မန်စီးတီးဟာ အီသီးဟတ်ကွင်းမှာ ဝုဗ်ကို လက်ခံကစားပြီး ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကတော့ ဂျီးဆုက နှစ်ဂိုးနဲ့ ဝုဗ်ခံစစ်သမား ကုတ်ဒီက ကိုယ်ဂိုးကို တစ်ဂိုး ပြန်သွင်းခဲ့တာဖြစ်တယ်။

မန်စီးတီးအသင်း မန်နေဂျာ ဂွာဒီယိုလာက အသင်းနဲ့ စာချုပ် ၁၈လသာ ကျန်တော့တဲ့ ၀ါရင့်ကွင်းလယ်သမား ဂွမ်ဒိုဂန်ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဂျာမန်သားကြီးဟာ ၂၀၁၆ က အီတီးဟက်သို့ ရောက်ရှိလာတာ ဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၀ နွေမှာ ကုန်ဆုံးမှာပါ။

ခြေစွာနေတဲ့ ၀ုဗ်အသင်းမှာ အသင်းခေါင်းဆောင် ဖြစ်နေပြီ ဖြစ်တဲ့ လီဗာပူးအကယ်ဒမီထွက် ကော်နာကုတ်ဒီကို အန်းဖီးသို့ ပြန်လည် ခေါ်ယူရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ ၀ုဗ်အသင်းဘက်က ၄င်းတို့ အဓိက ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပြီး ကော်နာကုတ်ဒီကို လီဗာပူးအပြင် အာဆင်နယ်ကလည်း ခေါ်ယူလိုနေပါတယ်။

လီဗာပူးအသင်းဟာ ရာသီဝက် winter break မှာ အသင်းလိုက် ပြန်လည်ထူထောင်ရေးနဲ့ စုစည်းလေ့ကျင့်ဖို့ အင်္ဂလန်ပြင်ပသွားရောက်ရန် စီစဉ်နေပါတယ်။ နွေးထွေးတဲ့ ရာသီဥတု ရှိရာ ဒူဘိုင်းသွား သွားရောက်လေ့ကျင့်ဖို့ ကြံရွယ်ထားပြီး အတည်ပြုမှုတော့ မရှိသေးပါဘူး။

ဂျူဗင်တပ်ကစားသမား ဒိုင်ဘာလားက ချန်ပီယံလိဂ်ဟာ အသင်းရဲ့ ဒီရာသီ အဓိက ပစ်မှတ်ဖြစ်ပြီး ရှုံးထွက်အဆင့်မှာ သူ မတွေ့ချင်ဆုံး အသင်း နှစ်သင်းက အက်သလက်တီကိုနဲ့ ပရီးမီးယားလိဂ်မှ လီဗာပူးအသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်ဟာ လီဗာပူးကို ရှောင်လွှဲနိုင်ခဲ့ပေမယ့် အက်သလက်တီကိုနဲ့ ရင်ဆိုင်တွေ့ရတော့မှာပါ။

ချယ်ဆီးတိုက်စစ်မှူး မိုရာတာဟာ မက်ဒရစ်သို့ သွားခဲ့ပြီး ဒီအပြောင်းအရွှေ့မှာ စပိန်သို့ ပြန်သွားနိုင်ဖို့ ကလပ်အသင်း ရှာဖွေညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ၄င်းရဲ့ အေးဂျင့်ဖြစ်သူက ဆီဗီလာအသင်းနဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့သော်လည်း သဘောတူညီမှု မရနိုင်ခဲ့ဘဲ အသင်းဘက်က ဆွေးနွေးခြင်း ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ်။ မိုရာတာကို ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်ကလည်း စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးအသင်းဟာ ဇင်းနစ်ကွင်းလယ်ကစားသမား Leandro Paredes အတွက် ကနဦး ချဉ်းကပ်မှု အနေနဲ့ ယူရို သန်း ၃၀ နဲ့ ချိတ်ဆက်ထားသော်လည်း ဇင်းနစ်ဘက်က ၄င်းတို့ ကစားသမား အာဂျင်တီးနား လက်ရွေးစင်အတွက် ယူရို သန်း ၄၀ ထိ အလို ရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ဟီဂူအင်အတွက် ၁၈ လ အငှားနဲ့ ချယ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ဂျူဗင်တပ်အသင်းဘက်က ပယ်ချလိုက်ပါတယ်။ ထိုသို့ ကာလရှည်အငှား အစား အေစီမီလန် အဆိုပြုထားတဲ့ ရာသီကုန်ထိ အငှားကစားပြီး နွေမှာ ပေါင် ၃၂ သန်းနဲ့ ၀ယ်ယူစေလိုနေတာပါ။ ချယ်ဆီးတာဝန်ရှိသူတွေဘက်ကလည်း ထို အချက်ကို မလိုလားဘူး ဖြစ်နေပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ နည်းပြ အမ်မရီရဲ့ ချန်လှပ်မှုခံရပြီး အပြင်မှာ ၄င်းနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ မုန်တိုင်းထန်နေချိန်မှာ တိတ်ဆိတ်နေခဲ့တဲ့ အိုဇေးလ်တစ်ယောက် တွစ်တာကနေ အသံပြုသွားပါတယ်။ အသင်းမှာ လေ့ကျင့်နေတဲ့ ပုံရိပ်နဲ့ အတူ ‘ဘာတွေပဲ ဖြစ်နေနေ အလုပ်လုပ်ရမယ်’ လို့ ပြောဆိုထားခဲ့ပါတယ်။

Talk Sports မှ သုံးသပ်သူ ဒန်နီမာဖီကတော့ အာဆင်နယ်အသင်းဟာ ပိုမိုကြံ့ခိုင်လာပြီး နည်းစနစ်ပိုင်း စနစ်တကျ ရှိလာနေကာ လိုအပ်နေတာက ခံစစ်ပိုင်း အရည်အသွေးတွေ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အနေနဲ့ တိုးတက်မှုရအောင် လုပ်ဆောင်နေဆဲ ဖြစ်လို့ ကစားသမားတွေ ခေါ်ယူပြီး အင်အားဖြည့် တည်ဆောက်ရန် အပြောင်းအရွှေ့ကာလ တစ်ကြိမ် နှစ်ကြိမ်လောက် လိုအပ်ဦးမယ်လို့ သုံးသပ်လိုက်ပါတယ်။

ဝက်စ်ဟမ်းကို ရှုံးတဲ့ ပွဲအပြီးမှာ အူနိုင်း အမ်မရီက အာဆင်နယ်အနေနဲ့ အခွင့်ကောင်းကို မဆုပ်ကိုင်နိုင်ဘဲ တည်ငြိမ်တဲ့ ခြေစွမ်း ထိန်းသိမ်း မထားနိုင်တာကြောင့် ဒီရာသီ အဆင့် ၄ အတွင်း ၀င်ဖို့ ခက်ခဲတဲ့ အနေအထားရောက်နေပြီ ဖြစ်ကြောင်း ၀န်ခံ ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်မှာ ဆိုးရှား လုပ်နေသလိုမျိုး မည်သူမဆို လုပ်နိုင်တယ်လို့ ပေါအင့်က Paddy Power မှာ ပြောကြားလိုက်ပါတယ်။ မော်ရင်ညို ထွက်ခွာစဉ်က အသင်းဟာ အလုံးစုံ ပျက်စီးနေတာမျိုး မဟုတ်ဘဲ ခေတ္တ တိမ်ဖုံးနေတာမျိုးကို ဆိုးရှားရဲ့ ရင်းနှီးနွေးထွေးတဲ့ ချဉ်းကပ်မှုကြောင့်သာ ပြန်လည် အရေးသာလာကာ အိုးထရက်ဖို့မှာ အပြုံးပန်းတွေ ဝေလာတာ ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်က မန်ချက်စတာယူနိုက်တက် အနေနဲ့ ဂိုးသမား ဒီဂီယာကို အသင်းမှာ ထိန်းထားဖို့ လိုကို လိုအပ်ကြောင်း သတိပေးစကား ဆိုလိုက်ပါတယ်။ ဒီဂီယာဟာ ဒီနွေမှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ် သဘောတူလက်မှတ် မထိုးသေးတဲ့အတွက် အသင်းဘက်က နောက်ဆက်တွဲ တစ်နှစ်တိုးခွင့်ကို အသုံးပြုကာ ဆက်လက် ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။

စပါးနဲ့ပွဲမှာ အထူးလက်စွမ်းပြခဲ့တာကြောင့် ပွဲအပြီးမှာ ဒီဂီယာကို ချီးကျူးမှုတွေ အများအပြား ရှိခဲ့ပြီး အသင်းဖော် အက်ရှ်လေယန်းကတော့ ဒီဂီယာက ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်တယ်လို့ အမွှမ်းတင်လိုက်ပါတယ်။ မာတစ်ကလည်း ဒီဂီယာက ဂရိတ် ဂိုးသမားလို့ ညွှန်းဆိုထားပါတယ်။

ယူနိုက်တက်ကို ရှုံးတဲ့ပွဲမှာ စပါးတိုက်စစ်သမား ဆွန်ယောင်မင် လူမျိုးရေးခွဲခြားဆက်ဆံ ခံခဲ့ရတယ်လို့ သိရပြီး အပြစ်ရှိသူကို ရှာဖွေစုံစမ်းနေတယ်လို့ သိရပါတယ်။ စပါးပရိသတ်တွေဟာ အာဆင်နယ် ကစားသမား အူဘာမီယန်းကို ငှက်ပျောခွံနဲ့ ပစ်တဲ့ လုပ်ရပ်အတွက်လည်း အရေးယူခံရမှုတွေ ရှိခဲ့ပြီး ဒီတကြိမ်မှာ ကိုယ့်ကစားသမားကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ရှုံးပွဲအတွက် ဆွန်က ပရိသတ်တစ်ဦးကို နှစ်သိမ့်ဖို့ ကြိုးစားရမှာ ဆဲရေးပြီး ခွဲခြားတဲ့ စကားလုံးတွေ သုံးခံခဲ့ရတယ်လို့ သိရပါတယ်။

ရာသီကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ စပါးကစားသမား ဒမ်ဘီလီဟာ တရုတ်စူပါလိဂ်ကလပ် Beijing Guoan သို့ ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကိန်းရဲ့ ဒဏ်ရာ အခြေအနေကို ဆေးအဖွဲ့ က စောင့်ကြည့်နေတာကြောင့်သာ အပြောင်းအရွှေ့ အပြီးမသတ်ဖြစ်သေးတာ ဖြစ်ကြောင်း သိရပါတယ်။