် ၅ပွဲဆက် အနိုင်ရခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒီစံချိန်ကို ဆိုးလ်ရှားက ၆ပွဲဆက် အနိုင်ယူပြီး စံချိန်ချိုး လိုက်ပါတယ်။ မန်ယူအသင်းဟာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုကို ထုတ်ကာ ဆိုးလ်ရှားကို ယာယီနည်းပြ အဖြစ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ ကာဒစ်ဖ်နဲ့ပွဲစဉ်မှာ ၅-၁နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပွဲစဉ်မှာတော့ ဟတ်ဒါဖီးလ်ကို ၃-၁ ၊ တတိယပွဲစဉ်မှာတော့ ဘုန်းမောက်ကို ၄-၁၊ စတုတ္ထပွဲစဉ်မှာတော့ နယူးကာဆယ်ကို ၂-၀ ၊ပဉ္စမပွဲစဉ်မှာတော့ ရီးဒင်းကို ၂-၀၊ ယခု နောက်ဆုံးပွဲစဉ်မှာတော့ စပါးကို ၁-၀နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မော်ရင်ဟိုလက်ထက်က ပျင်းရိဖွယ် ကစားပုံကိုလည်း ပြောင်းလဲနိုင်ခဲ့ပြီး မန်ယူအသင်းရဲ့ တိုက်စစ်ကို ပြန်လည် ပုံဖော်နိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်၊မာရှယ်၊ လူကာကူ၊ ပေါ့ဘာတို့ဟာ ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်း အသီးသီးပြနေကြပြီး မန်ယူအသင်းဟာ ဆိုးလ်ရှားလက်ထက်မှာ ၁၇ ဂိုးအထိ သွင်းယူထားကာ ပေးဂိုး ၃ဂိုးပဲပေးထားရပါတယ်။

မန်ယူအသင်းဟာ နောက်တစ်ပတ်မှာတော့ ဘရိုက်တန် အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်ပြီးရင်တော့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ FA ဖလားပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။