ချဲလ်ဆီးနဲ့ မန်ယူတို့ဟာ ဘရစ္စတိုးစီးတီးရဲ့ လူငယ်ကစားသမားလေး အန်တိုနီ ဆီမန်ယို ကို အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ TEAMtalk သတင်းဌာနရဲ့ ဖော်ပြချက်အရ ခရစ္စတိုးစီးတီးဟာ အဆိုပါကစားသမားလေးအတွက် ပေါင်(၂) သန်းခန့်ကြေးသတ်မှတ်ထားတယ်လို့ သိပါတယ်။ အဆိုပါ ဆယ်ကျော်သက်တောင်ပံကစားသမားလေး ဆီမန်ယိုဟာ လက်ရှိအချိန်မှာတော့ နယူးပို့ကောင်တီမှာ အငှားသွားရောက်ကစားနေပြီး လက်ရှိရာသီမှာတော့ League II မှာ(၆) ဂိုးသွင်းယူပေးထားတယ်လို့ သိရပါတယ်။

မန်ယူနဲ့ ချဲလ်ဆီးပစ်မှတ်ကစားသမား ဖြစ်တဲ့ ပေါ်တိုဗဟိုခံစစ်မှူး အီဒါမီလီတာအိုကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မီလီတာအိုရဲ့ စာချုပ်ပါလျော်ကြေး ယူရိုသန်း (၅၀) ကိုပေးချေပြီး ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ AS သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ရီးရဲလ်ဟာ ဟာ အဆိုပါ အသက် (၂၁) နှစ်အရွယ်ကစားသမားနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပြီး (၆) နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

တူရကီကလပ် ဖီနာဘာချီအသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ဗစ်တာမော့ဆက်စ်ကို ခေါ်ယူ စာချုပ်ဖို့ နီးစပ်နေပြီလို့ တူရကီ အခြေစိုက်သတင်းဌာနတွေက ဖော်ပြလိုက်ပါတယ်။ အသက် (၂၈) နှစ်အရွယ် နိုင်ဂျီးရီးယားသား မော့ဆက်စ်ဟာ နည်းပြမော်ရီဇီယို ဆာရီ လက်အောက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်မရရှိတော့ပဲ စတမ်းဖို့ဘရစ်ခ်ျကနေထွက်ခွာဖို့ ရေပန်းစားနေခဲ့ပါတယ်။ တူရကီကလပ် ထိပ်သီးကလပ် ဖီနာဘာချီကလည်း မော့ဆက်စ်ကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီး သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ ကြေညာသွားဖို့ ရှိနေပါတယ်။

မန်ယူနောက်ခံလူ မန်တီယို ဒါမီယန်ဟာ ဂျူဗင်တပ်စ်ကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့သွားဖို့ နီးစပ်တဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ အီတလီအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Gazzeto Dello Sport ကဖော်ပြသွားခဲ့ပါတယ်။ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အနေနဲ့ အဆိုပါ အီတလီသား ဒါမီယန်အတွက် မန်ချက်စတာယူနိုက်တက်ကို ပေါင် (၃) သန်းခန့် ပေးချေသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဝက်စ်ဟမ်းတိုက်စစ်မှူး အန်ဒီကာရိုးလ်ကို ပေါင် (၂) သန်းနဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ The Sun သတင်းစာကဖော်ပြသွားခဲ့ပါတယ်။ စပါးအသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်ပိုင်း ဒဏ်ရာပြဿနာတွေကြုံတွေ့နေရတာဖြစ်ပြီး ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့ကို ဆုံးရှုံးထားတဲ့အပြင် ပြီးခဲ့တဲ့ ဖူဟမ်နဲ့ပွဲစဉ်မှာ ကွင်းလယ်တိုက်စစ်ကစားသမား ဒီလီအယ်လီဟာလည်း တံကောက်ကြော ဒဏ်ရာထပ်မံရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဂျယ်လ်ဆန်မာတင်စ်ကို ရာသီဝက် အငှား နဲ့ခေါ်ယူဖို့အတွက် မိုနာကိုအသင်းနဲ့ အပြိုင်ကြိုးစားသွားမယ်လို့ O Globo သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။အဆိုပါ ပေါ်တူဂီ လက်ရွေးစင်ဟာ လက်ရှိအပြောင်းအရွှေ့ကာလမှာပဲ အသင်းပြောင်းရွှေ့လိုနေတာကြောင့် နည်းပြအူနိုင်းအမ်မရီရဲ့ အာဆင်နယ်နဲ့ လီဂူးဝမ်းမှာ ရုန်းကန်နေရတဲ့ အွန်နရီရဲ့ မိုနာကို အသင်းတို့ကို ရွေးချယ်သွားရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မာဆေးလ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ မာရီယိုဘာလိုတယ်လီကို နိုက်စ်အသင်းကနေ ခေါ်ယူစာချုပ်ဖို့နီးစပ်နေပြီလို့ L’Equipe သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ အီတလီသား ဘာလိုတယ်လီဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကတည်းက မာဆေးလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ကစားသမား အပါအဝင် နှစ်ဖက်အသင်းဟာ အပြောင်းအရွှေ့ အတွက် နောက်ဆုံးဆွေးနွေးညှိနှိုင်းမှု အောင်မြင်သွားခဲ့ပြီဖြစ်ပြီး မကြာခင်မှာ ကြေညာသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

နာပိုလီအသင်းဟာ SPAL အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် မန်နူရယ် လာဇာရီကို ယူရိုသန်း (၂၀) ဝန်းကျင်နဲ့ ခေါ်ယူဖို့ရာ သဘောတူညီမှုရရှိဖို့နီးစပ်နေပြီလို့ Calcio Mercato သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ နည်းပြအန်ဆယ်လော့တီရဲ့နာပိုလီအသင်းဟာ အဆိုပါ အသက် (၂၅)နှစ်အရွယ် ကွင်းလယ်ကစားသမားကို လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဦးမှာ မဟုတ်ပဲ လာမယ့် နွေရာသီအပြောင်းအရွှေ့အတွက် ကြိုတင်သဘောတူညီမှု ရရှိသွားဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အဲဗာတန်ကွင်းလယ်လူ Gueye ကို ယူရို (၂၅) သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့်လည်းအဲဗာတန်ဘက်က ပိုမိုများပြားတဲ့ ပြောင်းရွှေ့ကြေးကို ရရှိသွားလိုနေတယ်လို့ သိရပါတယ်။ Telefoot သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ပီအက်စ်ဂျီရဲ့ ပထမအကြိမ်ကမ်းလှမ်းမှုဟာ အဲဗာတန်တောင်းဆိုတဲ့ ကြေးထက်နည်းပါးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆီနီဂေါလက်ရွေးစင် Gueye ကတော့ ပြင်သစ်ထိပ်သီးကလပ်ကို ပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီနည်းပြ တူချယ်ဟာ နာပိုလီကြယ်ပွင့် အယ်လန်ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ဟာ ၄င်းရဲ့ ချဲလ်ဆီးအသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ လမ်းပတ်နဲ့အတူပြန်လည် လက်တွဲဖို့ ဒါဘီကောင်တီအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ The Mirror ကဖော်ပြသွားခဲ့ပါတယ်။ အက်ရှ်လေကိုးလ်ဟာ LA Galaxy ကနေ ထွက်ခွာလာတဲ့နောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတယ်လို့ သိရပါတယ်။ အသက် (၃၈) နှစ်အရွယ်ကိုးလ်အနေနဲ့ လက်ကျန်ရာသီဝက်မှာတော့ ဒါဘီနဲ့အတူ ဖြတ်သန်းသွားဖို့ရှိနေပြီး တစ်ပတ်ပေါင် (၁) သိန်းဝန်းကျင်ရရှိသွားလိမ့်မယ်လို့ သိရပါတယ်။