မန်စီးတီးအသင်းဟာ တန်းဆင်းဇုံက ဟက်ဒါဖီးအသင်းကို 3-0 ရလဒ်နဲ့ အနိုင်သုံးမှတ်ကို ရယူသွားခဲ့ပါတယ်။ မန်စီးတီးရဲ့ သွင်းဂိုးတွေကို ပထမပိုင်းမှာ ဒန်နီလိုက သွင်းယူပြီး ဒုတိယပိုင်းတွေမှာတော့ စတာလင်၊ ဆာနေးတို့က သွင်းယူခဲ့တာပါ။

ဟက်ဒါဖီးနဲ့ပွဲမှာ မန်စီးတီး စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ မာရက်ဇ် မပါဝင်ခဲ့ဘဲ အရန်ခုံမှာပင် ပါမလာတဲ့အပေါ် ဒဏ်ရာ ရှိနေသလား မေးခွန်းထုတ်မှုများ ရှိခဲ့ပါတယ်။ ဂွာဒီယိုလာက ပွဲအပြီးမှာတော့ မာရက်ဇ် မပါဝင်တာဟာ အလှည့်ကျ စနစ်ကြောင့် ဖြစ်ပြီး ဒဏ်ရာ မရှိကြောင်း ဖြေကြားခဲ့ပါတယ်။

ဟက်ဒါဖီးနဲ့ပွဲမှာ ဒန်နီလိုရဲ့ သွင်းဂိုးဟာ ဒီရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ သွင်းဂိုး 100 ပြည့်စေခဲ့ပါပြီ။ ဒါဟာ ဥရောပကလပ်တွေထဲ အကောင်းဆုံး တိုက်စစ်သွင်းဂိုးနှုန်းကို မြင်ခဲ့ရတာဖြစ်ပြီး စတာလင်က 101 ဂိုးနဲ့ ဆာနေးက 102 ဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ကာ အကောင်းဆုံး ကစားသမားဆုကိုတော့ ဆာနေးက ရရှိသွားခဲ့တာပါ။

ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲမှာ စပါးဟာ ဟယ်ရီဝင့်ရဲ့ နောက်ကျ သွင်းဂိုးနဲ့အတူ အနိုင်ရသွားပါတယ်။ ဖူလ်ဟမ်အတွက် သွင်းဂိုးကို လော်ရန်တေးရဲ့ ကိုယ်ဂိုးကိုသွင်းမှုကြောင့် ရတာဖြစ်ပြီး စပါးအတွက် ပထမဆုံး ခြေပဂိုးကို အလီက သွင်းယူပါတယ်။

တော့တင်ဟမ်ဟာ ဟားလ်စီးတီး တောင်ပံတိုက်စစ်သမား ဂျာရော့ ဘိုဝမ်ကို စောင့်ကြည့်ဖို့ ကင်းထောက်များ စေလွှတ်ခဲ့ပါတယ်။ စပါးက ဒီရာသီ ဟားလ်စီးတီးအတွက် ၁၄ ဂိုးထိ သွင်းယူပေးထားတဲ့ တိုက်စစ်သမားကို ပေါင် ၁၅ သန်းထိ ပေးကာ ကမ်းလှမ်းဖို့ ဆန္ဒရှိနေပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးရှား အသင်းမှာ အဓိက ပြောင်းလဲပေးလိုက်တဲ့ အရာက ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းပဲ ဖြစ်ကြောင်း အသင်းဖောင်ဟောင်း ရီယို ဖာဒီနန်က ချီးကျူးစကား ဆိုလိုက်ပါတယ်။ အဲဒီနောက် ကစားသမားတွေ အနေနဲ့ သူတို့ အားသာတဲ့ ပိုကောင်းတဲ့ နေရာတွေမှာ အခွင့်အရေးပေးတဲ့အတွက် ပေါ့ဘာ၊ ရပ်ဖို့တို့ တောက်ပလာကြောင်း ၄င်းက ထောက်ပြခဲ့ပါတယ်။

ယူနိုက်တက် ကစားသမား ပေါ့ဘာက ၄င်းဟာ ခေါင်းဆောင်တစ်ဦး လုပ်ရမယ့် အသက်အရွယ်ကောင်း ရောက်နေပြီ ဖြစ်ကြောင်း RMC နဲ့ အင်တာဗျူးမှာ အရိပ်အမြွက်ပြောကြားသွားပါတယ်။ သူဟာ မလိုအပ်ဘဲ ပွဲမတိုင်ခင် တချိန်လုံး စကားပြောနေတတ်တဲ့သူ မဟုတ်ပေမယ့် ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်းပြီး ရင်းနှီးမှု ရှိသူလို့ ဆိုပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်ဆိုတဲ့ အရွယ်က လူငယ်ကစားသမားတွေနဲ့ ၀ါရင့် ကစားသမားတွေကြား အကောင်းဆုံး ကြား အသက်အပိုင်းအခြား ဖြစ်တယ်လို့ ပေါ့ဘာက ပြောခဲ့ပါတယ်။

ယူနိုက်တက်ကို ၇ ပွဲ ဆက် နိုင်ပွဲရလဒ်တွေ ရအောင် ယူပေးထားတဲ့ ဆိုးရှားဟာ မန်ချက်စတာယူနိုက်တက် အမြဲတမ်းနည်းပြ အဖြစ် ထိုက်တန်သူ ဖြစ်ကြောင်း တနင်္ဂနွေနေ့ စကိုင်းစပေါ့ အစီအစဉ်မှာ ဆွေးနွေးသုံးသပ်သွားကြပါတယ်။

ချယ်ဆီးအသင်းဟာ ဘာစီလိုနာ ကစားသမား ဖိလစ် ကော်တင်ညိုအတွက် အမှန်တကယ် မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းထားခဲ့တယ်လို့ သတင်းများမှာ ဖော်ပြလာပါတယ်။ ဘာစီလိုနာဟာ ကော်တင်ညိုကို လီဗာပူးဆီက ပေါင် ၁၄၂ သန်းနဲ့ ပြီးခဲ့တဲ့နှစ်က ၀ယ်ယူခဲ့တာပါ။

ချယ်ဆီးအသင်းဆီ သွားဖို့ ရွေးချယ်ထားတဲ့ တိုက်စစ်မှူး ဟီဂူအင်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါကြောင်း အေစီမီလန် မန်နေဂျာ ဂတ်တူဆိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဟီဂူအင်ကို တနင်္လာည ဂျီနိုအာနဲ့ပွဲစဉ် ယှဉ်ပြိုင်ကစားမယ့် အေစီလူစာရင်းမှာ ချန်လှပ်ထားခဲ့ပြီး အပြောင်းအရွှေ့ဟာ မကြာခင် အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။

လန်ဒန် ဒါဘီရှုံးပွဲ အပြီးမှာ ကစားသမားတွေရဲ့ တက်ကြွမှု မရှိပုံကို ချယ်ဆီးနည်းပြ ဆာရီက ထုတ်ဖော်ပြောကြားခဲ့ပြီး ထို အပြုအမူဟာ စွန့်စားလွန်းရာရောက်ကြောင်း ဖာဒီနန်က သုံးသပ်လိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ၄င်းတို့ ကစားသမားဟောင်း Marc Overmars ကို အသင်းကနေ ထွက်ခွာတော့မယ် မစ်လင်တက်ရဲ့ နေရာ နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ်လိုနေပါတယ်။

ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် ချယ်ဆီးနဲ့ပွဲမှာ အိုဇေးလ်ကို ဆက်လက် ချန်လှပ်ခဲ့တဲ့ အမ်မရီရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို အံ့သြမိပြီး ထောက်ခံမိကြောင်း Jermaine Jenas က ဘီဘီစီ ရေဒီယိုအစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အိုဇေးလ်ကို နေ့စဉ် လေ့ကျင့်ရေးမှာ တွေ့နေရတဲ့ အမ်မရီက ချန်လှပ်မှုမှာ သူ့ရဲ့ အကြောင်းပြချက် ခိုင်လုံစွာ ရှိလိမ့်မယ်လို့ ၄င်းက ခန့်မှန်းပြောကြားလိုက်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် နည်းပြ ရွိုင်းဟော့ဆန်က အမှားကနေတဆင့် လီဗာပူးကို ပေးလိုက်ရတဲ့ ဂိုးအတွက် ဂိုးသမား Julian Speroni ကို ပြစ်တင်ဖို့ ငြင်းဆန်သွားပါတယ်။ မိုဆာလက်သွင်းသွားတဲ့ လီဗာပူးရဲ့ တတိယဂိုးကို အသက် ၃၉ နှစ်အရွယ် ပဲလေ့စ်ဂိုးသမားကြီး တားဆီးနိုင်ခဲ့သင့်ပေမယ့် ခွင့်ပြုခဲ့ရတာပါ။

လီဗာပူးအသင်းရဲ့ ကစားပုံက အကောင်းဆုံး အနေအထားမရှိပေမယ့် ပဲလေ့စ်ကို အနိုင်ကန်ခဲ့တဲ့အတွက် အသင်းဖော်တွေကို ဟန်ဒါဆန်က ချီးကျူးလိုက်ပါတယ်။ ပွဲတိုင်းက ပွဲကြီးတွေ ဖြစ်ပြီး အရေးကြီးတဲ့ အနိုင် ၃ မှတ်ရယူနိုင်ခဲ့ကြောင်းနဲ့ ဒိထက်ပိုပြီး ပွဲကို ထိန်းချုပ်နိုင်သင့်ခဲ့တယ် ဆိုတာ ဟန်ဒါဆန်က ၀န်ခံစကား ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းမှာ ပေါ်မလာတော့တဲ့ ကလော့ပ်ရဲ့ ညာလက်ရုံး ဘူဗက်က ၄င်းရဲ့ ရာထူးကနေ တရားဝင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဘူဗက်ဟာ ပြီးခဲ့တဲ့ ဧပြီလတည်းက အန်းဖီးကို ပြန်မလာတော့တာ ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များကြောင့်လို့ သတင်း ထုတ်ပြန်ထားခဲ့တာပါ။