မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ယူရိုပါလိဂ် ပွဲ အဖြစ် နူးကမ့်မှာ ဘာစီလိုနာကို သွားရောက် ရင်ဆိုင်ခဲ့ရာ ၂-၂ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
လာလီဂါမှာ ဆရာကြီး ပြန်ဖြစ်နေတဲ့ ဘာစီလိုနာကို အခုလို သရေ ကစားခဲ့တဲ့ အပေါ် သရဲနီဟောင်းကြီး ပေါစခိုးလ်ကတော့ အားရနေပြီး ယူနိုက်တက်က ဒီရာသီ ဖလား လေးလုံး ယူဖို့ထိ ရည်မှန်းထားစေချင်နေပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၂-၂၃ ဘောလုံး ရာသီမှာ ပြိုင်ပွဲ လေးရပ်လုံးမှာ ဆက်ရှိနေသေးပြီး ဗိုလ်စွဲနိုင်ခြေတွေလည်း ပြိုင်ပွဲ အားလုံးမှာ ပိုင်ဆိုင်ထားတာပါ။
ပေါစခိုးလ်ကတော့ နည်းပြ တန်ဟက်နဲ့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပွဲစဉ်တိုင်း၊ ပြိုင်ပွဲတိုင်း အတွက် အားထုတ် သွားစေလိုနေပြီး ဖလားလေးလုံး စကားလုံး သုံးကာ တွန်းအားပေးလိုက်ပါတယ်။
” ယူနိုက်တက်ရဲ့ ဖလားလေးလုံး အခွင့်အရေးက အခုထိ ရှိနေဆဲနော်။ ဘာမှ တွေးမနေနဲ့၊ ပွဲတိုင်းက ပွဲကြီးပွဲကောင်းပဲ။ ” လို့ စခိုးလ်က ညက ပွဲ အပြီးမှာ အခိုင်အမာ ပြောဆိုခဲ့လိုက်ပါတယ်။
စခိုးလ်နဲ့ အတူ သုံးသပ်နေတဲ့ Presenter ဂျူးလပ်စ် ဘရိချ်က ” ခင်ဗျား ဟာသလုပ်နေတာ မဟုတ်ဘူး မလား။ ” လို့ မေးခွန်းထုတ်ခဲ့ပြီး သရဲနီဟောင်းကြီးကလည်း ” နိုး၊ ကျနော် ဟာသ လုပ်နေတာ မဟုတ်ဘူး၊ အတည် ပြောနေတာ။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒုတိယ အကျော့ကို အိုးထရက်ဖို့ဒ်ကွင်းမှာ ဘာစီလိုနာ အသင်းအား ဧည့်ခံမှာ ဖြစ်ပြီး ၁၆ သင်း အဆင့်သို့ တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် မှာ ဗိုလ်စွဲနိုင်ခြေ ရှိနေသေးတဲ့ အပြင် ယူရိုပါလိဂ်၊ အက်ဖ်အေဖလားတို့မှာ ယှဉ်ပြိုင်နေဆဲပါ။ ပြည်တွင်း လိဂ်ဖလား တစ်လုံး ဖြစ်တဲ့ ကာရာဘောင်းဖလားမှာလည်း ဗိုလ်လုပွဲထိ ရောက်ထားပြီး နယူးကာဆယ်နဲ့ ဖလားလုဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။