အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေပွဲ စတုတ္ထအဆင့်ပွဲမှာ ယူနိုက်တက်က အာဆင်နယ်ကို 3-1 နဲ့ အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကိုတော့ ဆန်းချက်၊ လင်ဂတ်နဲ့ မာရှယ်တို့က သွင်းယူပြီး အာဆင်နယ်အတွက်တော့ အူဘာမီယန်က ခြေပဂိုးတစ်ဂိုး သွင်းခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုရင် တိုးတက်ဖို့ သွားစရာက မန်စီးတီး၊ ဘာစီလိုနာ၊ ရီးရဲလ် မက်ဒရစ် ၃ သင်းသာ ရှိပြီး ယူနိုက်တက်ရဲ့ မြို့ခံ ပြိုင်ဘက် စီးတီးသို့ သွားမှာ မဟုတ်တော့လို့ တချိန်မှာ ပေါ့ဘာထွက်ခွာရင် ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်အသင်း ရှိရာ စပိန်သို့ပဲ ဖြစ်လိမ့်မယလို့ ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ Florentin Pogba က ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ အသက် ၁၉ နှစ်အရွယ် ဥရုဂွေးသား ကွင်းလယ်ကစားသမားလေး Nicolas Acevedo ကို ခေါ်ယူဖို့ လီဗာပူး၊ မန်စီးတီး အသင်းတို့နဲ့ အတူ အပြိုင် ၀င်ရောက်ကြိုးပမ်းနေပါတယ်။ Acevedo က ဥရုဂွေး Primera Division မှ Montevideo ကလပ်အသင်းမှာ ကစားနေသူပါ။

အမ်းမရိကွင်းမှာ ယူနိုက်တက်ကို ဆိုးဆိုးရွားရွား အရေးနိမ့်ပြီးနောက် ဂန်းနားတွေက ကလပ်ဟာ ထိပ်တန်အဆင့်မှာ ရှိမနေတဲ့ သာမာအသင်းဖြစ်တယ်ဆိုတာ လက်ခံကြဖို့ လိုနေပြီလို့ အာဆင်နယ်ရဲ့ ဖန်းတီဗီချန်နယ်ကို ဖြေဆိုပေးခဲ့ကြပါတယ်။ အချို့ကတော့ ပီတာချက်ဟာ ခပ်မြန်မြန်ပဲ အနားယူသင့်ပြီလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

အာဆင်နယ် ကစားသမားဟောင်းကြီး Perry Groves က အိုဇေးလ်အနေနဲ့ အသင်းမှာ လစာအများဆုံး ယူထားပါသော်လည်း အမ်မရီက အသင်းမှာ နေရာမပေးဘဲ ချန်လှပ်ထားမှုအပေါ် တုန့်ပြန်မှု မပြုလုပ် ငြိမ်သက်နေတဲ့အပေါ် ဝေဖန်သွားပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်ကနေ ထွက်ခွာမယ့် အလားအလာ ရှိနေသော်လည်း ကစားသမားကိုယ်တိုင် ဘယ်ဆီကိုမှန်း သိပုံမရသေးဘူးလို့ Groves က မှတ်ချက်ပြုခဲ့ပါတယ်။

အမ်မရီနဲ့ ဆီဗီလာမှာ အတူ လက်တွဲဖူးသူ လက်ရှိ ရိုးမားအသင်း ဘောလုံး ဒါရိုက်တာ မွန်ချီက အာဆင်နယ်အသင်းရဲ့ ပထမဆုံး နည်းစနစ် ဒါရိုက်တာ ဖြစ်လာဖို့ အလွန် ရေပန်းစားနေပါတယ်။

မန်စီးတီးဟာ ဒီဂျောင်ကို ဘာစီလိုနာဆီ လက်လွှတ်လိုက်ရတဲ့နောက် ပေါင် သန်း ၅၀ တန် အေဂျက်ခံစစ်မှူး ဒီလစ်ကို အရခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ဒီလစ်က အေဂျက်အတွက် ၉၃ ပွဲ ကစားပေးထားပြီး ကလပ်အသင်း ပရိသတ်တွေ အကြိုက် ကစားသမားကာ ၂၀၁၈ အတွက် European Golden Boy ဆု ရရှိထားသူ ဖြစ်ပါတယ်။

မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာက ဘန်လေနဲ့ပွဲမှာ အနိုင်ရနိုင်မယ့် အင်အားပြည့် လူစာရင်းနဲ့ ပွဲထွက်လာမယ်လို့ သတင်းပေးလိုက်ပြီး လူငယ် ကစားသမားတွေ ထည့်သုံးမှာ မဟုတ်ကြောင်း ပွဲကြိုမှာ ပြောကြားလိုက်ပါတယ်။

ဒဏ်ရာကြောင့် သီတင်းပတ် အတော်ကြာ အနားယူနေခဲ့တဲ့ ခံစစ်မှူး ဘန်ဂျမင် မန်ဒီက ဘာတန်နဲ့ ကာရဘောင်းပွဲစဉ်မှာ မိနစ် ၃၀ မျှ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ဘန်လေနဲ့ပွဲမှာ ထည့်သွင်းရမလားဆိုတာ စောင့်ကြည့်ဦးမယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။

တိုက်စစ်မှူး ဆွန်ယောင်မင်ရဲ့ တောင်ကိုးရီးယား အသင်းဟာ အာရှဖလားမှာ ကွာတားဖိုင်နယ် အဆင့်မှာပဲ ကာတာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါပြီ။ တိုက်စစ်မှူး မရှိဖြစ်နေတဲ့ စပါးအသင်းအတွက်တော့ ဆွန်ပြန်လာနိုင်မှာ ၀မ်းသာစရာ ဖြစ်ပါလိမ့်မယ်။

ဒီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူဖို့ တကယ်ပဲ မလိုဘူးလားဆိုတဲ့ အမေးကို ပိုချက်တီနိုက ၄င်းအနေနဲ့ ဒီမေးခွန်းကို အကြိမ် ၁၀၀ လောက် ဖြေခဲ့ပြီးပြီလို့ တုန့်ပြန်သွားပါတယ်။ အသင်းအနေနဲ့ ပိုကောင်းလာအောင် ကူညီနိုင်တဲ့ မှန်ကန်တဲ့ ကစားသမားကို ရှာတွေ့ရင် ခေါ်ယူဖို့ လမ်းဖွင့်ထားတယ်လို့ ၄င်းက ဆိုပါတယ်။

ဒူဘိုင်းမှ ပြန်လာပြီးနောက် ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ ဖျားနာနေတာကြောင့် သောကြာနေ့ မဲလ်ဝုဒ် ထရိန်နင်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် လိုဗရန်၊ ၀ုဒ်ဘန်းနဲ့ ကီဂျာနာတို့ကတော့ အသင်းနဲ့အတူ ထရိန်နင် အပြည့် ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဂျိုးဂိုမက်ဇ်က ခြေထောက်ဒဏ်ရာကြောင့် ဘောလုံး ကစားခွင့်မရဘဲ ၂ လ နီးပါးကြာမြင့်လာပေမယ့် တိုးတက် ကောင်းမွန်လာခြင်း အားရဖွယ် မရှိသေးတာကြောင့် သီတင်းပတ် အနည်းငယ် ကြာဦးမယ်လို့ သိရပါတယ်။

လီဗာပူးကစားသမားဟောင်း ကော်တင်ညိုဟာ အရှက်အကြောက်ကြီးပြီး ငြိမ်သက်တဲ့ ကစာသမား ဖြစ်နေတာကြောင့် ပွဲတွေမှာ သက်ရောက်မှု လုံလောက်အောင် မရှိဘူးလို့ စပိန်ဘောလုံးကျွမ်းကျင်သူ Guillem Balague က သုံးသပ်လိုက်ပါတယ်။ ၄င်းကို ဘာစီလိုနာကရော ပရိသတ်တွေက မျှော်လင့်ချက် အများကြီး ထားခဲ့ပြီး ဖြစ်မလာခဲ့ဘူးလို့ ၄င်းက ဆိုပါတယ်။ ဒါပေမယ့် ဘာစီလိုနာက ကော်တင်ညိုကို အလောတကြီး ရောင်းထုတ်မှာတော့ မဟုတ်သေးပါဘူး။

ချယ်ဆီးတောင်ပံတိုက်စစ်မှူး ဗစ်တာမော့ဆက်က ဖီနာဘာချီအသင်းထံ ၁၈ လ အငှား စာချုပ်နဲ့ နောက် 2019/20 ဘောလုံးရာသီကုန်ထိ ကစားဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။ မော့ဆက်ဟာ ဆာရီရဲ့ ချယ်ဆီးအသင်းမှာ မျက်နှာသာပေးခြင်း မခံရဘဲ ၆ ပွဲသာ ပါဝင်ကစားထားရပါတ်ယ။

ချယ်ဆီးတိုက်စစ်မှူးသစ် ဟီဂွာအင်ဟာ တနင်္ဂနွေနေ့ည Sheffield Wednesday နဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလား ပွဲစဉ်မှာ စတင် ပါဝင်ကစားဖွယ် ရှိပါတယ်။

ချယ်ဆီးတိုက်စစ်မှူး မိုရာတာရဲ့ အက်သလက်တီကိုသို့ အပြောင်းအရွှေ့ဟာ မိုနာကိုအသင်း နည်းပြအပြောင်းအလဲ ကြောင့် ကြံ့ကြာသွားပါတယ်။ မိုနာကို အသင်းဟာ အွန်နရီရှိစဉ်က အက်သလက်တီကို ကစားသမား Gelson Martins ကို အငှားနဲ့ ခေါ်ယူဖို့ ပြောဆို သဘောတူထားပြီး အွန်နရီ ထုတ်ပယ်ခံလိုက်ရချိန်မှာ ထိုအပြောင်းအရွှေ့ကလည်း ကြံ့ကြာနေတာကြောင့် အက်သလက်တီကိုက မိုရာတာကို ခေါ်ယူဖို့ အကောင်အထည် မဖော်နိုင်သေးဘဲ ရှိပါတယ်။