ချဲလ်ဆီး ဗဟိုခံစစ်မှူး ဒေးဗစ်လုဇ်ဟာ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ အပြည့်အဝယုံကြည်လျက်ရှိနေတယ်လို့ ကစားသမား ရဲ့ အပြောင်းအရွှေ့ အေးဂျင့်ဖြစ်သူက ပြောကြားသွားခဲ့ပါတယ်။ အသက် (၃၁) နှစ်အရွယ် ဘရာဇီးသား ခံစစ်မှူး ဒေးဗစ်လုဇ်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ နောက်ဆုံးခြောက်လထဲကို ရောက်ရှိနေပြီဖြစ်လို့ သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေနဲ့ဆွေးနွေးခွင့်ရှိနေပြီဖြစ်ပါတယ်။ ဒေးဗစ်လုဇ်ကတော့ အသင်းမှာပဲ ဆက်ရှိသွားလိုနေပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ကို လက်ရှိဆောင်းရာသီအပြောင်းအရွှေ့ ကာလအတွင်း ရောင်းချသွားလိုနေတယ်လို့ သိရပြီး ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ TMW သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဂျာမန်သား အိုဇေးလ်ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေမှာတုန်းက အဆိုပါစီးရီးအေအသင်းတွေဟာ စိတ်ဝင်တစားနဲ့ ချိတ်ဆက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုရေးက သူ့ကို ခေါ်ယူဖို့ ဆဲလ်တစ်အသင်းက စိတ်ဝင်စားနေကြောင်းအတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အိုင်ဗရီကို့စ် ဝါရင့်ကွင်းလယ်လူ ယာယာတိုရေးက သူ့အနေနဲ့ ဆဲလ်တစ်အသင်းရဲ့နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ စကားပြောဆိုသွားဖို့ ရှိတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ စကော့တလန်ကလပ် ဆဲလ်တစ်ကို ကိုင်တွယ်နေတဲ့ နည်းပြ ရော်ဂျာဟာ တိုရေးရဲ့ ညီအစ်ကိုတော်စပ်သူ ကိုလိုတိုရေးကိုလည်း နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ယူထားတယ်လို့ သိရပါတယ်။

ချဲလ်ဆီးမှာနေရာမရဖြစ်နေတဲ့ တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာဟာ လုပ်ခလစာလျှော့ယူပြီး စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ Marca သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ စပိန်သား မိုရာတာဟာ ၂၀၁၆ ခုနှစ်မှာတုန်းက ရီးရဲလ်မက်ဒရစ်ကနေ ပေါင် (၇၅) သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး လုပ်ခလစာအနေနဲ့တစ်နှစ် ယူရို (၉) သန်း ခန့်ရရှိနေတယ်လို့ သိရပါတယ်။

ကလပ်ဘရုဂေးလ်ရဲ့ တောင်ပံကစားသမားလေး အာနောက်ဒန်ဂျူမာ ဂရိုအန်ဗယ်လ်ကို လစ်ဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ အဲဗာတန်တို့က အပြိုင်ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါနိုင်ဂျီးရီးယားဖွား နယ်သာလန်သားလေး အတွက် အေစီမီလန်အသင်းဟာ ပေါင် (၉)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီးပြီလို့ သိရပြီး ကလပ်ဘရုဂေး အသင်းက ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်မှူး မာကိုအနာထဗစ်ဟာ လာမယ့်အပတ်အတွင်းမှာ တရုတ်စူပါလိဂ် ကလပ် ရှန်ဟိုင်း SIPG ကိုပေါင် (၃၅) သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ The Sun သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ်တိုက်စစ်မှူး အနာထဗစ်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပြီးနောက်ဝက်စ်ဟမ်းပရိသတ်တွေကို လက်ပြနှုတ်ဆက်သွားခဲ့ပုံရတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ မြူနီယာကို ဆီဗီလာအသင်းဆီ ရောင်းချပြီးတဲ့ နောက်မှာတော့ ဂျီရိုနာ တိုက်စစ်မှူး ခရစ်ရှန်စတူအာနီကို ခေါ်ယူဖို့ မြှားဦးလှည့်လာခဲ့တယ်လို့ AS သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြ အန်နက်စ်တိုဗယ်ဗာဒီဟာ အသင်းဆီကို တိုက်စစ်မှူးတစ်ဦး အင်အားဖြည့်တင်းလိုနေတာ ဖြစ်ပြီး အဆိုပါ မစ်ဒယ်ဘရော့ ကစားသမားဟောင်းခရစ်ရှန် စတူအာနီကို မျက်စိကျနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ၄င်းတို့ရဲ့ လူငယ်တိုက်စစ်ကစားသမားလေး ဟက်ဆန်အိုဒိုအီအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ပေါင် (၃၅) သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားဖို့ အချိန်ဆွဲနေတယ်လို့ သိရပြီး အဆိုပါ အင်္ဂလန်သား ကြယ်ပွင့်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းဖို့အတွက် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပွဲချိန်ပိုမိုပေးပြီး နောက်ဆုံးအကြိမ်ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ Goal သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ချဲလ်ဆီးဟာ အိုဒိုအီကို လက်လွတ်ရဖို့ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူလိုနေတဲ့ ၄င်းတို့ရဲ့ ကြယ်ပွင့်ကစားသမား အီဒင်ဟာဇက်အတွက် ပေါင်သန်း(၁၀၀) သတ်မှတ်လိုက်တယ်လို့ The Telegraph ကဖော်ပြသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံကြယ်ပွင့် ဟာဇက်ဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း (၆)လသာ ကျန်ရှိပြီး ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ အပူတပြင်း ချိတ်ဆက်ခြင်းကို ခံနေရပါတယ်။ရီးရဲလ်ဟာ ရော်နယ်ဒိုထွက်ခွာသွားတဲ့နောက်ပိုင်း အသင်းကို ပြန်လည်တည်ဆောက်ဖို့ ဟာဇက်အပြင် စပါးကွင်းလယ်လူ အဲရစ်ဆင် ကိုပါ ခေါ်ယူသွားလိုနေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လတ်တလောမှာ အသင်းရဲ့တိုက်စစ်မှူးဟယ်ရီကိန်းကို ဒဏ်ရာပြဿနာနဲ့ဆုံးရှုံးထားရတာကြောင့် ဘာစီလိုနာမှာ ပုံမှန်နေရာမရဖြစ်နေတဲ့ တောင်ပံကစားသမား မယ်လ်ကွန်ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ Daily Star ကဖော်ပြသွားခဲ့ပါတယ်။ ဘရာဇီးသား မယ်လ်ကွန်ဟာ ဘော်ဒိုးကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်ပိုင်း နူးကမ့်မှာ နေရာရဖို့ရုန်းကန်နေရပြီး ဘာစီလိုနာအနေနဲ့ကလည်း ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ ရှိနေပါတယ်။