မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ၂ဂိုး ၁ဂိုးနဲ့ အနိုင်ယူပြီး နိုင်ပွဲ ဆက်ယူသွားပါတယ်။ ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ပေါ့ဘာရဲ့ ပင်နယ်တီနဲ့ ရပ်ဖို့ဒ် တို့က သွင်းယူပေးခဲ့တာပါ။

ယူနိုက်တက် ဂန္တ၀င်ကစားသမားကြီး ရိုင်ယန်ဂစ်က မန်ချက်စတာယူနိုက်တက်ဟာ အဆင့် ၄ အတွင်း ၀င်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီ ဖြစ်ကြောင်း ၀မ်းမြောက်စကား ဆိုသွားပါတယ်။ ဂစ်က ယူနိုက်တက်နည်းပြ ဆိုရှားဟာ သရဲနီတွေကို အရှိန်ကောင်း နဲ့ ဦးဆောင်ရင်း ရလဒ်ကောင်းတွေ ရယူနေတာကို ကျေနပ်နေပါတယ်။

ယူနိုက်တက်မန်နေဂျာဆိုးရှားဟာ ကိုင်တွယ်တဲ့ အဖွင့် 7 ပွဲမှာ 7 ပွဲလုံး အနိုင်ရခဲ့ပါတယ်။ နော်ဝေသားကြီးကတော့ လက်ကျန် ဘဝတစ်လျှောက်လုံး ဒီအခိုက်အတန့်ကို မှတ်မိနေတော့မှာပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။

လီဗာပူးအသင်းဟာ အိမ်ကွင်းအန်းဖီးမှာ ခရစ္စတယ်ပဲလေ့စ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၄ဂိုး ၃ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးအတွက် ဂိုးတွေကို မိုဆာလက်က ၂ ဂိုးနဲ့ ဖာမီနို၊ မာနေးတို့က ၁ ဂိုး စီ သွင်းယူခဲ့တာပါ။ ပွဲပြီးခါနီးမှာ ဂျိမ်းစ်မေနာ ၂ ၀ါ ၁ နီနဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။

လီဗာပူးတိုက်စစ်မှူး ဆာလက်က ပဲလေ့စ်နဲ့ ပွဲစဉ်ဟာ ခက်ခဲမယ်လို့ ၄င်းတို့ ကြိုတင် မျှော်လင့်ထားခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။ ဒါအပြင် လီဗာပူးအသင်းအနေနဲ့ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှု ရှိဖို့ လိုအပ်ကြောင်း ဆာလက်က ဆိုခဲ့ပါတယ်။

“ရလဒ်က သိပ်ကြီးမားတဲ့နိုင်ပွဲပါ။ ကျနော်တို့ အခု ရမှတ် ၆၀ ရှိပြီ.. ဒါက ရူးလောက်စရာပဲ.. အရေးကြီးတဲ့ ကိန်းဂဏန်းလည်း ဖြစ်တယ်။ ကျနော် တကယ်ကို ဂုဏ်ယူပါတယ်.. (မေနာ အနီကတ်ရသွားတာကတော့) မလိုအပ်တဲ့ ကိစ္စ တချို့ ဖြစ်သွားတာ ရှိတာပေါ့။ ကျနော်တို့မှာ ကစားသမား နည်းနည်း မလုံမလောက် ဖြစ်နေတယ်။ ဒါပေမယ့် ကစားသမားတွေ ပြန်ကောင်းလာဖို့ အချိန်လည်း ရှိပါတယ်။” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

လန်ဒန်ဒါဘီမှာ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကိုတော့ လာကာဇက်တီနဲ့ ကိုစီရယ်နီတို့က သွင်းယူပါတယ်။ သူတို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်ရဲ့ ဖိအားပေးနေခြင်းကနေ အာဆင်နယ်တို့ တုန့်ပြန်နိုင်ခဲ့သလို ချယ်ဆီးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် 3 မှတ်ကွာ အနေအထားကို ရောက်လာခဲ့ပါပြီ။

အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးပုံစံကို မြင်ရဖို့က အိုဇေးလ်ပါဝင်နေမှ မဟုတ်ဘူးလို့ အာဆင်နယ်နည်းပြ အမ်မရီက ငြင်းပယ်စကား ဆိုထားပါတယ်။ ချယ်ဆီးနဲ့ပွဲစဉ်မှာလည်း အိုဇေးလ်က ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့ဘဲ အရန်ခုန်မှာသာ ရှိနေခဲ့ပါတယ်။

အာဆင်နယ် ကစားသမား ဇာခါက လတ်တလော ဂန်းနားတွေရဲ့ မတည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေတာ မှန်ပေမယ့် နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်၊ အဆင့် ၄အတွင်းဝင်ဖို့ အခွင့်အရေးရှိဆဲ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ လန်ဒန်ဒါဘီပွဲကို 2-0 နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ 3 မှတ်အကွာ အနေအထားကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးခံစစ်မှူး ဂယ်ရီ ကာဟေးလ်ကို ခေါ်ယူဖို့ ဖူလ်ဟမ်းအသင်းနဲ့ ကလပ်အသင်း နှစ်ခုကြား သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ အငှားလား အပြီးသတ်လား သေချာတဲ့ သတင်းထုတ်ပြန်မှု မပြုလုပ်ရသေးဘဲ ကစားသမား သဘောတူအောင် ညှိနှိုင်းနေရဆဲ ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနများမှာ ဖော်ပြလာပါတယ်။

ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ပင်ပန်းနွမ်းနယ်နေပေမယ့် အစားထိုးစရာ ဖာဘရီဂတ်စ်လည်း မရှိတာကြောင့် အနားပေးဖို့ မဖြစ်နိုင်ကြောင်း ချယ်ဆီးနည်းပြ ဆာရီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်မှာ အသင်းရဲ့ ကစားကွက်ကိုလည်း ပြောင်းလဲဖို့ မဖြစ်ဘူးလို့ ဆာရီက ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ဘရာဇီးကလပ် Palmeiras နဲ့ မိတ်ဖက်အဖြစ် လက်တွဲရန် ကမ်းလှမ်းထားပြီး အနာဂတ်မှာ လက်ရှိ အသက် ၁၉ နှစ်အရွယ် ကိုလံဘီယာ လူငယ်တောင်ပံ ကစားသမား Ivan Angulo ကို အီတီဟက်ဆီ ခေါ်ယူဖို့ပါ ကြံရွယ်ထားပါတယ်။

စီးတီးဟာ ဟော်လန်ကလပ် FC Groningen မှာ အငှားချထားတဲ့ မက္ကစီကိုသား လူငယ်တောင်ပံကစားသမားလေး Uriel Antuna ကို ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဇာလက်တန် အီဗရာဟင်မိုဗစ်ရှိရာ မေဂျာလိဂ်ကလပ် အယ်အေဂလက်ဇီအသင်းဆီ အငှားချထားဖို့ စီစဉ်နေရာ သဘောတူညီမှု ရရန် နီးစပ်နေပါပြီ။

မန်စီးတီး ဂိုးသမား အီဒါဆန်က အသင်းအနေနဲ့ ဗိုလ်လုပွဲ တစ်နေရာ သေချာပြီး ဖြစ်တဲ့ ကာရာဘောင်းဖလားကိုသာ ရအောင် ယူနိုင်ခဲ့ရင် ထို ဆုဖလားက ကောင်းမွန်တဲ့ တွန်းအားအဖြစ် အ၀တ်လဲခန်းမှာ အသင်းအပေါ် အကျိုးရှိစေမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

တိုက်စစ်မှူး မရှိတဲ့ ပြဿနာ ရင်ဆိုင်နေရတဲ့ စပါးအတွက် ပိုချက်တီနိုက က ကွင်းလယ်ကစားသမား အလီနဲ့ လာမီလာတို့ဟာ False 9 ပုံစံ တိုက်စစ် တက် ကစားနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အကယ်ဒမီ လူငယ် နှစ်ဦး ဖြစ်တဲ့ Troy Parrott နဲ့ Kazaiah Sterling ကိုလည်း အခွင့်အရေးပေးဖို့ ၄င်းက ကြံရွယ်ထားပါတယ်။

ပိုချက်တီနိုရဲ့ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် Maurizio ဟာ တော့တင်ဟမ်နဲ့ အာဆင်နယ် အသင်းတို့ရဲ့ အက်ဖ်အေဖလား လူငယ် ပြိုင်ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။ ဂျူနီယာပိုချက်တီနိုကတော့ နာမည်ကျော် နည်းပြ သူ့ရဲ့ ဖခင်နည်းတူ ဘောလုံးကစားသမား ဘ၀မှာလည်း အောင်မြင်အောင် စွမ်းဆောင်ဖို့ ရည်မှန်းထားသူလေးပါ။