ချယ်ဆီးအသင်းဟာ အက်ဖ်အေဖလားပွဲစဉ် Sheffield Wednesday နဲ့ပွဲမှာ ၀ီလျံ၊ အိုဒွိုင်းတို့ သွင်းဂိုးတွေနဲ့ ၃ဂိုး ဂိုးမရှိ အနိုင်ရကာ နောက်တဆင့်သို့ တက်ရောက်သွားပါပြီ။ ထိုပွဲမှာ ချယ်ဆီးတိုက်စစ်မှူးသစ် ဟီဂူအင်လည်း ပါဝင်ကစားခဲ့ပါတယ်။

ချယ်ဆီးလက်ထောက် နည်းပြ ဇိုလာက လူငယ်တိုက်စစ်မှူး အိုဒွိုင်းကို အသင်းပြောင်းလိုတဲ့ ဆန္ဒတွေ ရှိနေပေမယ့် အသင်းမှာ ဆက်နေပြီး ဂိုးတွေ ပိုသွင်းဖို့ မျှော်လင့်နေပါတယ်။ အိုဒွိုင်းက Sheffield Wednesday နဲ့ပွဲမှာ တစ်ဂိုး သွင်းယူခဲ့ပါတယ်။

ချယ်ဆီးတိုက်စစ်မှူး ဂျီရူးက အသင်းကနေ ထွက်ခွာဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ အသင်းအနေနဲ့ အခြားတိုက်စစ်မှူး တစ်ယောက် ခေါ်ယူလိုက်တာက ချယ်ဆီးမှာ ၄င်းရဲ့ အနာဂတ်ကို မှောင်မိုက်စေမယ့် အလားအလာ ဖြစ်တယ်လို့ ၄င်းက ၀န်ခံကာ ပရီးမီးယားလိဂ်မှာ ကစားဖို့ ဦးစားပေးလိုသော်လည်း မွေးရပ်မြေ ပြင်သစ်ကို ပြန်ရမယ်ဆိုလည်း ငြင်းပယ်မှာမဟုတ်ဘူးလို့ ၄င်းက ဆိုပါတယ်။

တော့တင်ဟမ် စပါးအသင်းက နောက်ထပ် ထိုးနှက်ချက် အနေနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ပဲလေ့စ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

စပါးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ နာမည်ကျော်တွေ ခေါ်ယူဖို့ မရှိပေမယ့် ချန်ပီယံရှစ်ကလပ် လိဒ်မှာ လူငယ်ကစားသမား Jack Clarke ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမားလေးကို ပရီးမီါ်ယားလိဂ် ကလပ်တော်တော်များများက စိတ်ဝင်စားပေမယ့် လိဒ်အသင်းဘက်က ရောင်းဖို့ ငြင်းဆန်ထားပါတယ်။

လီဗာပူးဂိုးသမား မင်ညိုလတ်က လက်ရှိ လီဗာပူးအသင်းဟာ လွန်ခဲ့တဲ့ ၅နှစ် 2013-14 ရာသီက ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ အနီးကပ်ဆုံး အနေအထား ရောက်ခဲ့စဉ်ကထက် ပိုမို ပြီးပြည့်စုံတဲ့ အသင်း ဖြစ်နေပြီး ဒီရာသီ ချန်ပီယံဖြစ်ဖို့ အလားအလာကောင်းနေပြီလို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

လီဗာပူးပရိသတ်တွေက ရိမ်းဂျားစ်ရဲ့ နောက်ဆုံးကစားလိုက်တဲ့ Livingston နဲ့ပွဲမှာ ခြေစွမ်းပြသွားပြန်တဲ့ ရွိုင်ယန်ကန့်ရဲ့ အနေအထားကို ကျေနပ်အားရနေကြပြီး ၀ိုင်းဝန်းချီးကျူးနေကြပါတယ်။

လီဗာပူးအသင်းက အီတလီသား လူငယ်လေး တိုနာလီကို ခေါ်ယူဖို့ Brescia နဲ့ ပြောဆို ညှိနှိုင်းမှုတွေ စတင်ပြုလုပ်နေကြောင်း အီတလီ သတင်းထောက် Nicolo Schira က ဖော်ထုတ်သွားပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ အာဆင်နယ် ခံစစ်မှူး ဆိုကရေးတစ်က ခြေကျင်းဝတ် ဒဏ်ရာကြောင့် သီတင်းပတ် ၃ပတ်ကနေ ၄ပတ်ကြာ အနားယူရတော့မှာ ဖြစ်ကြောင်း သိရပြီး ခံစစ်ပိုင်း ဒဏ်ရာရစာရင်းများနေတဲ့ အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ခုပါ။

အာဆင်နယ်က ခေါ်ယူဖို့ စိတ်ဝင်စား ကမ်းလှမ်းထားတဲ့ အင်တာမီလန် ကစားသမား ပါရီဆစ်က အသင်းပြောင်းခွင့် စာတင်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်က အငှားနဲ့ ခေါ်လိုပေမယ့် အင်တာဘက်က အပြီးသတ်ရောင်းချလိုနေတာကြောင့် ပါရီဆစ် ကိစ္စကလည်း ကြံ့ကြာနေတာပါ။

မန်စီးတီးမန်နေဂျာ ပက်ဂွာဒီယိုလာက ကစားသမားများကို စိတ်ရှည်ဖို့နဲ့ လက်ကျန်ရာသီ ပြိုင်ပွဲ ၄ ခုလုံးအတွက် ကစားခွင့်ရကြဦးမှာ ဖြစ်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အကောင်းဆုံုးကလပ်အသင်းတွေက ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာအသင်းတွေလို့ ဆိုနိုင်ပြီး နှစ်စဉ်နှစ်တိုင်း ထိုအသင်းတွေကပဲ ဆုဖလားတွေ ယူကာ အကောင်းဆုံးအသင်း အဖြစ် ရှိနေခဲ့လို့ ဖြစ်ကြောင်း ဂွာဒီယိုလာက ဆိုပါတယ်။ အကောင်းဆုံး အသင်း ဖြစ်ချင်ရင် ထို ၃သင်းကို အတုယူရမယ်လို့ ၄င်းက ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတာ မဟုတ်ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်ဆဲ ဖြစ်ကြောင်း လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ၀န်ခံပြောကြားလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြနေရာအတွက် ဆိုးရှားနဲ့ အံဝင်မှုများ ရှိလို့ စိတ်အေးနေရသော်လည်း နည်းစနစ် ဒါရိုက်တာ ရာထူးအတွက် ခန့်အပ်ရန်သင့်တော်သူ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ် အားကစား ဒါရိုက်တာ Andrea Berta ကတော့ ထိုတာဝန်ပေးခံရဖို့ ရေပန်းစားနေပါတယ်။ ၄င်းက ဥရောပအကောင်းဆုံး ကစားသမားတွေကို လက်မှတ်ထိုးခေါ်ယူမှုတွေ ပြုလုပ်ထားသူပါ။

ယူနိုက်တက်ကစားသမား ဟဲရဲယားက လက်ရှိအချိန်မှာ သူနဲ့ ယူနိုက်တက် စာချုပ်ကိစ္စထက် အရေးကြီးတဲ့ အရာများ ရှိကြောင်းနဲ့ ၄င်းနဲ့သာ ထိုက်တန်ပါက သက်တမ်းတိုးစာချုပ် ချုပ်ဆိုတာတွေက ရောက်လာမှာပဲလို့ ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်နဲ့ပွဲအတွက် ပီအက်စ်ဂျီ တိုက်စစ်သမား နေမာ ကြံ့ခိုင်မှုအပြည့်နဲ့ အချိန်မီ ပြန်လာဖို့ မလွယ်ကူကြောင်း ပီအက်ဂျီ နည်းပြ တူချယ်က ၀န်ခံပြောကြားလိုက်ပါတယ်။