အာဆင်နယ်နည်းပြ အမ်မရီက ၄င်းဟာ အိုဇေးလ် ဒီလထဲ အသင်းကနေ ထွက်မလားဆိုတာ စဉ်းစားမနေဘူးလို့ ပြောကြားလိုက်ပါတယ်။ ၄င်းအနေနဲ့ အိုဇေးလ်ဟာ အသင်းကို ဘယ်လို ကူညီနိုင်မလဲသာ တွေးနေတယ်လို့ ဆိုပါတယ်။ အိုဇေးလ်ဟာ ဒီနှစ်ထဲမှာ အသင်းကို စွမ်းဆောင်ရည်ကောင်းတွေနဲ့ ကူညီထားတဲ့ အချိန်တွေ ရှိပြီး ဒဏ်ရာတွေကြောင့် မကစားနိုင်တဲ့ အချိန်တွေလည်း ရှိတယ်လို့ အမ်မရီက ဆိုပါတယ်။

အာဆင်နယ်ကွင်းလယ် ကစားသမား ရမ်ဆေးကို ဂျူဗင်တပ်အသင်းက ရာသီကုန်မှာ တရားဝင်ခေါ်ယူဖို့ အကြိုသဘောတူညီစာချုပ် လက်မှတ်ထိုးပြီးခဲ့ပြီ ဖြစ်ပါတယ်။ ဂျူဗင်တပ်ဘက်က ရမ်ဆေးကို ဒီလထဲ လိုချင်ပေမယ့် အာဆင်နယ် တောင်းဆိုနေတဲ့ ပေါင် ၁၇ သန်းကို မပေးလိုတာကြောင့် ရာသီကုန်ထိ စောင့်ခေါ်လိုက်တာပါ။

အမ်မရီက ချယ်ဆီးနဲ့ပွဲစဉ်မှာ ပထမဆုံး လိုချင်တာက နိုင်ပွဲဖြစ်ပြီး အဲဒီနောက်မှာဆိုရင်တော့ အိမ်ကွင်းနဲ့ အဝေးကွင်း စွမ်းဆောင်ရည် ကွာခြားနေတဲ့ အပေါ် ဟန်ချက်ညီတဲ့ အနေအထား ရောက်အောင် ကြိုးစားနေတယ်လို့ ၀န်ခံသွားပါတယ်။ အမ်မရီက အသင်း ဟန်ချက်ညီမှုကိုလည်း အလိုရှိနေတာပါ။

လီဗာပူးတောင်ပံသမား မာကိုဗစ်ဟာ ဇန်နဝါရီမှာတင် မာဆေးဆိုဒ်ကနေ ထွက်ခွာမလား၊ ရာသီကုန်မှ ထွက်ခွာမလားဆိုတာကို ဒီလထဲ ဆုံးဖြတ်ပေးရပါမယ်။ လီဗာပူးသမိုင်းမှာ ပဉ္စမမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားဟာ လက်ရှိမှာ အကယ်ဒမီအသင်းနဲ့ပဲ လေ့ကျင့်ရေးဆင်းဖို့ စေလွှတ်ခံထားရပါတယ်။

လီဗာပူးအသင်းဟာ အားထားရတဲ့ ဘယ်ခြမ်းခံစစ်မှူး အန်ဒီရော်ဘတ်ဆန်ကို ၅ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ ရော်ဘတ်ဆန်က ဟားလ်စီးတီးကနေ ပေါင် ၈ သန်းတည်းနဲ့ ၀ယ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပြီး အခုချိန်မှာတော့ လီဗာပူး ခံစစ်တန်းမှာ အားကိုးရသူ ဖြစ်နေပါပြီ။

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုက ယာဂင်ကလော့ပ်ရဲ့ စီမံအုပ်ချုပ်မှုနည်းလမ်းတွေက သူ့ကို မာဆေးဆိုဒ်မှာ အသားကျဖို့ ကူညီခဲ့တယ်လို့ ဝန်ခံပါတယ်။ ပွဲကစားခွင့်တွေ ပိုရလာတာကလည်း ယုံကြည်မှုနဲ့ ခြေစွမ်းပိုင်း တိုးတက်လာခြင်းကို အထောက်အကူဖြစ်ပါကြောင်းနဲ့ ဗဟိုခံစစ်နေရာမှာ အကောင်းဆုံး ကစားနိုင်တာက တွဲဘက်ဖြစ်တဲ့ ဗန်ဒိုက်ရဲ့ အကူအညီကြောင့်ပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။

မန်စီးတီးဟာ ကွင်းလယ်ခံစစ်အတွက် ဒီဂျောင်းမဟုတ်ခဲ့ရင် ဘယ်သူ့ကို ခေါ်ယူသင့်သလဲဆိုတာကို ပရိသတ် မဲပေးမှု ဆန္ဒကောက်ခံခဲ့ပါတယ်။ မန်စီးတီး အားပေးသူများအဖွဲ့ City Watch က ပြုစုတဲ့ အဆိုပါ စစ်တမ်းကို ပရိသတ် 2 သောင်းကျော် မဲပေးခဲ့ပြီး လိုင်ယွန်မှ Tanguy Ndombele ကို 56%၊ ဝုဗ်မှ နားဗက်စ်ကို 23%၊ နာပိုလီမှ အလန်ကို 12% နဲ့ အခြားသော ကွင်းလယ်သမားကို ခေါ်ယူဖို့ 9% တို့ကို မဲပေးခဲ့ကြပါတယ်။

မန်စီးတီးနဲ့ ဘာစီလိုနာ အပါအ၀င် ဥရောပ ထိပ်သီးကလပ်အသင်းတွေ ကိုယ်စီ စိတ်ဝင်စားခေါ်ယူလိုနေကြတဲ့ အေဂျက် ကွင်းလယ် ကစားသမား ဒီဂျောင်ဟာ ဘယ်အသင်းသွားမလဲ ထင်ကြေးတွေ သတင်းတွေကို စိတ်ပျက်နေပြီး အဆိုပါ ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်မှု ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာက ဥရောပ ထိပ်သီးဖြစ်ပေမယ့် အပြီးသတ် ပြောင်းဖို့ သေချာခြင်း မရှိသေးဘူးလို့ ဒီဂျောင်းက ပြောပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် မန်စီးတီးဟာ လူငယ်ကွင်းလယ်လူ နှစ်ဦးကို ခေါ်ယူခဲ့ပါပြီ။ အသက် 21 နှစ်အရွယ် ဂျပန်လူငယ်ကစားသမား Ko Itakura ကို ပေါင် 1 သန်း၊ အသက် 18 နှစ်အရွယ် ခရိုအေးရှား ကွင်းလယ်လူ Ante Palaversa ကို ပေါင် 7 သန်းတို့ဖြင့် ခေါ်ယူခဲ့တာဖြစ်တယ်။ နှစ်ဦးလုံးကိုတော့ 18 လ သက်တမ်းတွေနဲ့ အငှားပြန်ချခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဗလန်စီယာဟာ ကလပ်အသင်းက သက်တမ်းမတိုးရင်တောင် ရာသီကုန်ထိ ယူနိုက်တက်မှာပဲ ဆက်ကစားသွားမှာဖြစ်ပါတယ်။ ဗလန်စီယာဟာ စာချုပ်ပါ အချက်အရ နောက်ထပ် 12 လ သက်တမ်းတိုးခွင့် ရှိပေမယ့် ယူနိုက်တက်ဘက်က အဆိုပါ သဘောတူညီမှုကို အသက်သွင်းဖွယ် မရှိပါဘူး။

ယူနိုက်တက်ကစားသမားဟောင်း ပေါစခိုးက မော်ရင်ညိုဟာ ကလပ်အသင်းခေါင်းဆောင်း ဗလန်စီယာနဲ့ ဆက်ဆံရေးကောင်းတွေကို ပယ်ဖျက်ခဲ့တာအတွက် ယေဖန်မှု လုပ်ခဲ့ပါတယ်။ ဗလန်စီယာဟာ ကောင်းမွန်တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ကို ပယ်ထုတ်ခဲ့တဲ့ လုပ်ရပ်က မမှန်ပါဘူးလို့ မှတ်ချက်ပေးပါတယ်။

ပေါစခိုးက ယူနိုက်တက်နဲ့ သတင်းကြီးတွေ ထွက်ပေါ်ထားတဲ့ ကိုလီဘာလီအကြောင်း သိပ်မသိပါဘူးလို့ ဝန်ခံပါတယ်။ ဒါပေမယ့်လို့ ယူနိုက်တက်ဟာ အညှာအတာကင်းကင် ကစားနိုင်ပြီး ‘ငါ့လမ်းကြောင်းပေါ်က ထွက်သွား၊ ဒါက ငါ့ဘောလုံး’ လို့ ဦးဆောင်ကစားပေးမယ့် ခံစစ်သမားကို လိုအပ်တယ်လို့ ဝန်ခံပြောဆိုပါတယ်။

ဒီယေဂို ကော်စတာ ထွက်ခွာသွားတည်းက ချယ်ဆီးမှာ တိုက်စစ်မှူးကောင်း ရှားပါးမှု ရင်ဆိုင်နေရရာ ချယ်ဆီးအသင်းက ဒီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး နှစ်ဦးကို ရောင်းထုတ်ရန် ပြင်ဆင်နေပါတယ်။ ထိုနှစ်ယောက်က မိုရာတာနဲ့ ဘတ်ရှူဝါရီပါ။ မိုရာတာကို ခေါ်ဖို့ အက်သလက်တီကိုနဲ့ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းများမှာ ပါရှိလာပြီး ဘတ်ရှူဝါရီကိုတော့ အငှားခေါ်လိုနေတဲ့ မိုနာကိုကို အပြီးသတ် ၀ယ်ဖို့ ချယ်ဆီးဘက်က တိုက်တွန်းနေပါတယ်။

ချယ်ဆီးတောင်ပံသမား ပက်ဒရိုဟာ ဒီအပတ်ရဲ့ EASPORTSFIFA ရဲ့ အကောင်းဆုံးအသင်းထဲမှာ ပါဝင်သွားပါတယ်။ ပက်ဒရိုဟာ နယူးကာဆယ်နဲ့ပွဲမှာ သွင်းဂိုး တစ်ဂိုးကို လှပစွာ သွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။

အေစီမီလန်မှာ အငှားသွားရောက် ကစားနေတဲ့ ဂျူဗင်တပ် တိုက်စစ်မှူး ဟီဂူအင် ချယ်ဆီးသို့ ပြောင်းလာဖို့ ကလပ်အသင်းတွေကြား သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း စကိုင်းစပေါ့ အီတလီမှာ ဖော်ပြထားပါတယ်။ ချယ်ဆီးက ဟီဂူအင်ကို ရာသီကုန်ထိ အငှားနဲ့ အရင်ခေါ်မှာ ဖြစ်ပြီး အဲဒီနောက် ၁၂ လ ထပ်မံ သက်တမ်းတိုး သို့မဟုတ် အပြီးသတ် ၀ယ်ယူရန် စီစဉ်ထားတာပါ။

စပါးကွင်းလယ်ကစားသမား ဒမ်ဘီလီဟာ တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂူအမ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ဆေးစစ်မှူများ ပြုလုပ်ဖို့ ဟောင်ကောင်သို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ တိုက်စစ်သမား မယ်ကွန်ကို အငှားခေါ်ယူဖို့ စပါးအသင်းတာဝန်ရှိသူများ သွားရောက် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ကစားသမားနဲ့တော့ ဗုဒ္ဓဟူးနေ့တည်းက ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။ ဘာစီလိုနာမှာ ပွဲကစားချိန် နည်းပါးနေတဲ့ မယ်ကွန်နဲ့ ကစားသမား ၀ယ်ယူဖို့ အခက်အခဲ ရှိနေပြီး အငှားကမ်းလှမ်းမှုသာ ပြုလုပ်မယ့် စပါးတို့ သဘောတူညီမှု ရသွားနိုင်ဖွယ် ရှိပါတယ်။