လျှပ်စစ်မီတာခများ လာမယ့် နှစ်လအတွင်း တိုးမြှင့် ကောက်ခံဖို့ သေချာပြီလို့ လျှပ်စစ်ဌာနဲ့ နီးစပ်သူ တစ်ဦးကတော့ အတည်ပြု ဖော်ပြလာပါတယ်။
လျှပ်စစ်ဌာန ခွဲမှုးဟောင်း တစ်ဦး လို့ လူသိများပြီး ဒီနောက်ပိုင်းမှာ လျှပ်စစ်နဲ့ ပတ်သတ်တဲ့ သတင်းတွေ ပြည်သူတွေ သိအောင် မျှဝေပေးလေ့ ရှိတဲ့ ကေအက်စ်က အခုလို ရေးသား အသိပေးထားတာပါ။
” လျှပ်စစ်မီတာခနဲ့ ပတ်သတ်ပြီး မေးကြတာတွေ ရှိပါတယ်။ ဟုတ်ကဲ့ မှန်ပါတယ်။ လက်ရှိအနေအထားမှာ မီတာခက မူလ ထုတ်လုပ်ကုန်ကျစရိတ် ဝယ်ရင်းဈေးကိုက နည်းနေတာကြောင့် တက်ဖို့ပြင်ဆင်နေတာ ကြာပါပြီ။ ဈေးတက်ပါမယ်။
ဒါပေမယ့် အများသူငှာပြောနေတဲ့ ၁ယူနစ်မှ ၅၀၀၀ယူနစ်ကို ၂၅၀ကျပ်နူန်း၊ ၅၀၀၁ယူနစ်မှ ၂၀၀၀၀ယူနစ်ထိ ၄၀၀ကျပ်နူန်း၊ ၂၀၀၀၀ ယူနစ် အထက် ၅၀၀ကျပ် နူန်းဆိုတာ ကျနော်ကြားသမျှ ပြောရရင် စီးပွားရေးလုပ်ငန်းသုံးပါ။ အိမ်သုံး မီတာခ မဟုတ်ပါဘူး။
လက်ရှိ ကျင့်သုံးနေသလို အလွှာ ၃ခု မဟုတ်ဘဲ ၄ခုလုပ်မယ်လည်း ကြားပါတယ်။ 125C (Class) 250 -400-500 ပေါ့ဗျာ။ အိမ်သုံးနူန်းကို ပြောတာလို့ အတိအကျမသိရသေးသလို အတည်ဖြစ်ပါတယ်လို့ ပြောလို့ မရပါဘူး။
အိမ်သုံးမီတာခနှုန်း တက်၊ မတက်နဲ့ ဘယ်ဈေးလဲဆိုတာကိုတော့ အကြမ်းဖျင်း ၇လပိုင်းနဲ့ ၈လပိုင်းကြားတော့ ကြေညာပါလိမ့်မယ်။ ” လို့ ၎င်းက ရေးသားထားခဲ့တာပါ။
လျှပ်စစ်မီတာခ တွေ ကောက် ခံတဲ့ အခါ အိမ်သုံး နဲ့ လုပ်ငန်းသုံးဆို ပြီး နှစ်မျိုး ရှိပါတယ်။ အဲဒီနှစ်မျိုးမှာလည်း ယူနစ် အသုံးပြုမှုအလိုက် ကောက်ခံတဲ့ နှုန်းထား၊ အခ ကြေးငွေ ကွာပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့အပါအဝင် မဟာဓာတ်အားလိုင်းရှိသည့် ဒေသများတွင် သုံးစွဲသည့်ယူနစ်အပေါ်မူတည်ကာ တစ်ယူနစ်လျှင် ကျပ် ၃၀ မှ ကျပ် ၉၀ ထိ သာ သတ်မှတ်ထားတာပါ။ မီးစက် သုံးစွဲကြတဲ့ ကွန်ဒို၊ အိမ်ယာတွေမှာတော့ ကိုယ်ပိုင် မီးစနစ်နဲ့ အတူ တစ်ယူနစ် ၁ဝဝဝ၊ ၂ဝဝဝ ကျော်ထိ ကောက်ခံနေကြပါတယ်။
တကယ်လို့ မီတာခ အသစ်မှာ ၂ဝဝ ကျပ် ၃ဝဝ ကျပ် ထိ နှုန်းထား တက်သွားမယ် ဆိုရင်တော့ ပြည်သူလူထုဟာ လက်ရှိ ပေးဆောင်နေရတဲ့ မီတာခတွေထက် ၂ဆ၊ ၃ဆလောက်ထိ တိုးပေးရဖွယ် ရှိနေပါတယ်။