(နာမည်လွှဲရေးထားတာကလွဲလို့ ဒီနေ့ပဲဖြစ်သွားတဲ့ဖြစ်ရပ်မှန်ပါ။ လူတိုင်းကို အယုံမလွယ်စေဖို့ ပြန်လည်ကူးယူဖော်ပြ ပေးလိုက်ပါတယ်။)

အသိအမတယောက်အိမ်မှာ အတူနေနေတဲ့ ကောင်မလေးတယောက်( နာမည်ကို မိုးလို့ပဲခဏမှတ်ထားကြပါ) မမိုးက သူနဲ့ခင်နေတဲ့ ဖေ့ဘုတ်ပေါ်က မိန်းမတယောက်က ဒလဘက်ကို လာလည်ပါလို့ ပြောလို့ လိုက်လည်ပါသတဲ့။

ဟိုရောက်တော့ ဒလမဟုတ်ပဲ ဆက်ခေါ်သွားတယ်။ သူမှတ်မိတာက ****** ဆိုတဲ့ရွာဆိုင်းပုဒ် ပြီးတော့ နာရီဝက်လောက်ဆက်မောင်းသွားတယ်တဲ့။ အဲ့မှာ အဲ့အမျိုးသမီးရဲ့ အိမ်ရောက်သွားတယ်။ ပြီးတော့ တခုခုစားသောက်ကြမယ်ဆိုပြီး အဲ့မိန်းမကလဲ အရက်သောက်တယ် ။ သူ့အိမ်က သူ့မောင်ထင်ရတဲ့ ယောက်ျားလေးယောက်ကလဲသောက်တယ် ။သူ့ကိုလဲအရက်တွေ တိုက်တယ် အားနာလို့ တခွက်ယူထားပြီး နဲနဲသောက်မိလိုက်ထဲက ဘာမှသတိမရတော့ဘူးလို့ပြောတယ်။

သူသတိရတာက သူ့ကိုအဲ့ယောက်ျားလေးယောက်လုံး အုပ်စုလိုက်မုဒိန်းကျင့်တယ်တဲ့။ ပြီးတော့ အခု အဲ့မိန်းမရော အဲ့ယောက်ျားတွေရောမူးပြီး အိပ်ပျော်နေတယ် ။ သူ့ဖုန်းက သူ့လက်ထဲရှိနေတော့ သူနဲ့အတူနေတဲ့ ကိုယ့်အသိအမဆီ သူဖြစ်နေတာတွေပြောပြီး ဖုန်းဆက်ပြီး သူ့ကိုကယ်ဖို့ပြောတော့ အဲ့အမက ကိုယ့်ဆီဆက် ပြောတာနဲ့ ကိုယ့်အဖေဆီ အရင်ဖုန်းဆက် အကြံဉာဏ်တောင်းတယ်။

ပထမဆုံး စဉ်းစားမိတာက ဒီဟာကလူကုန်ကူးဖြစ်နိုင်တယ်ဆိုပြီး စဉ်းစားမိတော့ လူကုန်ကူးအတွက်တင်ထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်တယ်။ သူတို့က ရန်ကုန်လူကုန်ကူးကို ပြန်ဆက်ခိုင်းတယ်။ ရန်ကုန်လူကုန်ကူးကိုဆက်တော့ ဒါမုဒိန်းမှုလေတဲ့ ။ဘယ်မြို့နယ်မှာဖြစ်တာလဲ ဖြစ်တဲ့မြို့နယ်မှာ အမှုဖွင့်ပါတဲ့။ ဒါနဲ့ ကိုယ်တွေလဲမြို့နယ်မသိလို့ *****ရွာဆိုတာပဲ သိကြောင်းပြောတော့ ****မြို့အပိုင်တဲ့ ။အဲ့စခန်းဖုန်းနံပါတ်ပေးမယ် ဆက်ပြီးတိုင်လိုက်ပါတဲ့။

မြို့မရဲစခန်းကို ဆက်တော့ တာဝန်မှူးကျတဲ့အကိုကို အကုန်ပြောပြ အကူအညီတောင်းတော့ သူတို့လဲတတ်နိုင်တဲ့ဘက်က ကူညီပေးကြပါတယ်။ တဖက်မှာလဲ မမိုးဆီဖုန်းဆက်ပြီး နေရာအတည်ပြုဖို့ မီတာစာရွက်တွေဘာတွေ ကြိတ်ရှာခိုင်းတယ် ။ သူတို့မနိုးအောင်လဲ သေချာလုပ်ဖို့ ဆက်မငိုတော့ဖို့ ပြောရင်းကြိတ်ရှာခိုင်းတယ်။

ကံကောင်းချင်တော့ တံခါးတချပ် ပွင့်နေတာတွေ့ပြီး ထွက်ပြေးခဲ့ပါသတဲ့။ အစက ဆေးရှိန်တွေနဲ့မူးပြီး ဘာမှမလှုပ်နိုင်တော့ မမြင်နိုင်တော့ အပေါက်မမြင်ခဲ့တာထင်တယ်။

ပြေးရတာလဲ ဘေးမှာအိမ်မရှိပဲ လယ်ကွင်းတွေပဲလို့ပြောတယ်။ အဲ့တာနဲ့ကြာလာတော့ ဘုရားဆိုင်းပုဒ်ကို တွေ့တယ်ပြောတော့ အဲ့မှာမှ နေရာအတည်ပြုနိုင်ပြီး စခန်းကလူကို သွားခေါ်ခိုင်း ဒီကအမတွေလဲ လိုက်သွားနဲ့ အဲ့မှာပဲ ကိစ္စအဆုံးသတ်သွားခဲ့ပါတယ်။

အခုတော့ အဲ့အမတွေလိုက်သွားပြီ။ အမှုဖွင့်ဖို့တွေ ဘာတွေလုပ်ရမှာပေါ့။

ဒါပေမဲ့ ကိုယ်ကလဲ နဲနဲအတွေးခေါင်တော့ စဉ်းစားကြည့်တယ်။ မမိုးက အပျို ရည်းစားကစစ်ဗိုလ်ဆိုလားပဲ ။ အခု မသေလို့ လွတ်လာတယ်ဆိုပေမဲ့ ယောက်ျားအုပ်စုလိုက် မုဒိန်းအကျင့်ခံရတယ်ဆိုတဲ့ စိတ်နဲ့ ဘဝကို ဘယ်လိုရှေ့ဆက်မလဲတွေးမိတယ်။ လူကိုမသတ်အောင် တခုခုမဖြစ်အောင် တတ်နိုင်တဲ့ဘက်က ကူညီပေးရလို့ ခံသာပေမဲ့ ကိုယ်သာသူ့နေရာဆို ဘယ်လိုမျက်နှာနဲ့ လူတွေကို ဆက်ဆံရတော့မလဲတွေးမိတိုင်း ရင်ထဲမှာ မွန်းကြပ်နေတာပဲ။ အမှုမဖွင့်လို့လဲ မရဘူး ။ မမိုးပေါင်းများစွာ ထပ်ပေါ်လာလိမ့်မယ်။ အမှုဖွင့်ရင်လဲ သိက္ခာတွေ ဘဝတွေ….. ဟူးးးးးးးးး

နောက်တခုက ဖုန်းရှိနေရက်နဲ့ လိုကေးရှင်းတွေဘာတွေ ပို့ဖို့လောက်အထိ မသုံးတတ်ဘူးလို့ပြောတယ်။ (အဲ့စကားကြားရတာတော့ ရိုက်တောင်သတ်ချင်တယ် ဒီလောက် အ န နေရလားဆိုပြီး)ခေတ်က သိပ်ကြောက်ဖို့ ကောင်းနေပြီ။ နည်းပညာကို နောက်ကောက်မကျကြပါနဲ့။

ခုကိစ္စဆို ကျား မ အွန်လိုင်းမှာချစ်ကြိုက်ပြီး ခေါ်လို့သွားတွေ့တာတောင်မဟုတ်ဘူး။ မိန်းမချင်း ရက်ရက်စက်စက် လုပ်ရက်တာ။ လူချင်းမတွေ့ဖူးပဲ ငွေစုကြတာတို့ ချိန်းတွေ့တာတို့ မလုပ်ကြပါနဲ့တော့။လူတွေကို အယုံအကြည်မလွယ်ကြပါနဲ့။ မိဘတွေ သွေးနဲ့ချွေးနဲ့ရင်းပြီး ပေးထားတဲ့ဘဝတွေကို ဘာမဟုတ်တာနဲ့ အပျက်စီး အဆုံးရှုံးမခံကြပါနဲ့။

ခုတော့ လူတယောက် အသက်မဆုံးရတာပဲ ကျေနပ်နေရတာပေါ့။ မကျေနပ်လဲ ဘဝတွေက ပျက်ဆီးပြီးနေပြီ။

ထပ်ပြောပါမယ်။
လူတွေကို အယုံကြည် မလွယ်ကြပါနဲ့။

May Thayaphy Win Than
8 Oct 18

(နာမည်လွှဲရေးထားတာကလွဲလို့ ဒီနေ့ပဲဖြစ်သွားတဲ့ဖြစ်ရပ်မှန်ပါ။)