ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ဘောလုံးပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်း အဖြစ် အာဆင်နယ် နဲ့ ချဲလ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ် ရှိနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီကမှ အသင်းကိုယ်စီကို ရောက်ရှိလာခဲ့ကြတဲ့ နည်းပြ အူနိုင်းအမ်မရီနဲ့ နည်းပြ မော်ရီဇီယိုဆာရီတို့ဟာ ရာသီအစမှာကတည်းက ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး အဆိုပါအချိန်တုန်းကတော့ ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ (၃-၂) ဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရရှိခဲ့ပါတယ်။ လာမယ့်ပွဲစဉ်မှာတော့ အာဆင်နယ်အနေနဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ပထမအကျော့က ရလဒ်အတွက် လက်စားချေ သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အဆိုပါ လန်ဒန်ဒါဘီကစားမယ့် အချိန်ကတော့လာမယ့် စနေနေ့၊ မြန်မာစံတော်ချိန် ည (၁၂း၀၀) နာရီမှာပဲ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲမှာတော့ အာဆင်နယ်က(၁) ပွဲသာ အနိုင်ရရှိထားပြီး ချဲလ်ဆီးက (၃) ပွဲနိုင်ကာ (၁) ပွဲသရေကျထားပါတယ်။ တကယ်တော့ အာဆင်နယ်ဟာ ချဲလ်ဆီးနဲ့ နောက်ဆုံးတွေ့ဆုံကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၄)ပွဲမှာ (၁) ပွဲသာအနိုင်ရရှိထားခဲ့တာ ဖြစ်ပြီး (၅)ပွဲသရေကျကာ (၈)ပွဲအထိရှုံးနိမ့်ထားပါတယ်။ ချဲလ်ဆီး အနေနဲ့ကတော့ အာဆင်နယ်ကို (၅) ကြိမ်မြောက် တစ်ရာသီထဲ (၂) ကျော့စလုံးအနိုင်ရရှိအောင်ကစားသွားနိုင်ပါတယ်။ ချဲလ်ဆီးဟာ လစ်ဗာပူးလ်ရဲ့နောက် Clean Sheets အများဆုံး (၁၀) ပွဲ ရှိထားတဲ့အသင်းဖြစ်ပြီး အာဆင်နယ်ကတော့ (၃) ပွဲသာ Clean Sheets ရရှိထားပြီး သူ့အောက်မှာ ဖူဟမ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာအိမ်ကွင်းမှာနောက်ဆုံးကစားထားတဲ့ လန်ဒန်ဒါဘီ(၁၂) ပွဲမှာ လုံးဝရှုံးပွဲမရှိခဲ့ပဲ (၉)ပွဲအထိအနိုင်ရရှိခဲ့ပြီး (၃) ပွဲသရေကျထားပါတယ်။

ဒဏ်ရာရ ပွဲပယ် ကစားသမားစာရင်း

  • အာဆင်နယ် – ဒန်နီဝဲလ်ဘတ်၊ မစ်ခီတာရန်၊ မာဗရိုပါးနို့စ်၊ ရော့ဘ်ဟိုးလ်ဒင်း။
  • ချဲလ်ဆီး – မူဆွန်ဒါ၊ ဒရင့်ဝါးတား၊ ဗန်ဂျင်ကယ်၊ လော့ဖ်တပ်စ်ချိခ်။

ပွဲကြိုသုံးသပ်ချက်

အမ်မရီရဲ့ အာဆင်နယ်ဟာ ရာသီအစမှာ (၂) ပွဲရှုံးပြီးတဲ့နောက်ပိုင်း ပြိုင်ပွဲစုံ (၂၂) ပွဲအထိ ရှုံးပွဲမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဇင်ဘာလ ပွဲကြပ်ကာလရောက်တဲ့ အချိန်မှာတော့ နောက်တန်းမှာ ဒဏ်ရာပြဿနာများလာတာနဲ့အမျှ ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့ကာ ရလဒ်တွေ ယိမ်းယိုင်လာခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၂၂) က လန်ဒန်ဒါဘီမှာလည်း ဝက်စ်ဟမ်းကို အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ချဲလ်ဆီးနဲ့ ကစားပြီးရင် မန်ယူ၊ မန်စီးတီးအစရှိတဲ့ အသင်းတွေနဲ့ ပွဲကြပ် ဆက်တိုက်ကစားရမှာ ဖြစ်လို့ ဒီပွဲမှာ တာထွက်ကောင်းဖို့ အရေးကြီးနေပါတယ်။ နောက်တန်းမှာလည်း ဒဏ်ရာပြဿနာ အနည်းငယ် ကင်းစင်နေပြီဖြစ်လို့ ဒီပွဲမှာတော့ အိမ်ကွင်းလည်းဖြစ်တာကြောင့် အနိုင်ရလဒ်အတွက် အားထုတ်ပြီးကစားလာနိုင်ပါတယ်။

နည်းပြဆာရီရဲ့ ချဲလ်ဆီးကတော့ အနိုင်ရရှိသင့်တဲ့ ပွဲစဉ်တိုင်းကို အနိုင်ပိုင်းနိုင်ပေမယ့်လည်း လက်ရှိအချိန်မှာ တိုက်စစ်ပြဿနာ ခေါင်းခဲနေ ပါတယ်။ မိုရာတာ နဲ့ ဂျီရူးတို့လို ကစားသမားတွေဟာ ပုံမှန်ခြေစွမ်းမျိုးမရှိတာကြောင့် ဟာဇက်လို ကစားသမားမျိုးကို False 9 ပုံစံနဲ့ အထောင် တိုက်စစ်မှာ ကစားစေပြီး သွင်းဂိုးတွေ ရရှိအောင် ကြိုးစားနေရပါတယ်။ ရာသီကုန်မှာ အဆင့်(၄)အတွင်းဝင်ဖို့ဆိုရင်တော့ လက်ရှိ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးတစ်ဦးမဖြစ်မနေ ခေါ်ယူသွားရဖို့ ရှိနေပါတယ်။

လက်ရှိအမှတ်ပေးဇယားရဲ့အဆင့်(၄)နေရာမှာရှိနေတဲ့ ချဲလ်ဆီးဟာ အဆင့်(၅) နဲ့ (၆)နေရာက အာဆင်နယ်အသင်းနဲ့ (၆) မှတ်သာ ကွာဟတဲ့အနေအထားဖြစ်လို့ အရှုံးခံလို့တော့ မဖြစ်တဲ့ပွဲဖြစ်ပါတယ်။ သရေကျသွားနိုင်ပြီး ဂိုးနည်းမယ့် ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ အာဆင်နယ် ၁ – ၁ ချဲလ်ဆီး။