တစ်နှစ်ကြိုပြီး လီဗာပူးအသင်း အရ ခေါ်မယ် စီစဉ် ပစ်မှတ်ထားခဲ့တဲ့ ဘယ်လင်ဟမ် ကို လာမယ့်နွေမှာ မခေါ်တော့ဘူးလို့ လီဗာပူး နောက်ဆုတ်သွားတဲ့ အပေါ် နည်းပြ ကလော့ပ်အား ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

ဘယ်လင်ဟမ်ကို ခေါ်မှာကြောင့် နွေမှာ ကွင်းလယ်ကောင်း မဖြည့်ခံတဲ့ လီဗာပူးဟာ ဒီရာသီကုန်ခါနီးချိန်မှာကျ ပေါင် သန်း ၁၃ဝ လောက် ပေးရမယ့် ဘယ်လင်ဟမ်ကို မခေါ်တော့ဘူး လုပ်လာတာကြောင့် ပရိသတ်တွေရဲ့ ငြိုငြင်မှုကလည်း ကြီးထွားလာနေပါတယ်။

ဘယ်လင်ဟမ် အကြောင်း မေးခွန်းတွေ အပေါ် လီဗာပူး နည်းပြ ကလော့ပ်က ခုလို ဖြေကြားလာခဲ့ပါတယ်။

“ ကျနော် အခုပြောနေတာက ဘယ်လင်ဟမ်အကြောင်း မဟုတ်ဘူးနော်။ သီအိုရီပိုင်း အရ မဖြစ်နိုင်တဲ့ ဒီကိစ္စကို ဘာလို့များ လူတွေက ထပ်ဖန်တလဲလဲ ပြောနေကြမှန်း နားမလည်တော့ပါဘူး။ ဥပမာအားဖြင့် တစ်ယောက်ကို သန်း ၁၀၀ လောက်တန်တဲ့ ကစားသမား ၆ ယောက်လောက်ကို ကျနော်တို့ မခေါ်နိုင်ပါဘူး။

ကိုယ်က ဘာလုပ်နိုင်တယ်ဆိုတဲ့ အပေါ် အဖြေရှာပြီး အဲ့အပေါ် အခြေခံပြီး အလုပ်လုပ်ရမှာပါ။ ကျနော်တို့က ကလေးတွေလည်း မဟုတ်ဘူး။ ၅ နှစ်သား ကလေးက ခရစ္စမတ်မှာ ဖယ်ရာရီ တစ်စီး ဝယ်ပေးပါလို့ ပူဆာခဲ့ရင် သိပ်ကောင်းတဲ့ ဆုတောင်းပဲလို့ ပြောလို့မှ မရတာပဲ။

သိပ်ကို တန်ဖိုးကြီးတဲ့ ကားတစ်စီးဖြစ်သလို ဒီကလေးက မောင်းနိုင်မှာလည်း မဟုတ်ပါဘူး။ အဲ့တာကိုမှ ဖယ်ရာရီ တစ်စီး မရလို့ဆိုပြီး အဲ့ဒီ ကလေးငယ် သူ့ဘဝ တစ်လျှောက်လုံး မပျော်နိုင်ဘူးဆိုရင်တော့ သိပ်ကို ဝမ်းနည်းစရာ ဇာတ်လမ်း ဖြစ်သွားပါပြီ။

ကျနော်တို့က ကိုယ်လိုချင်တာနဲ့ လိုအပ်တာကို ရဖို့ အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခိုက်အတန်မှာ ကိုယ့်အတွက် မဖြစ်နိုင်တဲ့ ကိစ္စကို လက်ခံဖို့ လိုပါတယ်။ ဘေးထွက်ပြီး အခြားသော ကိစ္စတွေကိုပဲ လုပ်ရမှာပါ ” လို့ ကလော့ပ် က ဆိုခဲ့ပါတယ်။

ကလော့ပ်က ဘယ်လင်ဟမ်အကြောင်း ပြောနေတာ မဟုတ်ဘူးလို့ စကားခံကာ ဆိုပေမယ့် ဒေါ့မွန်ကြယ်ပွင့်ကို ခေါ်ဖို့ ငွေမတတ်နိုင်တာကြောင့် အခြားသူတွေကိုပဲ ရွေးချယ်ရတော့မယ့် သဘောကို ဆိုလိုခဲ့တာ ဖြစ်ပါတယ်။