လီဗာပူးအသင်းဟာ အသက် ၂၀ အရွယ် ပေါ်တိုခံစစ်မှူး Eder Militao ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲ ပါဝင်လာတယ်လို့ ဘရာဇီးသတင်းဌာနများမှာ ဖော်ပြလာပါတယ်။ Militao ရဲ့ အသင်းက ထွက်ခွာဖို့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၅ သန်း ဖြစ်ပါတယ်။ Militao ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့အသင်းထဲမှာ လီဗာပူးရဲ့ မဟာပြိုင်ဘက်အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ ပါဝင်ပါတယ်။

ဘရိုက်တန်နဲ့ပွဲ ပွဲကြို သွေးပူလေ့ကျင့်ခန်းမှာတင် ဒဏ်ရာရခဲ့တဲ့ လီဗာပူး ညာခြမ်း ခံစစ်မှူး ထရန့် အလက်ဇန္ဒါးအာနိုးဟာ ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၂ ပတ်ကနေ ၄ ပတ်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ကစားသွားတဲ့ အာနိုးရဲ့ ဒဏ်ရာက ပွဲအပြီးမှာ ပိုဆိုးသွားတာပါ။

အာနိုးနည်းတူ နောက်ထပ် ဒူးဒဏ်ရာ ရသွားတာကတော့ ကွင်းလယ်ကစားသမား ဝိုက်နယ်ဒမ် ဖြစ်ပါတယ်။ ၄င်းရဲ့ ဒဏ်ရာက စိုးရိမ်ဖွယ် မရှိပေမယ့် သီတင်းပတ်အကုန် ပဲလေစ့်ပွဲ ပါဝင်ကစားနိုင်ဖို့ကတော့ မသေချာပါဘူး။

ချယ်ဆီးအသင်းဟာ ရာသီကုန်ရင် အနားယူမယ် ကြေငြာလိုက်တဲ့ ၄င်းတို့ ဂန္တဝင်ဂိုးသမားကြီး ပီတာချက် အာဆင်နယ်အသင်းမှ ထွက်ခွာပြီးလျှင် အသင်း နည်းပြအဖွဲ့ထဲ ထည့်သွင်းဖို့နဲ့ ချယ်ဆီး ကိုယ်စားပြု သံတမန် ရာထူး ခန့်အပ်ဖို့ စီစဉ်နေပါတယ်။

အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူး ရှာဖွေနေတဲ့ စပိန်အင်အားကြီးကလပ် ဘာစီလိုနာက ချယ်ဆီးအသင်း တိုက်စစ်မှူး ဂျီရူးကို ခေါ်ယူဖို့ မျက်စိကျလာကြောင်း သတင်းများ တက်လာပါတယ်။ ချယ်ဆီးမှာ ရုန်းကန်နေရတဲ့ ဂျီရူးဟာ စာချုပ်အသစ်အတွက်လည်း သဘောတူညီမှု မရသေးပါဘူး။ ဘာစီလိုနာက ဒီလထဲမှာ ခေါ်ချင်ရင် ဂျီရူးအတွက် ယူရို ၁၅ သန်း (ပေါင် ၁၃.၅ သန်း) ခန့် သုံးရမှာပါ။

ချယ်ဆီးအသင်းဟာ ဒီသီတင်းပတ် အကုန်မှာ တိုက်စစ်မှူး ဟီဂူအင်ရဲ့ အပြောင်းအရွှေ့ကိစ္စ အတွက် မီးစိမ်းပြနိုင်လိမ့်မယ့် မျှော်လင့်နေပါတယ်။ ဂျူဗင်တပ်ကစားသမား ဖြစ်ပြီး အေစီမီလန်မှာ ကာလရှည် အငှားချထားတဲ့သူ ဖြစ်တဲ့အတွက် ဟီဂူအင်ရဲ့ အပြောင်းအရွှေ့က အဆင့်ဆင့် ညှိနှိုင်းရ ခက်ခဲနေပါတယ်။

ဘိုင်ယန်မြူးနစ်က အာဆင်နယ်အသင်း ကင်းထောက်ချုပ် မစ်လင်တက်ကို ဂျာမနီသို့ ခေါ်ယူလိုနေပြီး ရာသီအကုန်မှာ အကြံစည် အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မစ်လင်တက်ဟာ ဒေါ့မွန်မှာ ပါရမီရှင် ဘောလုံးသမားတွေကို ရှာဖွေခေါ်ယူနိုင်တဲ့အတွက် နာမည်ကျော်ခဲ့ပါတယ်။

အာဆင်နယ် ဂိုးသမားကြီး ပီတာချက်ဟာ ရာသီကုန်ရင် ပရော်ဖက်ရှင်နယ် ဂိုးသမားအဖြစ်က အနားယူမှာ ဖြစ်ကြောင်း ကြေငြာလိုက်ပါပြီ။ ပရီးမီးယားလိဂ် ၀ါရင့် ဂန္တဝင်ဂိုးသမားကြီးဖြစ်တဲ့ ပီတာချက်ဟာ ချယ်ဆီးအတွက် ပွဲပေါင်း 494 ပွဲ၊ အာဆင်နယ်အတွက် ပွဲပေါင်း 129 ပွဲတို့ကို ကစားပေးခဲ့သူပါ။

အိုဇေးနဲ့ အာဆင်နယ်နဲ့ ပတ်သတ်တဲ့ မေးခွန်းတွေက ပြင်းထန်ဆဲ ဖြစ်ပြီး အသင်းမှာ လစာအများဆုံးရကာ ကစားခွင့် မရတဲ့အပေါ် ပရိသတ်တွေဆီက ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။ စပိန်ဘက်က သတင်းများအရ ငွေကြေးရှာဖွေဖို့ ရောင်းထုတ်ချင်နေတဲ့ အာဆင်နယ်အသင်းထံ အိုဇေးအတွက် ကမ်းလှမ်းမှုတစ်ခု လက်ခံရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုဟာ အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းသမားများနဲ့ အများ ရှေ့မှောက်ကို ပြန်လည် မျက်နှာပြတော့မှာ ဖြစ်ပါတယ်။ မော်ရင်ညိုက Bein Sports အစီအစဉ် တင်ဆက်သူအဖြစ် လာမယ့် ကြာသပတေးနေ့ အာရှဖလားပွဲ ကာတာနဲ့ ဆောဒီအာရေဗျပွဲစဉ်မှာ ပါဝင်တင်ဆက်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် အဓိက ကစားသမား ဖြစ်လာတဲ့ ဂိုးသမား ဒီဂီယာက အသင်းမှာ ဆက်နေလိုသော်လည်း စာချုပ်သစ်မှာ ၄င်းရဲ့ လုပ်ခလစာကို ညှိနှိုင်းဖို့ အလိုရှိနေပါတယ်။ ဒီဂီယာရဲ့ လက်ရှိ လုပ်ခ လစာ တစ်ပတ် ပေါင် ၂ သိန်း ရနေရာမှ ပေါင် ၃သိန်းထိ တိုးမြှင့်ပေးစေလိုနေတာပါ။

ဆိုးရှားရဲ့ လက်ထောက်နည်းပြ မိုက်ဖီလန်ရဲ့ အိပ်မက်ဟာ ပရိသတ် ၇ သောင်းကျော်ရှေ့မှာ အသင်းတစ်သင်းကို နည်းပြအဖြစ် ကိုယ်စားပြုဖို့ ဖြစ်ပြီး ၄င်းရဲ့ ဆန္ဒက စပါးနဲ့ ၀င်ဘာလေကပွဲမှာ အသက်ဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ထိုပွဲဟာ ယူနိုက်တက်နည်းပြ အဖွဲ့အတွက် အထူး အမှတ်ရနေမယ့် ပွဲစဉ် ဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးလာနေတဲ့ ခံစစ်မှူး ကိုင်လီဝေါ်ကာက လက်ရှိအခြေအနေကို စိတ်ပျက် ဒေါသထွက်မိပေမယ့် အရန်ခုံမှာ ရှိနေရတာဟာ လက်တွေ့ အနေအထားကို ပြန်လည် သုံးသပ်မိစေတဲ့ အကျိုးသက်ရောက်မှု ရှိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်စီးတီး ကွင်းလယ်လူငယ် Yangel Herrera ဟာ စပိန်ကလပ် SD Huesca မှာ အငှားနဲ့ သွားရောက်ကစားဖို့ ဆေးစစ်မှု အောင်မြင်ပြီး ဖြစ်ပြီလို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမား Herrera အပြောင်းအရွှေ့သတင်းကို မကြာခင် တရားဝင်ကြေငြာဖွယ် ရှိပါတယ်။

စီးတီးတိုက်စစ်မှူး ဂျီဆုက ဂိုးတွေသွင်းရတဲ့အတွက် ယုံကြည်မှုအပြည့် ပိုရှိလာရပြီး နေလို့ ထိုင်လို့ ကောင်းနေကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ ဂျီဆုဟာ ဒီရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုး သွင်းယူပေးထားပါတယ်။

တော့တင်ဟမ်စပါးအသင်းမှာ ကိန်းနဲ့ လူးကပ်မိုရာတို့ နှစ်ဦးလုံး ဒဏ်ရာ ရနေတဲ့အပြင် ဆွန်ယောင်မင်ကလည်း နိုင်ငံအသင်းအတွက် ထွက်ခွာ သွားပြီဖြစ်လို့ တိုက်စစ်မှူး ပြဿနာ ကြုံတွေ့နေရသော်လည်း အသင်းမှာ ရှိတဲ့ ဟော်လန်တိုက်စစ်မှူး Vincent Janssen ကို သုံးစွဲမယ့် အရိပ်အယောင် မတွေ့ရပါဘူး။ ကစားသမား ကိုယ်တိုင်ကလည်း တော့တင်ဟမ်မှာ ၄င်း အနာဂတ်ကုန်ဆုံး သွားပြီ ယူဆတဲ့အတွက် ၄င်း ပြောင်းရွှေ့ချင်တဲ့ ဂါလာတာစာရေးသို့ ၄င်း ဆေးမှတ်တမ်းများ ပေးပို့ကာ ၄င်းကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပါတယ်။

ခြေကျင်းဝတ် ဒဏ်ရာ ရသွားတဲ့ စပါးတိုက်စစ်မှူး ကိန်းဟာ စပါးနဲ့ ၄င်းရဲ့ ပထမဆုံး ဆုဖလား ရယူနိုင်မယ့် အခွင့်အရေး ကာရာဘောင်း ပွဲစဉ်တွေ လွဲချော်မှာအတွက် စိုးရိမ်နေပါတယ်။ စပါးဟာ ကာရာဘောင်း ဆီမီး ပထမအကျော့မှာ ချယ်ဆီးကို စတန်းဖို့ ဘရစ်မှာ အနိုင်ယူထားပြီး ဖြစ်ပါတယ်။