ချယ်ဆီးနဲ့ စပါးရဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ယနေ့ည (မနက်ဖြန်မနက်) ၂း၁၅ နာရီမှာ စတန်းဖို့ ဘရစ်ခ်ျကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။ စပါးဟာချဲလ်ဆီးကို ပထမအကျော့မှာတော့ (၁-၀) ဂိုးနဲ့ အနိုင်ရရှိထားတဲ့ အတွက် တစ်ဂိုးတော့ အသာရထားပါတယ်။ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ကာရာဘောင်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ မန်စီးတီးအသင်းဟာ ဘာတန်အသင်းကို အဝေးကွင်းမှာ (၁-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း (၁၀-၀) ဂိုးနဲ့ ဖိုင်နယ်တက်ရောက်သွားခဲ့ပြီဖြစ်လို့ ယနေ့ည စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းက ဖိုင်နယ်တက်ရောက်သွားတဲ့
မန်စီးတီးနဲ့ ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

ဒီလန်ဒန်နှစ်သင်းရဲ့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံထားတဲ့ ပြိုင်ပွဲစုံ (၁၀) ပွဲမှာတော့ တော့တင်ဟမ်ဟော့စပါးအသင်းက (၄) ပွဲနိုင်၊ ချဲလ်ဆီးက (၄)ပွဲ နိုင်ထားပြီး (၂) ပွဲသရေ ရလဒ်ထွက်ပေါ်ထားပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပထမအကျော့မှာသာ စပါးကို အနိုင်ရရှိခဲ့ပြီး နောက်ပိုင်းကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲစလုံးမှာ အရေးနိမ့်ခဲ့ပါတယ်။ EFL ပွဲစဉ်ဖြစ်ပေမယ့်လည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်လို့ နှစ်သင်းစလုံးဟာ ယနေ့ညမှာတော့ အားကုန်ထုတ်ကာ ယှဉ်ပြိုင်လာနိုင်ပါတယ်။ ချဲလ်ဆီးဟာ လက်တလောကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲမှာ (၂) ပွဲနိုင်၊ (၂) ပွဲရှုံးထားပြီး (၁) ပွဲသရေကျထားပါတယ်။ စပါးအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅) ပွဲမှာ (၄) ပွဲနိုင်ခဲ့ပြီး (၁) ပွဲရှုံးနိမ့်ထားပါတယ်။

ဒဏ်ရာရ/ပွဲပယ်

ချဲလ်ဆီး – မူဆွန်ဒါ၊ ဒရင့်ဝါးတား၊ မိုရာတာ (ပါဝင်ဖို့မသေချာ)၊ ဗန်ဂျင်ဂယ်၊ လို့ဖ်တပ်စ်ချိခ်။
စပါး – ဟယ်ရီကိန်း၊ ဒီလီအယ်လီ၊ ဆစ်ဆိုကို၊ လူးကပ်စ်မိုရာ၊ ဝမ်ယာမာ၊ ဆွန်ဟောင်မင် (အာရှဖလား)။

ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီးနည်းပြဆာရီဟာ ဒီဖလားပွဲစဉ်အတွက်တော့ ကောင်းကောင်းပြင်ဆင်လာနိုင်ပါတယ်။ အသစ်ရောက်ရှိလာတဲ့တိုက်စစ်မှူး ဟီဂွာအင် အနေနဲ့ ဒီပွဲမှာ ပါဝင်လာဦးမှာမဟုတ်ပေမယ့်လည်း ဟာဇက်ကို တိုက်စစ်မှာ တည်ပြီး ပက်ဒရို၊ ဝီလီယံတို့အတွဲနဲ့အတူ တော့တင်ဟမ်ကို အိမ်ကွင်းအားသာချက်နဲ့ အသာစီးကနေ ကစားသွားနိုင်ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာအဆင့်(၄) အတွင်းသာ ဝင်နိုင်အောင် ကြိုးစားသွားရမှာဖြစ်လို့ နည်းပြဆာရီအနေနဲ့ လာမယ့်ပွဲစဉ်ကို သေချာအာရုံစိုက်ပြီး အသင်းသစ်နဲ့အတူ ပြည်တွင်း ဖလားတစ်လုံး စတင်ဆွတ်ခူးနိုင်ဖို့ အားခဲလာမှာ အသေအချာပဲဖြစ်ပါတယ်။

နည်းပြပိုချက်တီနိုရဲ့ စပါးအသင်းဟာ ချဲလ်ဆီးကို (၁) ဂိုးအသာရထားတယ်ဆိုပေမယ့်လည်း လာမယ့်ပွဲစဉ်မှာတော့ဆွန်ဟောင်မင်၊ ကိန်း၊ အယ်လီတို့ မပါဝင်နိုင်တော့တဲ့ အပြင် အဝေးကွင်းလည်းဖြစ်နေတဲ့ အတွက် ကစားရတာ ခက်ခဲသွားနိုင်ပါတယ်။ နည်းပြပိုချက်တီနိုအနေနဲ့ ချဲလ်ဆီးကို လူစာရင်းချင်း ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမှာ ရှိမနေတဲ့ အတွက် နည်းစနစ်ကိုသာအဓိက အားကိုးသွားရမှာ ဖြစ်ပြီး ခံစစ်ကို ကျစ်လစ်တောင့်တင်းအောင် ကြိုးစားသွားရဖွယ်ရှိပါတယ်။ စပါးအနေနဲ့ ဒီပွဲမှာတော့ချဲလ်ဆီးဂိုးပေါက်ကို ရှာတွေ့ဖို့ တော်တော်လေး ခက်ခဲသွားနိုင်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့အပြင် လန်ဒန်ဒါလီလည်းဖြစ်တာကြောင့် ကြည့်လို့ကောင်းမယ့်ပွဲစဉ်ဖြစ်ပေမယ့် အိမ်ရှင်အသင်းကပဲ အသာစီးရသွားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ခန့်မှန်းရလဒ် : ချဲလ်ဆီး ၂ – ၀ စပါး