ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ လီဗာပူးအသင်းနဲ့ အဲဗာတန် တို့ အန်းဖီးမှာ ထိပ်တိုက် တွေ့ကြမယ့် မာဆေးဆိုဒ် ဒါဘီ ပွဲကြီးပွဲကောင်း စောင့်ကြိုနေပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်၊ အင်္ဂါနေ့ နံနက် ၂း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်က လီဗာပူး – အဲဗာတန်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ကျနော် အရင်ရက်က လီဗာပူး ပွဲကို ကြည့်ခဲ့မိပါတယ်။ ဝုဗ်နဲ့ ပွဲမှာ ဘရိုက်တန်နဲ့ ပွဲထက်တော့ ပိုကောင်းခဲ့တယ်။ သူတို့သာ ၂-၁ ဖြစ်အောင် လုပ်နိုင်ရင် အဲဒီပွဲကနေ အမှတ်တော့ ရသွားလောက်တယ်။ ရသွားမယ်လည်း ကျနော် ထင်ခဲ့တာ။

ဒါပေမယ့် အဆုံးမှာတော့ အဲဒီလို မဟုတ်ခဲ့ဘူး။ ကျနော် လီဗာပူး ဘောလုံးရရင်ကို စိုးရိမ်နေမိတယ်။ ဒါကို ကိုင်တွယ်ဖို့ သူတို့မှာ စွမ်းအား မရှိဘူး ဖြစ်နေတယ်။

ဒီအပတ် ပွဲက လီဗာပူးအတွက် ပွဲကောင်းပါ။ ဒါက မာဆေးဆိုဒ် ဒါဘီပါ၊ ပရိသတ်တွေကလည်း စောင့်မျှော်နေလိမ့်မယ်။ အဲဗာတန်က ခံစစ် ထိုင်ကစားပြီး ဖိအားတွေကို ချေဖျက်ပါလိမ့်မယ်။ သူတို့က တည်ကန်ဘောတွေကနေ ဂိုး တစ်ဂိုးလောက် ရအောင် ကြိုးစားမှာပါ။ ဘောလုံးနောက်မှာ လူ ၁ဝ ယောက်ထားပြီး တစ်ယောက်ပဲ ရှေ့မှာ ချန်ထားလိမ့်မယ်။

ဒီလို အနေအထားကို ရင်ဆိုင်ဖို့ လီဗာပူးက သွေးအေးအေးနဲ့ အတွေ့အကြုံကို အားထားရပါမယ်။ ဖာဘင်ညိုက ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေမကောင်းဘူး။

ဒါပေမယ့် ဒီပွဲမှာ သီယေဂို၊ ဟန်ဒါဆန် တို့နဲ့ အတူတူ သူ ပြန်ပါလာမယ် ဆို အံ့သြမိမှာ မဟုတ်ဘူး။ သူတို့မှာ အတွေ့အကြုံလည်း ရှိသလို မာဆေးဆိုဒ် ဒါဘီမှာ ငယ်မွေး ခြံပေါက် ကစားသမားတွေလည်း လိုပါတယ်။

လီဗာပူး ခံစစ်ကတော့ ဒီရာသီ ပြန့်ကြဲနေတာပါပဲ။ ဒါပေမယ့် အဲဗာတန် က အများကြီးတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးက set piece တွေကို ကာကွယ်ရမှာပါ။ လီဗာပူးက ဒီပွဲကို မနိုင်ဘူး ဆိုရင်တော့ အံ့သြမိမှာပါပဲ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-ဝ အဲဗာတန် ဖြစ်ပါတယ်။