စာရေးဆရာမ ဂျူးရဲ့ နာမည်ကျော် ဝတ္ထုတွေထဲက တပုဒ်ဖြစ်တဲ့ “ကြာတော့သည်လည်း မောင့်စကား” ဟာ ရုပ်ရှင်ကားကြီးအဖြစ် စတင် ရုံတင်လာခဲ့ပြီး ရုပ်ရှင်ပရိသတ်နဲ့ စာဖတ်ပရိသတ်တွေကြား အမြင်မတူမူတွေ အမျိုးမျိုးနဲ့ ပြောဆိုလာကြမှုတွေ ထွက်ပေါ်လာခဲ့ပါပြီ။

ရွှေစည်တော် ထုတ်လုပ်ရေးက ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်မှာ နန္ဒအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကျော်အဖြစ် ထွန်းထွန်း၊ တင်တင်ဇော်အဖြစ် ဖွေးဖွေးတို့က ပါဝင်လာခဲ့ပြီး ရုပ်ရှင်နဲ့ အဓိက ကွဲလွဲတာကတော့ ပြင်ဦးလွင်ကို အခြေခံပြီး ရိုက်ကူးလာခြင်းပဲ ဖြစ်ပါတယ်။

စာရေးဆရာမ ဂျူးရဲ့ ကြာတော့သည်လည်း မောင့်စကား ဝတ္ထုကို ပထမအကြိမ်ရိုက်ကူးခဲ့စဉ်က ရန်အောင်၊ စိုးမြတ်သူဇာ၊ ရဲအောင် တို့နဲ့ ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ် ရိုက်ကူးမှုကတော့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

စာရေးဆရာမ ဂျူးကတော့ မတူညီတဲ့ နောက်ထပ်မျိုးဆက်သစ် သရုပ်ဆောင်လေးတွေနဲ့ ပြန်ပြီးတော့ ခံစားမယ်၊ သရုပ်ဖော်မယ့်အပေါ် အဓိက လက်ခံခဲ့တာကတော့ ယခင်ကားကို ကြည့်ခဲ့တဲ့သူတွေက မျိုးဆက်တစ်ခုကို ရောက်သွားပြီဖြစ်ပြီး ဗားရှင်းအသစ်အနေနဲ့ ကြည့်စေချင်လို့ ရိုက်ကူးခွင့် ပြုခဲ့တာဖြစ်ကြောင်း ပြောဆိုထားခဲ့တာဖြစ်တယ်။

ဂျူးကပဲ ” ရုပ်ရှင်ရဲ့ အပြနဲ့ ဝတ္ထုရဲ့အရေး မတူဘူးဆိုတော့ သိပ်ပြီးတော့ တိတိကျကျကြီး မဟုတ်ပဲနဲ့ ရုပ်ရှင်ကို ရုပ်ရှင်အတိုင်းကြည့် ခံစားတဲ့သူကလည်း ရုပ်ရှင်အတိုင်း ခံစား။ ရိုက်တဲ့သူကလည်း လွတ်လပ်စွာ ရိုက်ကူးခွင့်တွေ ပေးခဲ့တာပါ ” လို့ ရုပ်ရှင်ပြပွဲကို တက်ရောက်စဉ် ပြောခဲ့ပါသေးတယ်။

စာရေးဆရာမ ဂျူးကပဲ သူမရဲ့ နာမည်ကျော် ဝတ္ထုဖြစ်တဲ့ ကျွန်မ၏သစ်ပင်ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ရောင်းထားပါကြောင်းလည်း သတင်းပေးခဲ့ပြီး ရိုက်ကူးမှုနဲ့ ပက်သက်လို့ ဝင်ရောက် စွက်ဖက်သွားဖို့ တွေ မရှိပါဘူးတဲ့။

ရုံတင်ပြနေပြီဖြစ်တဲ့ “ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်ကို ကြည့်ပြီးကြပြီလား။ ကြိုက်နှစ်သက်မှုတွေ ရှိကြရဲ့လားဆိုတာကိုလည်း အမြင်လေးတွေ ပြောပေးခဲ့ကြပါဦးနော်။