အာဆင်နယ်ဟာ အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ ကာဒစ်နဲ့ပွဲကို အူဘာမီယန်၊ လာကာဇက်တီတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့ပြီး ဝေလ်းအသင်းက နောက်ကျ ခြေပဂိုး တစ်ဂိုးတော့ ပြန်သွင်းခဲ့ပါတယ်။ ဒီပွဲ အနိုင်ကြောင့် အာဆင်နယ်က အဆင့်လေးမှ ချယ်ဆီးနဲ့ ရမှတ်တူ၊ အဆင့် 6 မှ ယူနိုက်တက်နဲ့ နှစ်မှတ်အကွာ အဆင့် 5 မှာ ရပ်တည်နေပါတယ်။

အာဆင်နယ်နဲ့ ဘာစီလိုနာ ကစားသမား ဒန်းနစ်ဆွာရက်စ် အပြောင်းအရွှေ့ ဆွေးနွေးမှုများက မပြီးဆုံးသေးဘဲ အပြောင်းအရွှေ့ ပိတ်ရက် မတိုင်ခင် အပြီးသတ်ဖို့ ကြိုးစားနေကြကြောင်း Goal သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ ဖိအားတွေကြားမှာ ဘယ်လိုကစားရမယ်ဆိုတာ သင်ယူရမယ် ဖြစ်ကြောင်း နည်းပြ အူနိုင်းအမ်မရီက ပြောကြား လိုက်ပါတယ်။ ကစားသမားတိုင်း နည်းပြတိုင်းဟာ ဝေဖန်မှုတွေ အများအပြားခံယူနိုင်ပြီး ထို ဝေဖန်မှုတွေကပဲ တိုးတက်မှုတွေဆီ ပြောင်းလဲနိုင်ဖို့ အရေးကြီးကြောင်း အမ်မရီက ဆိုပါတယ်။

ယူနိုက်တက်ဟာ တန်းဆင်းဇုံအန္တရာယ်ရှိနေတဲ့ ဘန်လေကို အိုထရတ်ဖိုဒ့်မှာ ဧည့်ခံယှဉ်ပြိုင်ရပေမယ့် နောက်ကနေ လိုက်ကစားခဲ့ရပြီး ပေါ့ဘာရဲ့ ပင်နယ်တီ၊ လင်ဒီအော့ရဲ့ နောက်ကျ ခြေပဂိုးကြောင့် အိမ်ကွင်းမှာ သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဒီပေးက ဥရောပထိပ်သီး ကလပ်အသင်းကြီးတွေဆီမှာ ကစားလိုကြောင်း ၄င်းဆန္ဒကို ဖွင့်ဟလိုက်ပြီး သူ သွားရောက်ကစားလိုတဲ့အသင်းများမှာ ရီးရဲလ်၊ ဘာစီလိုနာ၊ ချယ်ဆီး၊ မန်စီးတီး၊ ပီအက်စ်ဂျီ ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်လို့ ပြောကြား လိုက်ပါတယ်။

ယူနိုက်တက် ကစားသမား ဖယ်လိုင်နီဟာ အသင်းနဲ့ ၅နှစ်ခွဲတာ အတူရှိပြီးနောက် တရုတ် စူပါလိဂ်ကလပ် Shandong အသင်းဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ ဖယ်လိုင်နီဟာ နည်းပြသစ် ဆိုရှားလက်ထက်မှာ အခွင့်အရေး နည်းပါးနေသူ ဖြစ်ပါတယ်။

နယူးကာဆယ်အိမ်ကွင်းထံ သွားရောက်ယှဉ်ပြိုင်တဲ့ မန်စီးတီးဟာ အဂွယ်ရိုရဲ့ ပွဲအစ 1 မိနစ် ဦးဆောင်ဂိုးနဲ့ အသာရထားပေမယ့် ဒုတိယပိုင်းမှာ ရန်ဒန်၊ ရစ်ချီတို့ရဲ့ သွင်းဂိုးတွေကြောင့် အံ့သြသင့်ဖွယ်ပဲ 2-1 နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

မန်စီးတီး U18 မှာ ကစားနေတဲ့ အသက် ၁၅ နှစ်အရွယ် ဒိန်းမတ်သား လူငယ်ကစားသမား Dodi Rasmussen El’Circy က ဒီရာသီကုန်ရင် စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုမှာ မဟုတ်ဘဲ အသင်းသစ် ရှာဖွေတော့မယ်လို့ ဒိန်းမတ် မီဒီယာများဆီ ဖွင့်ဟလိုက်ပါတယ်။ ၄င်းက စိန်ခေါ်မှုအသစ်များ ရင်ဆိုင်လိုတဲ့အတွက် စီးတီးမှ ထွက်ခွာလိုနေတာပါ။

ဒူဘိုင်းလေ့ကျင့်ရေးမှ ပြန်လာပြီး ဖျားနာနေခဲ့တဲ့ ခံစစ်မှူး ဗန်ဒိုက်ဟာ ယမန်နေ့က လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်ထားပြီး လက်စတာနဲ့ပွဲမှာ ပါဝင်ကစားနိုင်မလား စောင့်ကြည့်ဆဲ ဖြစ်တယ်လို့ ယာဂင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ဖာဘင်ညိုလည်း လေ့ကျင့်ရေးမှာ ပြန်ပါလာတော့မှာ ဖြစ်ပြီး ထရန့် အလက်ဇန္ဒါး အာနိုးကတော့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ ၄င်းက ဆိုပါတယ်။

လီဗာပူးအသင်း ကစားပုံဟာ ယခင်နှစ်များက ကဲ့သို့ စိတ်လှုပ်ရှားစရာ မဖြစ်သေးဘူးဆိုတဲ့ မှတ်ချက်များအပေါ် တိုက်စစ်မှူး မာနေးက လီဗာပူးအသင်းထံမှ အများကြီး လာစရာ ရှိသေးတယ်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ရလဒ်ကောင်းတွေ ရနေပမယ့် ပြီးခဲ့တဲ့နှစ်ကကဲ့သို့ ထိပ်တန်းပုံစံ စွမ်းဆောင်ရည်ကောင်းများ မပြသနိုင်သေးဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

လီဗာပူးကွင်းလယ်ကစားသမားဟောင်း အမ်မရီချန်ဟာ လက်ရှိကလပ် ဂျူဗင်တပ်နဲ့ လာဇီယိုပွဲမှာ ကိုယ့်ဂိုး ကိုယ်သွင်းခဲ့မိတဲ့ တစ်ဂိုးကြောင့် ဝေဖန်မှုများ ခံနေရပြီး ၄င်းရဲ့ ၀ီကီစာမျက်နှာပါ လာဇီယို ကစားသမား အဖြစ် တစ်ဂိုးသွင်းခဲ့တယ်လို့ ပြင်ဆင်ထည့်သွင်းခြင်း ခံခဲ့ရပါတယ်။ ဂျူဗင်တပ် မန်နေဂျာ Allegri ကတော့ ချန်ကို ကွင်းလယ်အထိုင်အဖြစ် ကစားစေခဲ့တဲ့ သူ့အမှားပါလို့ ကာကွယ်ပြောဆိုထားပါတယ်။

ဘိုင်ယန်မြူးနစ်က အကြိမ်ကြိမ် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး ကစားသမားကိုယ်တိုင် ထွက်ခွာခွင့် တောင်းထားပေမယ့် ချယ်ဆီးနည်းပြ ဆာရီက လူငယ်ကစားသမား အိုဒွိုင်း ချယ်ဆီးမှာပဲ ဆက်ရှိမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ အိုဒွိုင်းရဲ့ လက်ရှိ စာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူပြီးတဲ့နောက် ချယ်ဆီးအသင်းရဲ့ ဒီလထဲ ကစားသမားခေါ်ယူမှု ပြီးဆုံးမသွားသေးဘူးလို့ ဆာရီက ဆိုပါတယ်။ ကစားသမား ၂ ယောက် ခေါ်မယ် စီစဉ်ထားပြီး အပြောင်းအရွှေ့ မပိတ်ခင် ကွင်းလယ်ကစားသမား တစ်ယောက် ရောက်လာဖို့ ဆာရီက မျှော်လင့်ထားပါတယ်။

ဘုန်းမောက်နဲ့ပွဲစဉ်မှာ ချယ်ဆီးတိုက်စစ်မှူးသစ် ဟီဂူအင် ၄င်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ပါဝင်ကစားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဟာဇက်လည်း ပြန်လည် ပါဝင်ဖွယ် ရှိပြီး ဒေးဗစ်လူးဝစ်၊ ကန်တေ၊ ဂျော်ဂျင်ဟိုတို့လည်း ပါဝင်လာတော့မှာပါ။

ဇန်န၀ါရီလထဲမှာ ကစားသမားသစ် မခေါ်ယူတာနဲ့ ပတ်သတ်ပြီး ပိုချက်တီနိုက – “ပြီးခဲ့တဲ့ ရက်အနည်းငယ်က အသင်းအခြေအနေအပေါ် ကျနော် အကောင်းမြင်ပါတယ်.. ဒီနေ့တော့ အဲဒီလောက် မဟုတ်တော့ဘူး။ နောက်ဆုံးမိနစ်မှာက ဘာမဆို ဖြစ်သွားနိုင်တယ်လေ။ ကစားသမားတွေကလည်း အသင်းကနေ ထွက်သွားခွင့်ရှိနေတော့ စိတ်ပူစရာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့မှာ တော့တင်ဟမ် ရောင်းထုတ်လိုနေတဲ့ အပယ်ခံတိုက်စစ်မှူး Vincent Janssen ကို ခေါ်ယူဖို့ လာလီဂါကလပ် ရီးရဲလ်ဘက်တစ်က ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။ လန်ဒန်အခြေစိုက်သတင်းများ အဆိုရ Janssen ရဲ့ အေးဂျင့်ဖြစ်သူက စပိန်သို့ ရောက်ရှိနေပြီး အငှားနဲ့ ကနဦးခေါ်ယူစေဖို့ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။