ဒီအပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းဟာ ဘရိုက်တန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ ဘရစ်ချ်မှာ ဧည်ခံ ရမှာပါ။ ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ချယ်ဆီးနဲ့ ဘရိုက်တန်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ပြီးခဲ့တဲ့ ကြားရက် က ချယ်ဆီးပွဲမှာ ကျနော် ဘီဘီစီ ရေဒီယိုအစီအစဉ်နဲ့ အတူ မက်ဒရစ်မှာ ရှိနေခဲ့ပါတယ်။ ချယ်ဆီးက အခုဆို နောက်ဆုံး ကစားထားတဲ့ ၄ ပွဲ ဂိုး မသွင်းနိုင်ခဲ့ပါဘူး။ သူတို့ ဂိုးမိုးခေါင်မှုက နာရီနဲ့ တွက်ရင် ၆ နာရီ ကျော်လာပါပြီ။
ဘရိုက်တန် ကစားပုံက တချို့နေရာကနေ ချယ်ဆီးနဲ့ အံကိုက် ဖြစ်နေနိုင်ပါတယ်။ ရီးရဲလ်နဲ့ ပွဲမှာ ချယ်ဆီးက ကောင်တာ တိုက်စစ်ကနေ အခွင့်အရေးတချို့ အစောပိုင်းမှာ ရခဲ့တယ်။ ဒါပေမယ့် ဒီတပတ်မှာ ဖရန့်လမ်းပတ်က ဘယ်လို ဗျူဟာ ခင်းလာမလဲတော့ ကျနော်လည်း တကယ် မသိဘူး။
လမ်းပတ်က သူ့ရဲ့ ပွဲဦးထွက် ဝုဗ်နဲ့ ပွဲမှာ လေးယောက် ခံစစ်တန်း သုံးခဲ့ပြီး ချန်ပီယံလိဂ်မှာ ၃ ယောက်တန်း ပြန်ဖြစ်သွားတယ်။
ဘယ်လိုပဲ ဗျူဟာ ပြောင်းပြောင်း ဂိုးလည်း မသွင်းနိုင်သလို အလုပ်လည်း မဖြစ်သေးဘူး။ လမ်းပတ် ကို ခန့်တာက ယာယီပဲ၊ ရာသီကုန်ထိပဲ လို့ လူတိုင်းက မြင်တာပါ။ ဒါပေမယ့် သူသာ သေချာ ကောင်းကောင်း လုပ်နိုင်ရင် အတည် ခန့်တဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့ တာထွက်ကတော့ အဆိုးဆုံး ဖြစ်နေပြီ။
ရလဒ်ကောင်း တချို့ သူ မြန်မြန် ရဖို့ လိုနေပါပြီ။ အခြေအနေတွေ ချယ်ဆီးမှာ ပြောင်းလဲ နိုင်ဖို့ လိုပြီး ဒီပွဲက အတော် ခက်ခဲနိုင်ပါတယ်။ ဘရိုက်တန် က ပြီးခဲ့တဲ့ အပတ် တော့တင်ဟမ်ကို အရေးနိမ့်ခဲ့ရာကနေ ပြန်လာဖို့ လုပ်မှာပါ။
စင်ရော်တွေက ကစားပုံ တစ်မျိုးပဲ သုံးတယ်၊ သိပ်ကြည့်လို့ ကောင်းတဲ့ အသင်းပါ။ စပါးနဲ့ ပွဲမှာ ဘရိုက်တန်က ပိုကောင်းတဲ့ ရလဒ် ရခဲ့သင့်တယ်။ ဒီတပတ်မှာတော့ သူတို့ ရလဒ်ကောင်း ရသွားမယ်လို့ ကျနော် ခံစားမိနေတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၁-၂ ဘရိုက်တန် ဖြစ်ပါတယ်။