ချဲလ်ဆီး မန်နေဂျာဆာရီဟာ ကလပ်အသင်းကို ရလဒ်ကောင်းတွေရဖို့ ကြိုးစားပေးရမှာက အရေးကြီးပေမယ့် နောက်ထပ် အရေးကြီးတဲ့ ကိစ္စကတော့ ကလပ်အသင်းရဲ့ အကောင်းဆုံး ကစားသမား ဟာဇက်ကို ကလပ်အသင်းမှာ ဆက်ရှိနေအောင် ထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။

ဟာဇက်ရဲ့ ဝန်ခံစကားအရ ဒီကိစ္စဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိနိုင်ပါတယ်။  “ မနက်မိုးလင်းလာတဲ့အခါ တခါတလေ ကျနော် ခေါင်းထဲမှာ ချဲလ်ဆီးကနေ ထွက်သွားမယ်လို့ တွေးမိတယ်။ တခါတခါလည်း ဒီမှာပဲ ဆက်နေချင်တယ်။ ကျနော် ဝေခွဲလို့မရပါဘူး။ ဒါက ကျနော် အနာဂတ်ပါ။ ”

ဟာဇက်ဟာ ငယ်ဘဝမှာတည်းက ရီးရဲမက်ဒရစ်အသင်းမှာ ကစားရဖို့ မျှော်လင့်ချက်ရှိခဲ့သူပါ။ တရက် သူအိပ်ယာက နိုးထလာချိန်မှာ ရီးရဲမက်ဒရစ် ကစားသမားအဖြစ် နိုးထခွင့်က ယနေ့တိုင် အလိုရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် တခါတလေမှာလည်း အိပ်ယာက နိုးထချိန်မှာ ချဲလ်ဆီး ကစားသမား ဖြစ်နေရသေးတာကိုလည်း ကျေနပ်ပျော်ရွင်နေပါတယ်။ ပျော်စရာကောင်းတဲ့ သူငယ်ချင်းတွေ ဝန်းရံနေတဲ့ လန်ဒန်မြို့ကြီးကနေလည်း ခွဲခွာလိုစိတ် မရှိပြန်ပါဘူး။

ဘယ်လိုအခြေအနေတွေဖြစ်နေပါစေ ဟာဇက်က အသင်းဖော်ဟောင်း ကော်တွိုက်စ်လို အခြေအနေမျိုးနဲ့ လန်ဒန်ကလပ်ကို မခွဲခွာလိုပါဘူး။ ကော်တွိုက်စ်ဟာ သူ့ရဲ့စာချုပ် သက်တမ်းကုန်မှုကို အသာစီးယူပြီး မက်ဒရစ်ထံ ထွက်ခွာသွားခဲ့တာဖြစ်သလို၊ လန်ဒန်ကလပ်က ပရိသတ်တွေနဲ့ အမုန်းတွေပဲ ချန်ခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။

“ အဲ့သည်လို မဖြစ်ချင်ပါဘူး ” လို့ ဟာဇက်က ပြောပါတယ်။ “ ကျနော်အတွက် ကောင်းတာတွေပဲ လိုချင်ပါတယ်။ ဒါပေမယ့် ကျနော်အပေါ် အရာအားလုံးပေးခဲ့တဲ့ ကလပ်အသင်းအတွက်လည်း ကောင်းတာတွေပဲ လိုချင်ပါတယ်။ ကလပ်အသင်းနဲ့ စာချုပ်ချုပ်မှာပါလို့ ပြောပြီး အဆုံးမှာ မချုပ်ပဲ ထွက်သွားတာမျိုးလည်း မဖြစ်ချင်ဘူး။ ဒီတော့ စောင့်ကြည့်ရမှာပေါ့။

ဆုံးဖြတ်ရခက်ပါတယ်။ ဒါက ကျနော် အနာဂတ်ပါ။ ဇန်နဝါရီဆိုရင် ကျနော်အသက်က 28 နှစ်ပြည့်ပါပြီ။ ကိုယ်မှာ အိပ်မက်တစ်ခုရှိပြီး ဒါကိုလည်း ပြည့်ချင်တယ်။ အရင်တုန်းက ပြောခဲ့သလိုပါပဲ။ ချဲလ်ဆီးက ထွက်ခွာရမယ်ဆိုရင်လည်း ကျနော် ပျော်လိမ့်မယ်။ ဒီမှာဆက်နေရမယ်ဆိုရင်လည်း ကျနော် ပျော်မိမှာပါပဲ။

ရီးရဲမက်ဒရစ်က ကမ္ဘာအကောင်းဆုံး ကလပ်အသင်းပါ။ ဒါကို ကျနော် မလိမ်ချင်ပါဘူး။ ငယ်ဘဝကတည်းက ရီးရဲမက်ဒရစ်အတွက် ကစားဖို့ အိပ်မက်ရှိပါတယ်။ ရီးရဲအတွက် ကစားပေးနေတယ်လို့တောင် အိပ်မက်မက်ခဲ့ရတယ်။ စောင့်ကြည့်ပါမယ်။ ဒီအကြောင်း နေ့တိုင်း မပြောချင်ပါဘူး။ ကျနော်မှာ အချိန်သိပ်မရှိဘူး။ ဒါပေမယ့် မကြာခင်မှာ ကျနော်ရဲ့ အနာဂတ်အကြောင်း ပြောရပါလိမ့်မယ်။ အဲ့သည်လိုပဲ ထင်ပါတယ်။ ”

ဟာဇက်ဟာ အနာဂတ်ကလပ်ကို ဆုံးဖြတ်ချက် မချခင်မှာ ကလပ်အသင်း ချန်ပီယံလိဂ် ဝင်/မဝင် ဆိုတဲ့ အနေအထားကို စောင့်ကြည့်လိုဟန်လည်းရှိတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်မှာ ကလပ်အသင်းနဲ့ သက်တမ်းတိုးကိစ္စ ပယ်ချခဲ့ပြီးနောက်ပိုင်း 2020 မြှ ကုန်ဆုံးမယ့် စာချုပ်ကိစ္စနဲ့ ပက်သက်ပြီး ထပ်မံ စကားပြောဖို့လည်း ငြင်းဆန်ထားပါတယ်။

ချဲလ်ဆီးဟာ ဟာဇက်လက်ရှိရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် 2 သိန်း 2သောင်းစား တစ်ပတ်လုပ်ခ ပေါင် 3 သိန်းထိ တိုးမြင့်ပေးဖို့ အဆင်သင့်ဖြစ်နေတယ်။