ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ရဲ့ တစ်ပတ်တာ အကောင်းဆုံးအသင်းမှာတော့ မန်ယူကစားသမားတွေ လွှမ်းမိုးနေပါတယ်။ ဒီဂီယာဟာ စပါးနဲ့ မန်ယူပွဲစဉ်မှာ ဂိုးပေါက်ကာကွယ်မှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ပေါ့ဘာကလည်း ကွင်းလယ်မှာ အထူးခြေစွမ်းပြပြီး ရပ်ရှ်ဖို့ဒ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် အကောင်းဆုံးအသင်းကိုတော့ အခုလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

>> ဂိုး – ဒီဂီယာ (မန်ယူ)

ဒီဂီယာဟာ စပါးနဲ့ပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ ဒုတိယမြောက် ဂိုးပေါက်ကာကွယ်မှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့အနေနဲ့ ဂိုးပေါက်ကာကွယ်မှု အများဆုံး ပြုလုပ်နိုင်ခဲ့တာက ၂၀၁၇ ဒီဇင်ဘာလ၊ အာဆင်နယ်နဲ့ပွဲမှာဖြစ်ပြီး ဂိုးပေါက်ကာကွယ်မှု ၁၄ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့တာပါ။

>> ညာနောက်ခံ – ဟာဒါဂျိုနက် (ဟက်ဒါဖီးလ်)

နောက်တန်းကစားသမား ဖြစ်ပေမယ့် ကာဒစ်ဖ်နဲ့ပွဲမှာ key-pass သုံးကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဟက်ဒါဖီးလ် တစ်သင်းလုံးမှာ အများဆုံးပမာဏပါပဲ။

>> ဗဟိုနောက်ခံ – ဒေးဗစ်လုဇ် (ချယ်လ်ဆီး)

နယူးကာဆယ်ကို 2-1 နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပတ်ဒရိုရဲ့ အဖွင့်ဂိုးကို အကောင်းဆုံး ဖန်တီးနိုင်ခဲ့တဲ့အပြင် ဘောလုံးရှင်းထုတ်မှု ၆ ကြိမ်၊ လျှောထိုးဖြတ်ထုတ်မှု ၂ ကြိမ်၊ ကြားဖြတ်ဟန့်တားမှု ၂ ကြိမ်စီ ပြုလုပ်ပေးထားပါတယ်။

>> ဗဟိုနောက်ခံ – ဘမ်ဘာ (ကာဒစ်ဖ်)

ကာဒစ်ဖ်နောက်ခံလူဘမ်ဘာဟာ ဟက်ဒါဖီးလ်နဲ့ ဂိုးမရှိ သရေကျတဲ့ပွဲမှာ ဘောလုံးလုယူမှု ၁၂ ကြိမ်၊ ကြားဖြတ်ဟန့်တားမှု ၆ ကြိမ်နဲ့ ဘောလုံးပိတ်ဆို့မှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

>> ဘယ်နောက်ခံ – ရော်ဘတ်ဆန် (လီဗာပူး)

ဒီနှစ်ဘောလုံးရာသီ လီဗာပူးအသင်း ၁၃ ပွဲမြောက် Clean-Sheet ရခဲ့တာမှာ ရော်ဘတ်ဆန်ဟာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးပေးပို့မှု ၇၇ ကြိမ်နဲ့ လျှောထိုးဖြတ်ထုတ်မှု ၃ ကြိမ် ရှိခဲ့တာပါ။

>> ကွင်းလယ် – ဂျော်ဂျင်ဟို (ချယ်လ်ဆီး)

ဂျော်ဂျင်ဟိုရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ချယ်လ်ဆီးပရိသတ်တွေက အားမလိုအားမရတွေ ဖြစ်နေကြပေမယ့်လည်း ကိန်းဂဏန်း အချက်အလက်တွေအရ သူ့ရဲ့စွမ်းဆောင်ရည်က ထင်သလောက် မညံ့ခဲ့ပါဘူး။ ဘောလုံးထိချက် ၁၁၃ ချက်၊ ဘောလုံးပေးပို့မှု ၁၀၁ ကြိမ်နဲ့ key-pass ၃ ကြိမ် ရှိခဲ့တာပါ။

>> ကွင်းလယ် – ဒီကလန်ရိုက်စ် (ဝက်စ်ဟမ်း)

ဝက်စ်ဟမ်းရဲ့ ဆယ်ကျော်သက် ကွင်းလယ်လူဟာ အာဆင်နယ်နဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

>> ကွင်းလယ် – ပေါ့ဘာ (မန်ယူ)

မော်ရင်ညိုလက်ထက်မှာ ခြေစွမ်းပိုင်း မတည်ငြိမ်ခဲ့တဲ့ ပေါ့ဘာဟာ ဆိုးလ်ရှားလက်ထက်မှာတော့ အကောင်းဆုံး ခြေစွမ်းပြနေပြီး မန်ယူရဲ့သွင်းဂိုး ၈ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေပါတယ်။ ၄ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးပေးထားတာပါ။

>> တိုက်စစ် (ညာ) – ပတ်ဒရို (ချယ်လ်ဆီး)

နယူးကာဆယ်နဲ့ပွဲမှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့သူ ပတ်ဒရိုဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ နယူးကာဆယ်နဲ့ နှစ်ပွဲတွေ့ဆုံခဲ့ရာမှာ ၃ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

>> တိုက်စစ် (အလယ်) – မားကပ်စ်ရပ်ရှ်ဖို့ဒ် (မန်ယူ)

စပါးနဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သူ ရပ်ရှ်ဖို့ဒ်ဟာ မန်ယူကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

>> တိုက်စစ် (ဘယ်) – ရှာရယ်လ် (ဖူလ်ဟမ်)

ဘန်လေနဲ့ပွဲမှာ ရှာရယ်လ်ဟာ ပွဲချိန်တစ်မိနစ်နဲ့ ၄၉ စက္ကန့်မှာပဲ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ဖူလ်ဟမ်အတွက် အမြန်ဆုံး ပရီးမီးယားလိဂ်သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။