ကာရာဘောင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘာတန်အသင်းကို ယှဉ်ပြိုင်ကစားရာမှာ မန်စီးတီးဟာ တိုက်စစ်မှူး အဂွယ်ရိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူခဲ့ပြန်ပါတယ်။ ဒါကြောင့် ချယ်ဆီးနဲ့ စပါးတို့ရဲ့ ရလဒ်မထွက်ခင်မှာ ဗိုလ်လုပွဲကနေ စောင့်နေခဲ့ပါပြီ။

မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာက လူငယ်ကစားသမားတွေ အနေနဲ့ စီးတီးအသင်းကြီးမှာ ကစားဖို့ အခွင့်အရေးဟာ အဆင်သင့် အလိုလို ရလာမှာ မဟုတ်ဘူးလို့ သတိပေး စကား ဆိုလိုက်ပါတယ်။ ဂွာဒီယိုလာက လူငယ်ကစားသမားတွေကို အခွင့်အရေး ရတိုင်းမှာ ပြိုင်ဘက်အသင်းတွေကို ချိုးဖျက် ခြေစွမ်းပြဖို့ မျှော်လင့်နေပါတယ်။

မန်စီးတီး ဘယ်ခြမ်းခံစစ်မှူး မန်ဒီက ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်လာဖို့ အလားအလာကောင်းတွေ ရှိတယ်လို့ ဂွာဒီယိုလာက ယုံကြည်နေပါတယ်။ ဒါပေမယ့် မန်ဒီအနေနဲ့ ဒိထက် ရင့်ကျက်တဲ့ ပုံစံမျိုး ရှိဖို့ လိုအပ်ပြီး ဒါတွေ ပြောဆိုဆုံးမဖို့အတွက်တော့ ၄င်းက သူ့ဖခင် မဟုတ်ဘူးလို့ ဂွာဒီယိုလာက ဆိုပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ကိတ်တာအပေါ် ၀ယ်ယူထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည် မပြနိုင်သေးတာကြောင့် ပြင်ပက ဝေဖန်မှုများရှိနေပေမယ့် ကစားသမားအပေါ် ဖိအားပေးမှုများ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ ကစားသမား အနေနဲ့ လည်း ကျောနံပါတ် ၈ နဲ့ ထိုက်တန်တဲ့ ခြေစွမ်း ပြသဖို့ ကြိုးစားနေကြောင်း ဖွင့်ဟလာပါတယ်။

ချိန်ဘာလိန် ပြန်ကစားနိုင်တော့မှာက လီဗာပူးအသင်းအတွက် ကစားသမားသစ် ခေါ်ယူအင်အားဖြည့်လိုက်သလိုပဲ ဖြစ်ကြောင်း လီဗာပူး ကစားသမားဟောင်းကြီး ဖီးလ်သွန်မဆင်က ပြောကြားလိုက်ပါတယ်။ ချိန်ဘာလိန်ဟာ မနှစ် ဧပြီလတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရသူပါ။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာပဲ U23 ကစားသမား တချို့ကို အငှားစေလွှတ်ဖို့ စီစဉ်နေပါတယ်။ အသင်းကြီး နည်းပြ ဆိုးရှားကတော့ ခြေစွမ်းထက် လူငယ်တချို့ကို အငှားမလွှတ်ချင်သေးဘဲ တားဆီးထားမှုတွေ ရှိပါတယ်.. အဲဒီထဲမှာ ဒီလထဲ အငှားထွက်ဖို့ စီစဉ်ထားတဲ့ Angel Gomes လည်း ပါဝင်ပါတယ်။ အသင်း အကယ်ဒမီဘက်ကတော့ လူငယ်တွေ တိုးတက်ဖို့အတွက် အသင်းကြီးမှာ ဒါမှမဟုတ် အငှားထွက် ကစားပြီး ခြေစွမ်းတက်စေလိုနေပါတယ်။

အာဆင်နယ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဆန်းချက် ပါဝင်ကစားဖွယ် ရှိတယ်လို့ ယူနိုက်တက် နည်းပြ ဆိုးရှားက ပြောကြားလိုက်ပါတယ်။ ဆန်းချက်ဟာ ဘရိုက်တန်ကို ၂-၁ နဲ့ နိုင်တဲ့ ပရီးမီးယားလိဂ်ပွဲ မှာ ပါဝင်ကစားခွင့် မရခဲ့ဘဲ အရန်ခုံမှာသာ ရှိခဲ့ပါတယ်။ ဆန်းချက်ဟာ ဆိုးရှား ရောက်လာပြီးနောက် တစ်ပွဲသာ ကစားရသေးပြီး ရက်ဒင်းနဲ့ အက်ဖ်အေဖလားပွဲစဉ် ဖြစ်ကာ မိနစ် ၉၀ ပြည့်လည်း မကစားခဲ့ရပါဘူး။

ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်က လက်ရှိ နည်းပြ ဆိုးရှားကို ယူနိုက်တက်ရဲ့ အမြဲတမ်းမန်နေဂျာ အဖြစ် ခန့်အပ်ဖို့ သဘောတူ ထောက်ခံလိုက်ပြီး ခန့်အပ်မှုကိုတော့ ရာသီကုန်မှ လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက ဟီဂူအင် အပြောင်းအရွှေ့ဟာ ပြီးစီးခဲ့ပြီဖြစ်ပြီး ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားမှာပါ။ တပည့်ဟောင်း တိုက်စစ်မှူး ပရီးမီးယားလိဂ်မှာ အောင်မြင်မှု ရနိုင်မယ်လို့ အီတလီသားကြီးက ယုံကြည်နေပါတယ်။ ဟီဂူအင်က လန်ဒန်သို့ရောက်ရှိပြီ လက်မှတ်ထိုးခဲ့ပြီဖြစ်ပေမယ့် ကာရာဘောင်းပွဲ မပါဖို့ များနေပါတယ်။

လတ်တလော အင်တာဗျူးတစ်ခုမှာ ဟာဇက်က ယခင် မန်နေဂျာများ အပြောင်းအလဲနဲ့ စိတ်ပျက်စရာ ကြုံခဲ့ရမှုတွေ ဖွင့်ဟထားတာနဲ့ ပတ်သတ်ပြီး ဆာရီက – “တခါတလေ ကျနော် သူ့ကို ပါးစပ်နဲ့ စကားပြောတာထက်.. ခြေစွမ်းနဲ့ စကား ပိုပြောစေချင်တယ်.. သူ့မှာ အလားအလာကောင်းတွေ အများကြီး ရှိပါတယ်.. လက်ရှိ ခြေစွမ်းထက်တောင်လေ.. သူ အများကြီးလုပ်ပြဖို့ လိုသေးတယ်။” လို့ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ဇင်းနစ်မှာ ကစားနေတဲ့ ကွင်းလယ်ကစားသမား Leandro Paredes ကို ဂျော်ဂျင်ဟို အရန်နေရာအတွက် ခေါ်ယူလိုနေပါသေးတယ်။ ၄င်းရဲ့ တန်ကြေးက ပေါင် ၃၆ သန်းခန့် ရှိပါတယ်။

မော်ရင်ညို ထွက်ခွာသွားပြီး စတင် ကိုင်တွယ်စဉ်တည်းက စလို့ ဆိုးရှားက မန်ချက်စတာယူနိုက်တက်ကို အန္တရယ်ပေးနိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲပစ်ခဲ့ပြီ ဖြစ်ကြောင်း အမ်မရီက ၀န်ခံသွားပါတယ်။ အာဆင်နယ်ဟာ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ပွဲစဉ် ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ် အရန်ဂိုးသမား Emiliano Martinez ဟာ ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်းဆီ ရာသီကုန်ထိ အငှားသွားရောက် ကစားမှာ ဖြစ်ကြောင်း အသင်း တရားဝင်ကြေငြာသွားပါတယ်။ Martinez ဟာ အသက် ၁၇ နှစ်တည်းက အာဆင်နယ်ကို ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက အပြောင်းအရွှေ့ မပိတ်ခင် အသင်းအနေနဲ့ ကစားသမားသစ် တစ်ယောက် သို့မဟုတ် နှစ်ယောက် ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အာဆင်နယ်ရဲ့ ကာလရှည် ဒဏ်ရာရ စာရင်းက ပိုမိုများပြားလာလို့ အမ်မရီ အခက်တွေ့နေပါတယ်။

တော့တင်ဟမ် စပါး မန်နေဂျာ ပိုချက်တီနိုက ရေတို ဒဏ်ရာ ပြဿနာများကြောင့် အသင်းရဲ့ ကာလရှည်အတွက် ကြည့်တဲ့ အပြောင်းအရွှေ့ ပေါ်လစီတွေကို ပြောင်းလဲမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီအပြောင်းအရွှေ့မှာ ကစားသမားသစ် ရောက်ရှိ လာနိုင်ဖို့လည်း လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။

ဒဏ်ရာရ ကစားသမား များလာတဲ့ ပြဿနာ ရင်ဆိုင်နေရတဲ့ စပါးအသင်းဟာ ချယ်ဆီးနဲ့ ကာရာဘောင်းပွဲစဉ်မှာတော့ လူးကပ် မော်ရာ၊ ဆစ်ဆိုခိုတို့ ပြန်လည် ပါဝင်နိုင်ဖွယ် ရှိပြီး လေ့ကျင့်ရေး ဆင်းနေကြတာ တွေ့ရပါတယ်။

ကိန်း၊ အလီတို့ ဒဏ်ရာ ရနေတဲ့အပြင် တိုက်စစ်မှူး ဗင်းဆင့် ဂျက်ဆန်ကိုလည်း ပိုချက်တီနိုက မခေါ်ယူလိုတဲ့အတွက် ချယ်ဆီးနဲ့ပွဲမှာ လော်ရန်တေးက တိုက်စစ်မှာ ပါဝင်ကစားဖွယ် ရှိပါတယ်။