လီဗာပူးအသင်းဟာ ၀က်စ်ဟမ်းအသင်းကို တစ်ဂိုးစီသရေကျသွားတဲ့အတွက် အမှတ်ပေးဇယားမှာ မန်စီးတီးနဲ့ ၃ မှတ်သာ ကွာတော့တဲ့ အနေအထားကို ရောက်ရှိသွားပါပြီ။ လီဗာပူးအတွက် မာနေးက ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၆ မိနစ်အကြာမှာပဲ ၀က်စ်ဟမ်းရဲ့ ချေပခြင်းကို ခံခဲ့ရတာပါ။

လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးသွားပါတယ်။ သူဟာ ယူနိုက်တက်မှ ဒီဂီယာ၊ ပေါ့ဘာ၊ မာရှယ်အပြင် မန်စီးတီးမှ ဆာနေးကို ကျော်ဖြတ်ပြီး နှစ်လဆက်တိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ လီဗာပူးအသင်း လူစာရင်းဟာ မန်ချက်စတာယူနိုက်တက် လူစာရင်းလောက်တောင် တောင့်တင်းမှု မရှိကြောင်း ကစားသမားဟောင်းကြီး ကာရေဂါက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ၀က်စ်ဟမ်းနဲ့ပွဲက မေနာ၊ ကိတ်တာ၊ ဖာမီနို၊ ဆာလက်တို့ ခြေစွမ်း ဆိုးဝါးနေခြင်း အပေါ် ထောက်ပြသွားပြီး ကလိုင်းက အငှားနဲ့ စေလွှတ်လိုက်တဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်း သုံးသပ်ခဲ့ပါတယ်။

လီဗာပူးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမယ့် ဘိုင်ယန်ရဲ့ အဓိက တိုက်စစ်သမား တစ်ဦးဖြစ်သူ မူလာဟာ ချန်ပီယံလိဂ်ပွဲ နှစ်ကျော့လုံးကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီရဲ့ လီဗာပူးက ကံကောင်းလို့ သရေတစ်မှတ် ရခဲ့တာဆိုတဲ့ မှတ်ချက်အပေါ် လီဗာပူးနည်းပြ ကလော့ပ်က ငြင်းဆန်သွားပြီး ၄င်းအသင်းဟာ သရေရလဒ်နဲ့တော့ ထိုက်တန်တယ်လို့ တုန့်ပြန်သွားပါတယ်။ ၀က်စ်ဟမ်းဘက် မာနေးရဲ့ သွင်းဂိုးက လူကျွံနေတဲ့အပေါ် ဝေဖန်မှုများစွာလည်း ရှိနေပါတယ်။