ရပ်ကွက်တွေထဲမှာ ၁ လုံး ၅၀၀ ထက် လျော့မရောင်းတဲ့ ကြက်ဥတွေကို စူပါမားကတ်တွေမှာ ၃၆၅ ကျပ်နဲ့ ရောင်းချနေကြောင်း သိရပါတယ်။

အပြင်ဆိုင်တွေမှာ ၁ လုံး ၅၀၀ ဝန်းကျင်ရှိနေတဲ့ ကြက်ဥတွေကို ဒီဇင်ဘာလ အစကတည်းက စူပါမားကတ်တွေမှာ ၁၀ လုံးပါ ၁ ကဒ်ကို ၃၉၅၀ ကျပ်ဖြင့် ရောင်းချနေတာပါ။

လက်ရှိမှာတော့ ကဒ်အစား ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ပေးထားကာ စျေးနှုန်း ၃၀၀ ကျပ် ထပ်မံ လျော့ချရောင်းပေးနေပြီး ၁၀ လုံးပါ တစ်ထုတ်ကို ၃၆၅၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ အကယ်လို့ ပုံမှန်အတိုင်း ကဒ်နဲ့ ဝယ်ယူလိုတယ်ဆိုရင်တော့ ကဒ်ဖိုး ၃၀၀ ကျပ် ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်။

ကြက်စာ စရိတ်မြင့်မားလာခြင်း၊ သယ်ယူပို့ဆောင်းရေး စနစ် မြင့်တက်လာခြင်းတို့ကြောင့် ကြက်ဥတလုံးကို ၃၇၀ ဈေးနဲ့ ရောင်းချဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ကြက်ဥဒိုင်တွေက ပြောဆိုထားပြီး ရပ်ကွက်စျေးတွေမှာတော့ ၄၀၀ ကနေ ၅၀၀ ကြား ရောင်းချနေတာပါ။

ရန်ကုန်မြို့ထဲ မြို့နယ်တွေမှာတော့ ကြက်ဥစျေးကျရေး လှုပ်ရှားမှုအဖြစ် မြို့နယ်စည်ပင်သာယာရေးက ကြက်ဥတလုံးကို ၃၆၀ နဲ့ ရောင်းချနေပြီး အကြွေမရှိလို့ ၁၁ လုံးပါ တစ်ထုပ်ကို ၄၀၀၀ ကျပ်ဖြင့် ဝယ်ယူလို့ရနေပါတယ်။ ဒါပေမယ့် ဝယ်လိုအား မကာမိတာကြောင့် ပိုမို ကျယ်ပြန့်စွာ ရောင်းချပေးဖို့ တောင်းဆိုခံနေရတယ်။

ပြင်ပလက်လီအရောင်းဆိုင်တွေကတော့ စည်ပင်ပြောတဲ့အတိုင်း ကြက်ဥ ၁ လုံး ၃၇၀ ထက် ပိုမရောင်းဖို့ရာမှာ စျေးမကိုက်ခြင်းကြောင့် ဆိုင်တချို့မှာ ကြက်ဥ အရောင်းရပ်ထားတဲ့ အခြေအနေ ရှိနေပါတယ်။