ချယ်ဆီးအသင်းနဲ့ သက်တမ်းတိုး စာချုပ် ငြင်းပယ်ထားပေမယ့် အနာဂတ်အတွက် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ချယ်ဆီး တိုက်စစ်သမား ဟာဇက်က ထုတ်ဖော် ပြောကြားပြီးနောက် ရီးရဲလ်နဲ့ သတင်းတွေ ပိုထွက်လာပါတယ်။ ၂၀၁၆ နှောင်းပိုင်းတည်းက ဟာဇက်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လ်ဂျီယံသားကို ခေါ်ဖို့ ပေါင် သန်း ၁၀၀ ခန့် သုံးရဖွယ် ရှိပါတယ်။

ချယ်ဆီး ဂိုးသမား ၀ီလီ ကာဘယ်လာရိုက အသင်းဖော် ဂိုးသမား ကီပါရဲ့ ပြောင်းရွှေကြေးအကြောင်း ပြောရတာ ရူးမိုက်ရာကျတယ်လို့ ပြောဆိုလိုက်ပြီး ကီပါရဲ့ အင်္ဂလိပ်ဘောလုံးမှာ အကျွမ်းဝင် လက်စွမ်းပြနေမှုအပေါ် ချီးကျူးစကား ဆိုသွားပါတယ်။

ရီးရဲလ်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ ချယ်ဆီး ဂိုးသမားဟောင်း ကော်တိုရစ်နဲ့ ကလပ်အသင်းကြား စကားစစ်ထိုးမှုတွေဟာ မပြီးဆုံးနိုင်သေးဘဲ ရှိပါတယ်။ သတင်းများအရ ချယ်ဆီးအသင်းဟာ အသင်းနဲ့ အနာဂတ်အတွက် ကတိတွေ အထပ်ထပ်ပေးပြီး ရီးရဲလ်သို့ တဇွတ်ထိုး ထွက်ခွာသွားတဲ့ ကော်တိုရစ်ရဲ့ အပြုအမူကို သဘောမတွေ့ဘူးလို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ဟာဇက်နေရာအတွက် လီဗာပူးကစားသမားဟောင်း ဘာစီလိုနာ ကွင်းလယ် ဖိလစ် ကော်တင်ညိုကို တိုက်ရိုက် အစားထိုး ခေါ်ယူဖို့ ကြံရွယ်လာပါတယ်။

ဟာဇက်သာ ထွက်ခွာဖြစ်ရင် ရီးရဲလ်မှ အငှား လာ ကစားနေတဲ့ ကိုဗာဆစ်ကို အပြီးသတ် ခေါ်ယူဖြစ်ဖွယ်ရှိပြီး အိုဒွိုင်းကို ဘိုင်ယန်ဆီ အပြီးသတ်ရောင်းချမှုပါ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ချယ်ဆီးဟာ အသက် ၃၀ အရွယ် တိုက်စစ်မှူး ဝီလျံ ကို လက်လွှတ်ဆုံးရှူံးရဖွယ် ရှိနေပါတယ်။ ချယ်ဆီးက ဘရာဇီးသားကို သက်တမ်းတိုး ၁ နှစ်သာ ကမ်းလှမ်းခဲ့တာကို ကစားသမားဘက်က လက်မခံနိုင်ဖြစ်နေခဲ့ပါတယ်။