လက်ရှိ ပြည်တွင်း ရွှေဈေးကွက် အခြေအနေကတော့ ပြင်ပ ဈေးကွက်မှာ ဈေးကွက်ပေါက်ဈေး ပျောက်ဆုံးနေပြီး ရွှေကို တန်းစီစနစ်နဲ့ ဝယ်ယူနေရတဲ့ ဖရိုဖရဲ အခြေအနေမျိုးလို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရွှေနဲ့ ဒေါ်လာဈေး အရမ်းကို မြင့်တက်နေခြင်းကြောင့် လုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ဆောင်လာရာက ရွှေစျေးကွက် အထိနာလာခဲ့တာပါ။

ရွှေလုပ်ငန်းရှင်တွေကို ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း အရောင်း၊ အဝယ် ပြုလုပ်ရမယ်လို့ အသိပေး ထုတ်ပြန်ထားတယ်။ တချိန်တည်းမှာ သတ်မှတ်စျေးကို ကျော်ရောင်းခြင်း၊ ဆိုင်ပိတ်ထားခြင်း ပြုလုပ်တဲ့ ဆိုင်တွေကိုလည်း စာရင်းကောက်မှုတွေ လုပ်လာနေပါတယ်။

အခုလို ထိန်းချုပ်ထားမှုတွေကြောင့် ပြည်တွင်းရွှေလောကရဲ့ ပြင်ပ ဈေးကွက်အတွင်းမှာတော့ ဈေးတန်းတခု ပေါ်ပေါ်ထင်ထင် သတ်မှတ်နိုင်ခြင်း မရှိဘဲ တန်းစီစနစ်၊ လာရောက် ရောင်းချသူရဲ့ ရွှေတန်ဖိုးအတိုင်း ပြန်လည် ရောင်းချပေးနေတဲ့ စနစ်တွေနဲ့ အရောင်းအဝယ် ပြုလုပ်လာနေကြပါတယ်။

ရွှေတွေကို ဝယ်ယူရာမှာ တန်းစီပြီး ဝယ်ယူရသလို အခေါက်ဆို တပဲလောက်ပဲ ရောင်းပေးတာ၊ အလျော့တွက်၊ ထည့်ပေါင်းတာ၊ လက်ခပါ ပေးရတာ အစရှိတဲ့ အကန့်အသတ်တွေ အပိုထပ်ဆောင်းပေးရမှုတွေလည်း ရှိလာနေပါတယ်။

ဒီကနေ့ ဇွန် ၇ ရက်၊ မနက်ပိုင်းမှာတော့ ရွှေဆိုင်ပိုင်ရှင်‌တွေ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အောင်သမာဓိ၊ ဝိန့်စိန်၊ ဇွဲထက် စတဲ့ ရွှေဆိုင်ကြီးတွေမှာ YGEA စျေးနဲ့ ရွှေအရောင်း၊ အဝယ်တွေ စတင် ပြုလုပ်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။