ယခုတစ်ပတ်ထဲ အက်ဖ်အေဖလားပွဲစဉ် (စတုတ္ထထအဆင့်) ပွဲစဉ်တွေထဲမှာ ပွဲကြီးပွဲကောင်းတစ်ပွဲကတော့ အမ်းမရိတ်ကွင်းမှာ ကစားမယ့် အာဆင်နယ်နဲ့ မန်ယူတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ အင်္ဂလန်သမိုင်းမှာ အာဆင်နယ်အသင်းဟာ FA ဖလား (၁၃) လုံးအထိရရှိထားပြီး ဖလားအများဆုံးရရှိထားတဲ့ စံချိန်ကိုတင်ထားသလို မန်ယူအသင်းဟာလည်း အဆိုပါဖလားကို (၁၂) လုံးအထိရရှိထားပါတယ်။ အဲဒါကြောင့် ဒီပွဲဟာ ဖလားပွဲစဉ်ဖြစ်ပေမယ့်လည်း ဂုဏ်သိက္ခာပိုင်းအရ ရှုံးလို့မဖြစ်တဲ့အတွက် အကြိတ်အနယ်ဖြစ်လာမယ့် ပွဲစဉ်လို့ ပြောလို့ရပါတယ်။ အဆိုပါပွဲစဉ် ယှဉ်ပြိုင်ကစားမယ့် အချိန်ကတော့ စနေနေ့ည (တနင်္ဂနွေမနက်) ၂း၂၅ နာရီမှာပဲဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ်နဲ့ မန်ယူတို့ဟာ FA ဖလားပြိုင်ပွဲသမိုင်းမှာ ဖိုင်နယ်ပွဲစဉ်တွေအပါအဝင် (၁၄) ကြိမ်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး တစ်ဖက်ကို (၇) ပွဲစီ အနိုင်ရရှိထားပါတယ်။ ဒီပွဲစဉ်ဟာ အာဆင်နယ်အနေနဲ့ အမ်းမရိတ်ကွင်းမှာ မန်ယူကို (၃) ကြိမ်မြောက် လက်ခံယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်ဖြစ်ပြီး အရင် (၂) ပွဲစလုံးကို အာဆင်နယ်အသင်းကပဲ အသာစီးရရှိထားပါတယ်။ FA ဖလားပြိုင်ပွဲမှာ နောက်ဆုံး တစ်ကြိမ်တွေ့ဆုံထားတဲ့ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ မန်ယူကို အိုးထရက်ဖို့ဒ်မှာ (၂-၁) ဂိုးနဲ့အသာစီးရရှိထားပါတယ်။ အာဆင်နယ်နဲ့ မန်ယူတို့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံထားတဲ့ ပွဲစဉ် (၅) ပွဲမှာတော့ မန်ယူဟာ အာဆင်နယ်ကို (၁) ပွဲသာ ရှုံးနိမ့်ခဲ့ပြီး (၂) ပွဲသရေ၊ (၂) ပွဲနိုင်အောင် ကစားထားပါတယ်။ လာမယ့်ပွဲစဉ်မှာတော့ နှစ်သင်းစလုံးတိုက်စစ်ကောင်းမွန်နေတဲ့အတွက် တော်တော်လေးကြည့်လို့ကောင်းမယ့် ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။

ဒဏ်ရာရ/ပွဲပယ်

  • အာဆင်နယ် – ဒန်နီဝဲလ်ဘတ်၊ ဟက်တာဘယ်လာရင်၊ မစ်ခီတာရန် (ပါဝင်လာနိုင်)၊ ရော့ဘ်ဟိုးလ်ဒင်း။
  • မန်ယူ – စမောလင်း၊ လုခ်ရှော၊ မားကို့စ်ရိုဟို၊ ရပ်ရှ်ဖို့ဒ်၊ ဖယ်လိုင်နီ။

ပွဲကြိုသုံးသပ်ချက်

နည်းပြအူနိုင်းအမ်မရီရဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အမ်းမရိတ်မှာ နည်းပြဆာရီရဲ့ ချဲလ်ဆီးကို (၂-၀)ဂိုးနဲ့ အသာစီးရရှိခဲ့တဲ့ အတွက် စိတ်အားတက်ကြွနေမှာ သေချာပါတယ်။ ဒီပွဲမှာလည်းအိမ်ကွင်းအားသာချက်အပြင် တိုက်စစ်မှာ အော်ဘာမီရန်း၊ လာကာဇက်တို့ရဲ့ အဆုံးသတ်သေချာမှုတွေနဲ့ မန်ယူကို ဒုက္ခပေးဖို့ပြင်ဆင်လာနိုင်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ လမှာ ခံစစ်ပိုင်း ဒဏ်ရာရကစားသမားများပြားခဲ့လို့ရုန်းကန်ခဲ့ရပေမယ့်လည်းလက်ရှိအချိန်မှာတော့ ကိုစီရယ်လ်နီ အကောင်းဆုံးခြေစွမ်း ပြန်လည်ပြသနေတာဖြစ်လို့ ခံစစ်ပိုင်း အနည်းငယ်စိတ်အေးရတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ နည်းပြအမ်မရီအနေနဲ့ အာဆင်နယ်ရဲ့ FA သမိုင်းကို ထိန်းသိမ်းဖို့ ဒီပွဲစဉ်မှာ လူစာရင်းအပြည့်အစုံနဲ့ ပွဲထုတ်လာနိုင်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပြိုင်ပွဲစုံ (၇)ပွဲဆက်အနိုင်နဲ့အတူ အကောင်းဆုံးရှေ့ဆက်ပြနေပါတယ်။ လာမယ့်ပွဲစဉ်ဟာ ယူနိုက်တက်အတွက် အဝေးကွင်းဖြစ်ပေမယ့်လည်း အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အတွက် ယှဉ်ပြိုင်ကစားသွားနိုင်ပါတယ်။ ယူနိုက်တက်ဟာ လက်ကျန်ရာသီဝက်အတွင်း ပရီးမီးယားလိဂ်မှာ အဆင့်(၄) အတွင်း ဝင်အောင်သာ ကြိုးစားရမှာဖြစ်တဲ့အတွက် သိက္ခာပိုင်းအရ ပြည်တွင်းဖလားတစ်လုံးတော့ ရရှိအောင် မဖြစ်မနေ အားထုတ်လာနိုင်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီပွဲစဉ်မှာ အာဆင်နယ်ရဲ့ တိုက်စစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ရင်တော့ ရလဒ်ကောင်းတွေကို ရရှိသွားနိုင်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ အာဆင်နယ် ၁ – ၁ မန်ယူ (မိနစ်ကိုးဆယ်အတွင်း)။