အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ်မှ အသက် ၁၉ နှစ်အရွယ် ပြင်သစ်သား ဗဟိုခံစစ်မှူး Ibrahima Konate ကို စောင့်ကြည့်ဖို့ ကင်းထောက်များ စေလွှတ်ထားပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်နွေ အပြောင်းအရွှေ့ အတွက်ကစားသမား ၀ယ်ယူရန် အသုံးစရိတ် ပေါင် ၄၅ သန်းသာ ထုတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာ့အချမ်းသာဆုံးကလပ် အဆင့် ၉ နေရာမှာ ရှိနေတဲ့ အသင်းကြီး တစ်သင်းအတွက် အံ့အားသင့်စရာ နည်းပါးလွန်းတဲ့ ပမာဏပါ။

အမ်မရီဟာ ဇန်န၀ါရီကလည်း ကစားသမား ၀ယ်ယူဖို့ အသုံးစရိတ် မရရှိခဲ့ပါဘူး။ လာမယ့်နွေမှာ ဘယ်နောက်ခံ လူ တစ်ဦး အပါအ၀င် အနည်းဆုံး ကစားသမားသစ် ၃ ဦး ခေါ်ယူဖို့ အမ်မရီက အလိုရှိနေပါတယ်။

အာဆင်နယ် လူငယ်တိုက်စစ်သမား Eddie Nketiah က ပြီးခဲ့တဲ့လအတွင်းမှာ ဘွန်ဒစ်လီဂါကလပ် အော့စ်ဘတ်အသင်းဆီ အငှားသွားကစားဖို့ ရှိခဲ့ပေမယ့် အသင်းကြီးနည်းပြ အူနိုင်း အမ်မရီက အပြောင်းအရွှေ့ကို ပယ်ဖျက်ခဲ့ပါတယ်။ အမ်မရီက Eddie ဟာ ရာသီမကုန်ခင်ပဲ အာဆင်နယ် အသင်းကြီးမှာ ကစားဖို့ အခွင့်အရေးရှိနိုင်မယ် ယုံကြည်ထားပြီး အူဘာမီယန်းနဲ့ လာကာဇက်တို့ နေရာ အရန်အဖြစ် ကောင်းစွာပါဝင်နိုင်မယ် မျှော်လင့်နေပါတယ်။

အာဆင်နယ် U23 အသင်းဟာ ပရီးမီးယားလိဂ် ၂ မှာ ၀က်စ်ဟမ်းအသင်းကို ၃ဂိုး ဂိုးမရှိနဲ့ ခြေစွမ်းပြ အနိုင်ယူသွားပါတယ်။ အဆိုပါ အာဆင်နယ် လူငယ်အသင်းမှာ အသင်းကြီးနဲ့ ကစားခွင့် မရချိန် ကြံ့ခိုင်မှုနဲ့ပွဲဆက် မပြတ်ဖို့ မီခီတာရန်နဲ့ ကွန်စတန်တီနိုတို့ ပါဝင်ကစားခဲ့ပါတယ်။

ဂန်းနားပရိသတ်တွေက လိုက်ပ်ဇစ် အသင်းက သူတို့ရဲ့ အချစ်တော် ကစားသမားလေးကို ရာသီကုန်ထိ အငှားခေါ်ယူပြီး ပွဲထွက်ခွင့် မပေးသေးတဲ့နောက် “play Smith Rowe” ဆိုတဲ့ လှုပ်ရှားမှုကို တွစ်တာကနေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်တိုက်စစ်သမားဟာ သောကြာနေ့က ဟန်နိုဗာကို 3-0 နဲ့ အနိုင်ရတဲ့ပွဲမှာ ပါဝင်ခဲ့ရခြင်း မရှိပါဘူး။

အာဆင်နယ်ကစားသမားဟောင်းကြီး ကီဗင်ကမ့်ဘဲလ်က အာဆင်နယ်အနေနဲ့ Top 4 အတွင်း ၀င်ပြီး ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့အတွက် အိမ်ကွင်းတင်မက အဝေးကွင်းများတွင်လည်း မာမာထန်ထန် ရလဒ်ကောင်းအောင် ကစားဖို့ လိုအပ်နေကြောင်း ပြောကြားလိုက်ပါတယ်။