ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ RB လိုက်ဘ်ဇစ်အသင်းရဲ့ တိုက်စစ်မှူးတီမိုဝါနာကို လစ်ဗာပူးလ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဂျာမနီတိုက်စစ်မှူးလေး တီမိုဝါနာက သူ့အနေနဲ့ ဂျာမနီမှာပဲ ဆက်ရှိလိုတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ရရှိသွားဖို့ ရေပန်းစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်းဒေါ့မွန်အနေနဲ့ကလည်း ကစားသမားကို ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ပေးသွားနိုင်တယ်လို့ သိရပါတယ်။ တီမိုဝါနာရဲ့
ပရိသတ်တစ်ဦးဖြစ်တဲ့ ကလော့ပ်ကတော့ အသင်းရဲ့တိုက်စစ်မှာ အဆိုပါဂျာမန်သားလေးနဲ့ အားဖြည့်လိုနေတာဖြစ်တယ်လို့သိရပါတယ်။

အင်တာမီလန်အသင်းဟာ ဝါရင့်ဗဟိုခံစစ်မှူးတစ်ဦးကိုခေါ်ယူလိုနေတယ်လို့ သိရပြီး ပါးမားခံစစ်မှူး ဘရူနိုအဲလ်ဗက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ Gianluca Dimarzio ကဖော်ပြသွားခဲ့ပါတယ်။ မိုနာကိုအသင်းဟာလည်း အင်တာမီလန်ရဲ့ ခံစစ်မှူး မီရန်ဒါကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ အပတ်တွေက ချိတ်ဆက်ခဲ့တယ်လို့သိရပါတယ်။ ဘက်ဆစ်တက်ခံစစ်မှူး ဗီဒါနဲ့ ဆက်ဆူအိုလို ခံစစ်မှူး မာကိုဖရာရီတို့ဟာလည်း အင်တာမီလန် စောင့်ကြည့်နေတဲ့ ကစားသမားတွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဝက်ဖို့ဒ်ကွင်းလယ်ကစားသမား ဒူကိုရေးဟာ အသင်းမှာပဲဆက်ရှိမှာဖြစ်ကြောင်း နည်းပြ ဟာဗီဂရာစီယာက အတည်ပြုသွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အဆိုပါ ကွင်းလယ်လူဟာ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရသော်လည်း ဝက်ဖို့ဒ်အသင်းကတော့ အဆိုပါ ပြင်သစ်သားကြယ်ပွင့်ကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဟွမ်မာတာကို တစ်နှစ်ထပ်တိုးစာချုပ်ကမ်းလှမ်းထားတယ်လို့ The Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ စပိန်သား ဟွမ်မာတာရဲ့ လက်ရှိစာချုပ်ဟာလာမယ့် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေအပြင်လာလီဂါထိပ်သီးကလပ် ဘာစီလိုနာကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဝါရင့်ကစားသမား အက်ရှ်လေယန်းကို တစ်နှစ်ထပ်မံ သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ Daily Mail သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ အင်္ဂလန်ဝါရင့်ကစားသမား အက်ရှ်လေယန်းဟာလည်း အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိသွားလိုတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အသက် (၃၃) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ယန်းဟာ အသင်းမှာ တစ်နှစ်ထက်ပိုပြီး ရှိချင်တာကြောင့် ဆက်လက်ဆွေးနွေးသွားရဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ အိုင်ဗန်ရာကီတစ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကမ်းလှမ်းသွားလိမ့်မယ်လို့ စပိန်အခြေစိုက် Sport သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာတုန်းက ဘာစီလိုနာအသင်းကို ဖရန်ကီဒီဂျောင်ရောက်ရှိလာတာကြောင့် ခရိုအေးရှားသားကွင်းလယ်လူ ရာကီတစ်ဟာ လာမယ့် ရာသီမှာ နေရာတစ်နေရာအတွက် အပြိုင်အဆိုင်တွေ ဖြစ်လာနိုင်ပါတယ်။ ချဲလ်ဆီးအနေနဲ့ကတော့ အသက် (၃၀) နှစ်အရွယ် ရာကီတစ်ကို ပုံမှန်ကစားခွင့်ပေးကာ နွေရာသီမှာ ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

အာဆင်နယ်အသင်းက အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အင်တာမီလန်တောင်ပံကစားသမား ပါရီဆစ်ဟာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဆိုပါ ခရိုအေးရှားသားဟာ ပြီးခဲ့တဲ့ နွေရာသီမှာကတည်းကပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေသူဖြစ်ပြီး မန်ယူအသင်းကလည်း ချိတ်ဆက်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အင်တာဥက္ကဌ မာရော့တာက ၄င်းတို့ရဲ့ ကစားသမားအတွက် ဘယ်အသင်းဆီကမှ ကမ်းလှမ်းမှု မရရှိသေးဘူးလို့ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက အသင်းရဲ့ ဝါရင့်ဗဟိုခံစစ်မှူး ဗင်းဆင့်ကွန်ပနီအနေနဲ့ လက်ရှိရာသီအကုန်မှာပဲအသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံသား ကွန်ပနီဟာ မန်စီးတီးနဲ့အတူ (၁၀) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး အသင်းရဲ့ အောင်မြင်လာမှုမှာ အဓိက အခန်းကဏ္ဌကနေ ပါဝင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လည်းပြီးခဲ့တဲ့ ရာသီတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရမှုတွေအပါအဝင် လက်ရှိစာချုပ်ဟာလည်း ရာသီကုန်မှာ သက်တမ်းကုန်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ စပိန်ကလပ် ဗလန်စီယာအသင်းရဲ့ ကွင်းလယ်လူ ကားလို့စ်ဆိုလာကို လာမယ့်နွေရာသီမှာ ပေါင်သန်း (၃၀) နဲ့ ကမ်းလှမ်းသွားမယ်လို့ ESPN သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာလည်းအဆိုပါအသက် (၂၂) နှစ်အရွယ် ကွင်းလယ်လူကို စောင့်ကြည့်နေတယ်လို့ သိရါတယ်။ ဆိုလာဟာ ကွင်းလယ်မှာ နေရာမျိုးစုံကစားနိုင်သူဖြစ်ပြီး လက်ရှိရာသီမှာ ဗလန်စီယာအသင်းအတွက် သွင်းဂိုး (၂) ဂိုးရရှိထားပြီး ဂိုးဖန်တီးမှု (၆) ကြိမ်အထိပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဘုန်းမောက်အသင်းဟာ ချဲလ်ဆီးအသင်းမှာ နေရာမရဖြစ်နေတဲ့ လက်စတာစီးတီးကွင်းလယ်လူဟောင်း ဒန်နီဒရင့်ဝါးတားကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဒရင့်ဝါးတားဟာ၂၀၁၇ ခုနှစ်ကတည်းက ချဲလ်ဆီးကို ရောက်ရှိလာခဲ့ပေမယ့်လည်း စုစုပေါင်း (၂၃) ပွဲသာ ကစားရသေးတာ ဖြစ်ပြီး နည်းပြဆာရီလက်အောက်မှာ တစ်ပွဲမှ ကစားခွင့်မရသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဒရင့်ဝါးတားကို မော့ဆက်စ်အငှားနဲ့ ရောက်ရှိသွားတဲ့ ဖီနာဘာချီအသင်းကလည်း ချိတ်ဆက်နေတယ်လို့ သိရပါတယ်။