ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်က လိဒ်စ် ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်နဲ့ လိဒ်စ်တို့ဟာ ကြားရက် ရင်ဆိုင်အပြီး ၄ရက် အကြာမှာပဲ ထပ်မံ ထိပ်တိုက်တွေ့ရပြန်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာတော့ လိဒ်စ်က အိုးထရက်ဖို့ဒ်မှာ ဦးဆောင်ဂိုးတွေ သွင်းပြီး ၂-၂နဲ့ သရေကျခဲ့တာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ဒီအပတ် လိဒ်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။
” ကျနော် လိဒ်စ်ယူနိုက်တက် အတွက် နည်းနည်းလို စိုးရိမ်နေမိတယ်။ ခြေစွမ်းပိုင်း အရဆိုရင် ဂျေဆီ မာ့ချ် ပြီးခဲ့တဲ့ အပတ် ထုတ်ပယ်ခံခဲ့ရတာ ဝမ်းနည်းမိပါတယ်။ သူနဲ့ ဆက်ရှိမယ် ဆိုင် လိဒ်စ်က တန်းဆင်းဇုန် ရောက်မယ် လို့ ကျနော် မထင်ဘူး။
ဒါပေမယ့် ဇယား အောက်ခြေက အသင်း ၆သင်းထဲက ၅သင်းဟာ ဒီရာသီ မန်နေဂျာ ပြောင်းပြီးကြပါပြီ။ လိဒ်စ်ကလည်း ပရီးမီးယားလိဂ်ပွဲ မနိုင်တာ အတော် ကြာခဲ့တယ်။
ယာယီနည်းပြ မိုက်ကယ် စကူဘာလာ က ပြီးခဲ့တဲ့ကြားရက်က အိုးထရက်ဖို့ဒ်မှာ တစ်မှတ် ရအောင် ယူခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲ မတိုင်ခင် လိဒ်စ်က မန်နေဂျာသစ် ခန့်အပ်သွားနိုင်ပါတယ်။ ကြားရက်က ပွဲမှာ ယူနိုက်တက် ဆီက သူတို့ ဘာမှ မရနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် အဆုံးမှာ သရေ တစ်မှတ် ရအောင် ယူသွားနိုင်ခဲ့တယ်။
ဒီပွဲက ခန့်မှန်းရ အတော်ကို ခက်သွားပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိစ္စ အတော် များများက unknowns ဖြစ်နေတယ်၊ ဘာမဆို ဖြစ်သွားနိုင်တယ်။ နည်းပြ စကူဘာလာ ဆက် ရှိနေနေ၊ မနေနေ ဘယ်အသင်းမဆို နိုင်သွား နိုင်နေတယ်။
ကျနော်က လိဒ်စ်ဘက်က ရှိချင်တယ်။ သူတို့မှာ ကစားသမားကောင်းတွေ အများကြီး ရှိနေတယ်။ မိနစ် ၉ဝ အတွင်း ဘယ်လို ခက်ခဲမှုတွေမဆို တောင့်ခံပြီး လုပ်ပြသွားနိုင်တယ်။ သူတို့ ပရိသတ်တွေကလည်း ခြားနားမှု ဖြစ်သွားစေနိုင်တယ်။ အယ်လန်းရုဒ်က လုံးဝ အသက်ဝင် လှုပ်ရှားနေမှာပါ။
လိဒ်စ် ရဲ့ အားနည်းချက်တွေကိုလည်း ဒီပွဲမှာ မြင်ကောင်း မြင်ရနိုင်တယ်။ သူတို့ ခံစစ်လိုင်းကို ကျနော်လည်း မယံနိုင်ဘူး။ ဒီတော့ မန်ချက်စတာ ယူနိုက်တက်ကလည်း ဂိုးသွင်းပါလိမ့်မယ်။ ဒါပေမယ့် ပရိသတ်ထုကြီးက သူတို့ အသင်းကို နိုင်အောင် ကူညီသွားနိုင်မယ်လို့ ထင်တယ်။ ” လို့ ဆက်တန်က ဆိုထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ လိဒ်စ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီခွဲမှာ ဖြစ်ပါတယ်။