ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ လီဗာပူးအသင်းနဲ့ အဲဗာတန် တို့ အန်းဖီးမှာ ထိပ်တိုက် တွေ့ကြမယ့် မာဆေးဆိုဒ် ဒါဘီ ပွဲကြီးပွဲကောင်း ရှိနေပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်၊ အင်္ဂါနေ့ နံနက် ၂း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် က လီဗာပူး – အဲဗာတန်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” လီဗာပူးရဲ့ ဒီရာသီ ဆိုးဝါးနေတဲ့ ခြေစွမ်းက သူတို့ ပွဲတွေကို ခန့်မှန်းရ ခက်စေပါတယ်။ အရင်က အန်းဖီးမှာ ကစားတဲ့ ပွဲတွေဆို သူတို့ဘက်က နေလေ့ ရှိပေမယ့် အခု အဲဒီလို မရတော့ပါဘူး။

အဲဗာတန်ကလည်း ခန့်မှန်းရ ခက်တဲ့အသင်း ဖြစ်နေတယ်။ ပြီးခဲ့တဲ့ အာဆင်နယ်ကို နိုင်တဲ့ ပွဲမှာ သူတို့ ခြေစွမ်းက မယုံနိုင်စရာ ကောင်းခဲ့တယ်။ အရင်ကထက် စာရင် အများကြီးကို တိုးတက်လာခဲ့တာ။ ဒါပေမယ့် ဒါက ဆမ်ဒိုက် အောက်မှာ တစ်ပွဲပဲ ရှိပါသေးတယ်။

အဲဒီ ခြေစွမ်းကို သူတို့ ဘယ်လို ဆက်ထိန်းမလဲ ဆိုတာ ကျနေ်ာတော့ မတွေးတက်အောင်ပဲ။ လီဗာပူးကလည်း ခြေစွမ်း အတော်ကို ညံ့ဖျင်းနေပြီး အတော်လည်း ကြာနေပါပြီ။ ဒီတော့ အံ့အားသင့်စရာတွေ လုပ်ပြမှာထက် သူတို့ ညံ့ဖျင်းတဲ့ ခြေစွမ်းပဲ မြင်ရဖို့ ကျနော်တော့ မျှော်လင့်ထားတယ်။

ဒါက ကျနော် တစ်ယောက်တည်းတင် မဟုတ်ဘူး။ BBC Radio က ကျနော့် လုပ်ဖော်ကိုင်ဘက်တွေကလည်း ပြောတယ်။ လီဗာပူးက လက်ရှိ ပရီးမီးယားလိဂ်မှာ အဆိုးဆုံး အသင်း ဖြစ်နေပါတယ်။

စွမ်းဆောင်ရည် ဆိုးတွေက များသောအားဖြင့် ဒါဘီပွဲတွေမှာ ပျောက်သွားလေ့ ရှိတတ်တယ်။ လီဗာပူး ပရိသတ် တွေကတော့ ဒီပွဲမှာ အဲဒီလို ဖြစ်ဖို့ အသည်းအသန် မျှော်လင့်နေပါလိမ့်မယ်။

အဲဗာတန်က စုဖွဲ့မှုကောင်းပြီး ဆာလောင်တဲ့ စိတ်နဲ့ ဆန္ဒတွေ အာဆင်နယ်နဲ့ ပွဲမှာ ပြသခဲ့တယ်။ ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့တယ်။ အဲဒီလို ခွန်အားနဲ့သာ ထပ် ကစားနိုင်ရင် ဒီပွဲ သူတို့ ဂိုးတွေ သွင်းဦးမှာပဲ။

ယာဂင်ကလော့ပ် အသင်းက တိုက်စစ်လိုက်ရင် အမြဲ အန္တရယ်ပေးနိုင်တဲ့ အသင်းပါ။ လောလောဆယ်မှာတော့ အဲဗာတန်ရဲ့ နောက်ဆုံးပွဲက စွမ်းဆောင်ရည်ရယ်၊ လီဗာပူး ကာလရှည် ပြသနေတဲ့ ခြေစွမ်းတွေ အရရယ်ကြောင့် အန်းဖီးမှာ ဖြစ်ပေမယ့် ကျနော်ကတော့ ဆမ်ဒိုက်ဘက်က ရှိရမှာပဲ။

သူ့ရဲ့ နောက်ဆုံးပွဲ ဒီလာ ကစားတုန်းကလည်း နိုင်ပွဲရမယ် မထင်ခဲ့ဘူး။ ဘန်လေနဲ့ ၂၀၂၁ တုန်းက အန်းဖီးမှာ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ၆၈ ပွဲ ဆက် အိမ်ကွင်း ရှုံးပွဲ မရှိ မှတ်တမ်းကို သူ ရပ်တန့်ခဲ့တာပါ။ အခြေအနေတွေက ခုတော့ အတော် ကွာခြားနေပြီ။

လက်ရှိမှာ လီဗာပူးက အခြေအနေတွေကို လုံးဝ ပြောင်းပစ်နိုင်တယ်လို့ ယုံကြည်လောက်စရာ ဘာ အကြောင်းမှကို မရှိဘူး ဖြစ်နေတယ်။ လက်ရှိ ကစားနေပုံကနေ ပိုကောင်းလာစရာကို မမြင်သေးဘူး။ ဒီတော့ သူတို့ ဒီပွဲ နိုင်မယ်လို့ ရပ်တည်ချင်တဲ့သူကော ရှိပါဦးမလား ? ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၁-၂ အဲဗာတန် ဖြစ်ပါတယ်။