ချယ်ဆီးဟာ အိမ်ကွင်းမှာ 2-1 နဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ်အရ ပင်နယ်တီ ကန်ခဲ့ရပါတယ်။ ဂိုးသမား ကီပါရဲ့ လက်စွမ်းကောင်းတွေနဲ့ အတူ ချယ်ဆီးဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းမှ အသက် ၂၈ နှစ်အရွယ် နိုင်ဂျီးရီးယားသား တောင်ပံခံစစ်သမား ဗစ်တာ မော့ဆက်ဟာ ရာသီကုန်ထိ ဖီနာဘာချီအသင်းဆီ အငှားသွားရောက် ကစားဖို့ သဘောတူညီမှု ရခဲ့ပြီကာ ဆေးစစ်မှုများလည်း ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ တရားဝင်သတင်းထုတ်ပြန်မှုကို နှစ်ဖက်အသင်းများက မကြာခင် ပြုလုပ်ဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ဇင်းနစ်ကွင်းလယ်ကစားသမား Leandro Paredes ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း ပြင်သစ်သတင်းများမှာ ဖော်ပြနေပါတယ်။ Leandro Paredes အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၇ သန်း ဖြစ်ပြီး ၄နှစ်ခွဲစာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ပြင်သစ်သားတိုက်စစ်မှူး မာရှယ်က ဒီလထဲမှာ ယူနိုက်တက်နဲ့ စာချုပ်သစ် သက်တမ်းတိုး သဘောတူစာချုပ် မချုပ်နိုင်တော့လျှင် စပိန်ကလပ် ဆီဗီလာက မာရှယ်ကို ခေါ်ယူလိုနေပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးရှားကတော့ နောက်တစ်ပတ်အတွင်း မာရှယ်နဲ့ ဒီဂီယာတို့ စာချုပ်သစ်ကိစ္စ သတင်းကောင်းပေးနိုင်လိမ့်မလို့ ဆိုထားပါတယ်။

ယူနိုက်တက်နဲ့ ရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် မာတာကို ပြည်တွင်း ပြိုင်ဘက်အသင်း အာဆင်နယ်က အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာပါတယ်။ မာတာကို ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာ စတဲ့ အင်္ဂလန်ပြင်ပ ကလပ်အသင်းကြီးတွေက စောင့်ကြည့်နေပြီး ခေါ်ယူလိုတဲ့အသင်းတွေထဲ အာဆင်နယ်ပါ ပါဝင်လာခဲ့တာပါ။

အင်တာမီလန်အသင်းဟာ ခရိုအေးရှားသား တောင်ပံ ကစားသမား ပါရီဆစ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်အပြင် အက်သလက်တီကို ကပါ စိတ်ဝင်စားနေတဲ့ ပါရီဆစ်အတွက် အင်တာမီလန်ဘက်က ယူရို သန်း ၄၀ ၀န်းကျင် ရဖို့ အလို ရှိနေပါတယ်။

စပါးအသင်းဟာ ကာရာဘောင်း ဒုတိယအကျော့မှာ ချယ်ဆီးကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ပိုချက်တီနိုရဲ့ ဆီမီးဖိုင်နယ် ကျိန်စာကတော့ ထပ်တိုးသွားခဲ့ပြန်ပါပြီ။

ဒူးဒဏ်ရာကြောင့် နားပြီး ၉ ရက် အကြာမှာပဲ အင်္ဂလန်နဲ့ စပါးတိုက်စစ်မှူး ကိန်းဟာ လမ်းပြန်လျှောက်နိုင်နေပြီ ဖြစ်ကြောင်း အင်စတာဂရမ်က တဆင့် ဗီဒီယိုတင်ပြီး ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ မတ်လထဲမှာ ပြန်ကစားနိုင်မယ် ခန့်မှန်းထားပေမယ့် ကိန်းတစ်ယောက် စောစီးစွာ ပြန်လာနိုင်ဖို့ မျှော်လင့်နေကြပါပြီ။

ဘက်ဆစ်တပ်ဟာ ပြင်သစ်သား စပါးတောင်ပံကစားသမား N’Koudou ကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း တူရကီ သတင်းများမှာ ဖော်ပြနေပါတယ်

အာဆင်နယ်နည်းပြ အမ်မရီက အသင်းမှာ အမေ့ခံဖြစ်နေတဲ့ ခံစစ်မှူး ဂျက်ကင်ဆန်ကို ပွဲကစားခွင့် ပြန်လည်ပေးသွားမှာ ဖြစ်ပြီး ၄င်းကို အငှားခေါ်ယူဖို့ ဘန်လေ၊ ၀က်စ်ဘရွန်း၊ Ipswich စတဲ့ ကလပ်အသင်းတွေက စိတ်ဝင်စားနေပေမယ့် အသင်းမှာ ဆက်ထိန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမ်မရီက အသင်းလေ့ကျင့်ရေးမှာ အသက် ၂၆နှစ်အရွယ် ညာခြမ်းခံစစ်မှူး ဂျက်ကင်ဆန်ရဲ့ သဘောထားကို နှစ်ခြိုက် သဘောကျခဲ့တာလို့ သိရပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင် ခံစစ်မှူး ကိုစီရယ်နီက အက်ဖ်အေဖလားပွဲစဉ်မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက် လူငယ်တိုက်စစ်မှူး ရပ်ဖို့ဒ်ဟာ တစ်နှစ်ပြီး တစ်နှစ် အများကြီး တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း ၀န်ခံ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်မှာ မာရှယ်၊ လင်ဂတ်၊ လူကာကူ စတဲ့တိုက်စစ်မှူးကောင်းတွေ ရှိတဲ့အတွက် သတိထားရမှာ ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

အင်တာမီလန်အသင်းဟာ ၄င်းတို့ ကွင်းလယ်ကစားသမား နိုင်ဂိုလန်ရဲ့ သဘောထားကို မနှစ်ခြိုက်တဲ့အတွက် ဒီအပြောင်းအရွှေ့မှာ အသင်းကနေ ရောင်းထုတ်လိုနေပြီး အာဆင်နယ်ကလည်း ဒင်းနစ်ဆွာရက်စ်ကို မရခဲ့ရင် အမ်မရီ အသင်းမှာ နေရာမပေးလိုတဲ့ အိုဇေးလ်နဲ့ နိုင်ဂိုလန် အလဲအထပ် အပြောင်းအရွှေ့ ဖြစ်သွားနိုင်တဲ့ အလားအလာတွေ ရှိနေကြောင်း အီတလီဘက်က သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အာဆင်နယ် အသင်းသားဟောင်း သီယာရီအွန်နရီဟာ မိုနာကိုအသင်းကနေ ထုတ်ပယ်ခံခဲ့ရပါပြီ။ သူဟာ မိုနာကို မန်နေဂျာဘဝ ပွဲ 20 ကိုင်တွယ်ခဲ့ပြီး 4 ပွဲပဲ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒူးဒဏ်ရာကြောင့် သီတင်းပတ် ၁၀ပတ်မျှ နားနေခဲ့ရပြီး ဘာတန်နဲ့ ကာရာဘောင်း ဒုတိယအကျော့မှာ ပြန်လည် ပါဝင်ကစားခွင့် ရခဲ့တဲ့ မန်စီးတီးခံစစ်မှူး မန်ဒီက အသင်းအတွက် အောင်မြင်မှုတွေ ဆုဖလားတွေ ရယူပေးသွားလိုကြောင်း ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ‘ကျနော်တို့ အားလုံး အနိုင်ပြီးရင်း အနိုင် ဆက်တိုက် လိုချင်တယ်.. ကစားသမားတွေ အကုန်၊ မန်နေဂျာ ကျနော်တို့ အားလုံးက ရှိသမျှ ဆုဖလားတွေ သိမ်းပိုက်ပြီး မှတ်တမ်းသစ် ရေးထိုးချင်နေကြပြီ’ လို့ မန်ဒီက ဆိုပါတယ်။

၁၉ နှစ်သား မန်စီးတီး လူငယ်တိုက်စစ်မှူး လုခ်ဘော်တန်က ရာသီကုန်အထိ လိဂ်ဝမ်းကလပ် Wycombe Wanders အသင်းမှာ အငှားသွားရောက် ကစားတော့မှာ ဖြစ်ကြောင်း တရားဝင်ကြေငြာသွားပါတယ်။

ကာရာဘောင်းဖလား ဗိုလ်လုပွဲ တက်ရောက်သွားပြီ ဖြစ်တဲ့ မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ ၀င်ဘာလေကွင်းမှာ ဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်လို့ ၀က်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က တစ်ရက် နောက်ဆုတ်သွားပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ ကစားတော့မှာ ဖြစ်ကြောင်း အတည်ပြု ကြေငြာထားပါတယ်။

လီဗာပူးနဲ့ပွဲစဉ်မှာ အားထားရတဲ့ ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား ပါဝင်ဖို့ မသေချာသေးကြောင်း နဲ့ စစ်ဆေးစောင့်ကြည့်ရဆဲ ဖြစ်ကြောင်း လက်စတာနည်းပြ Claude Puel က ၀န်ခံပြောကြားလိုက်ပါတယ်။ မက်ဂွဲယားဟာ ပြီးခဲ့တဲ့ သီတင်းပတ် ၀ုဗ်နဲ့ပွဲမှာတည်းက ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

ဒူဘိုင်းမှာ သွားရောက်လေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ လီဗာပူးအသင်းသားတွေက ဗုဒ္ဓဟူးနေ့ကပဲ မဲလ်ဝုဒ် လေ့ကျင့်ရေးကွင်းဆီ ပြန်လည် ရောက်ရှိခဲ့ကြပြီး ကြာသပတေးနေ့ တစ်ရက် နားရက် ရခဲ့ပါတယ်။ သောကြာနေ့မှာတော့ ထရိန်နင် ပြန်လည် စတင်တော့မှာ ဖြစ်ပြီး နောက်တစ်ပတ် လက်စတာနဲ့ပွဲအတွက် လေ့ကျင့်မှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လီဂူး တူး ကလပ် US Orleans အသင်းမှာ အသက် ၁၆ နှစ်အရွယ် ပြင်သစ် ဗဟိုခံစစ်မှူး Billy Koumetio ခေါ်ယူဖို့ ချိန်ရွယ်လာကြောင်း သိရပါတယ်။ Koumetio က လိုင်ယွန်အကယ်ဒမီမှ နာမည်ကြီး ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ နွေကမှ US Orleans အသင်းဆီ ရောက်ရှိခဲ့တာပါ။